🖤 ဘဝအမှောင်🖤

📓📓📓📓📓📝မိုးမိုး(အင်းလျား)📝

(၂)

" မြိုင် မနေ့ကဖျော်ပေးတဲ့ လက်ဖက်ရည်လေးက သိပ်ကောင်းတာကွယ်၊ အဲဒီလို ခပ်ကျကျလေးမှ ကိုကြီးက ကြိုက်တာ၊ မြိုင့်ကြီးကြီးမေကော ဘယ်သွားလဲ "

" ချောင်းဖျားကို ကြွေးတောင်းရအောင် သွားပါတယ် "

" အင်း၊ မြိုင့်ကြီးကြီးမေကတော့ စီးပွားရေးကို တကယ်ကြိုးစားတာပဲ၊ မြိုင်တို့ကိုလည်း ချစ်ရှာပါတယ်၊ ဒါထက် မြိုင့်ဖေဖေနဲ့မေမေက ငယ်ငယ်ကတည်းက ဆုံးသွားတယ်ဆို "


" ဟုတ်ကဲ့ "


" ကြီးကြီးမေကလဲ မြိုင့်အပေါ် စေတနာကောင်းရှာတယ်နော်၊ ဒါထက် မြိုင် အိမ်ထောင်ပြုဖို့ စိတ်မကူးသေးဘူးလား "


ရုတ်တရက်မေးလိုက်သော သူ့အမေးကြောင့် ကျွန်မ ဘာပြန်ဖြေရမည်မသိ ဖြစ်သွားသည်။


" ဟို .. ဟို... မြိုင် လုပ်စရာရှိသေးလို့၊ ခဏ ခဏနော် "


အမှန်အတိုင်းဆိုရလျှင် ကျွန်မ၏ရင်သည် လှုပ်ရှားခဲ့ရပါသည်။ ချစ်ပါသည်၊ ကြိုက်ပါသည်၊ လက်ထပ်ပါရစေဟူသော စကားမျိုးလည်း မကြားရပါဘဲလျက် အရိပ်အယောင်မျှသော စကားသည်ပင် ကျွန်မရင်ကို အတိုင်းမသိ ခုန်စေပါသည်။ တကယ်တော့ ကျွန်မဘဝဝယ် မည်သည့်အချစ်မျိုးကိုမျှ မခံစားခဲ့ရဖူးသေး၍သာ ဖြစ်ပေမည်။ ချစ်ခြင်းမေတ္တာကို တောင့်တခဲ့မိသည်မှာတော့ အမှန်ပင်။ သို့သော် အချစ်ကို လုယူသည့် အပြုအမူမျိုးကိုတော့ ကျွန်မ လုံးဝ မလိုလားပါ။


ကျွန်မ တစ်သက်တာဝယ် မမေ့နိုင်သောနေ့ သုံးနေ့ရှိခဲ့ပါသည်။ ကျွန်မ၏ချစ်လှစွာသော အဘိုး သေဆုံးသည့်နေ့၊ ကျွန်မကို ကြီးကြီးမေက သူနှင့်အတူနေရန် လာခေါ်သောနေ့၊ နောက်တစ်နေ့သည်ကား .... ။


ထိုနေ့က အိမ်တွင် ကျွန်မတစ်ယောက်တည်း ရှိသည်။ ကြီးကြီးမေသည် လှကြင်ကို အပြင်မခေါ်စဖူး ခေါ်သွားပေသည်။ လှကြင်မှာ ဝတ်ကောင်းစားလှနှင့် အပြင်ထွက်ရမည်ဖြစ်၍ အားရဝမ်းသာဖြင့် ကောက်ကာငင်ကာ လိုက်သွားရှာသည်။


" ကြီးကြီးမေက လှကြင်ကို ပဲခူးစျေးထဲ ခေါ်သွားမယ်တဲ့၊ အင်္ကျီစ ဝယ်ပေးမလို့တဲ့၊ လှကြင် ညနေ ထမင်းချက်အမီ ပြန်လာမယ် သိလား "


" သွားသာ သွားစမ်းပါ လှကြင်ရယ်၊ မြိုင် ချက်ထားလိုက်ပါ့မယ်၊ နောက်ဆံမတင်းပါနဲ့ "


လှကြင်မရှိဘဲ တစ်ယောက်တည်းနေရသည်မှာ ရင်ထဲတွင် ဟာနေသည်။ ဧည့်သည်တစ်ယောက်ယောက် လာရင်လည်း ကောင်းသား။ တစ်ယောက်ယောက်ဆိုမှ တစ်ယောက်ကို ကျွန်မ တွေးလိုက်မိ၏။ ဦးလှမောင်မလာသည်မှာ ကြာပြီတည်း။ နေများ မကောင်း၍လား၊ ဘာများဖြစ်နေသလဲ၊ ကျွန်မတွေးနေမိ၏။ တစ်နေ့ကပင် သူ့အကြောင်းကို ကြီးကြီးမေက ပြောနေသေးသည်။ သူ့မိန်းမဆုံးပြီးကတည်းက တစ်ယောက်တည်း ခြေသလုံးအိမ်တိုင်နေသည်။ ပစ္စည်း စုပြီးဆောင်းပြီးရှိသည်။ နောက်ထပ် လက်ထပ်ရန် စိတ်တိုင်းကျမိန်းမ မတွေ့သေး စသည်ဖြင့် ဖြစ်၏။ ကြီးကြီးမေက ဘာကို ရည်ရွယ်ပြီးပြောသည် မသိရသော်လည်း ကျွန်မကမူ မလုံမလဲ ဖြစ်လိုက်မိသေးသည်။


အတွေးထဲမှလူကို အပြင်တွင် ရုတ်တရက် မြင်လိုက်ရသောအခါ ကျွန်မ လန့်ဖျန့်၍ပင် သွားမိသည်။


" ဘာတွေများ ဒီလောက် တွေးနေ ငေးနေတာလဲ မြိုင်၊ ကိုကြီး ဝင်လာတာတောင် မသိရအောင် "


ကျွန်မက ဘာမှမပြောဘဲ ရှက်ရယ် ရယ်လိုက်မိ၏။


" အိမ်မှာ ဘယ်သူမှ မရှိဘူးလား "


သူ့မေးခွန်းသည် အဖြေကို သိပြီးမှ မေးသည်နှင့် တူလှသည်။ အခါတိုင်း လှကြင် နောက်ဖေးမှာရှိတတ်သည်ကို သူသိပေသည်။ ကျွန်မသည် ခုမှပင် တစ်စုံတစ်ရာကို တွေးမိပြီး အကြီးအကျယ် တုန်လှုပ်သွား၏။ ကျွန်မက ရုတ်တရက် နေရာမှထသည်။ အိမ်ရှေ့သို့ထွက်ရန် အားယူသည်။


" ဘယ်မှ မသွားပါနဲ့ မြိုင်၊ ကိုကြီး မြိုင့်ကို စကားပြောချင်လို့ "


သူ၏ သန်မာသောလက်များအတွင်းမှ ကျွန်မ ရုန်းမထွက်နိုင်ခဲ့ပါ။ မလှုပ်ရှားတတ်သော အရုပ်တစ်ခုပမာ သူစေစားရာ ကျွန်မ လိုက်ပါခဲ့မိသည်။ သူသည် ကျွန်မ၏ဘဝကို တစ်ခဏအတွင်း ပြောင်းလဲပေးလိုက်လေသည်။ အကြင်နာ၊ အယုယ၊ အချစ်၊ ထိုအရာများသည် ကျွန်မ အလိုလားဆုံးအရာများ ဖြစ်ခဲ့ပါသည်။ ကျွန်မဘဝတွင် မိဘ၏အချစ်ကို ဆုံးရှုံးခဲ့ရပြီးသည့်နောက်တွင် ငတ်မွတ်တောင့်တခဲ့ရသော အရာများဖြစ်ပါသည်။ ယခုအခါ ကျွန်မလိုချင်သည့်အရာများ ရပါပြီ။ ကျွန်မချစ်သော အစ်ကိုကြီးဆီက ရပါသည်။ သို့တိုင် ကြီးကြီးမေက ကိုကြီးနှင့်လက်ထပ်ရန် နားချသောအခါ ကျွန်မ ငိုမိသေးသည်။ ကိုကြီးကို ကျွန်မချစ်သော်လည်း မယုံပါ။ တစ်နေ့ကျလျှင် ကျွန်မကို ပစ်ထားခဲ့မည်ဟုပင် ထင်နေပါသည်။ ကျွန်မသည် လူ့ဘဝ၏ အကွေ့အကောက်၊ အနိမ့်အမြင့်ရှိတတ်သော သဘောကို ရိပ်စားမိတတ်လာပါပြီ။


ကျွန်မတို့သည် ကြီးကြီးမေ၏အစီအစဉ်ဖြင့် အကျဉ်းရုံး လက်ထပ်လိုက်ကြသည်။ ကိုကြီးသည်လည်း ပဲခူးနှင့်သနပ္ပင် ကူးကာသန်းကာနှင့် အလုပ်ရှုပ်နေတော့သည်။ သူ့ခမျာ ကျွန်မကိုခေါ်ရန် ပဲခူးတွင် အိမ်ရှာရ၊ အစီအစဉ်လုပ်ရနှင့် မအားရပါပေ။ တစ်ခါတရံ ညနေဘက်မှ ကသောကမျော ရောက်လာတတ်ပြီး မနက်စောစော ကပျာကယာ ပြန်သွားတတ်ပြန်လေသည်။


" ကိုကြီးကြည့်ရတာ သိပ်ပင်ပန်းသလိုပဲ၊ မြိုင် ဖြစ်သလိုနေတတ်ပါတယ် ကိုကြီးရယ်၊ သိပ်ပြီး ပြည့်ပြည့်စုံစုံရှိမှရယ် မဟုတ်ပါဘူး "


" ဒီလိုလဲ ဘယ်ဟုတ်မလဲမြိုင်၊ မြိုင့်အတွက် ကိုကြီး အစီအစဉ်တွေ လုပ်နေတယ်၊ မြိုင့်ကို ကိုကြီး သနားတယ် "


" ကိုကြီးတစ်ယောက်တည်း ပင်ပန်းနေရင် မြိုင်လဲ လိုက်ကူမယ်လေ "


" အို နေပါစေ မြိုင်ရယ်၊ မြိုင် ဒီမှာပဲ အေးအေးဆေးဆေး နေပါဦး၊ နောက်တော့ ကိုကြီး ခေါ်ပါ့မယ်ကွယ် နော် "


တကယ်တော့ ကျွန်မရင်ထဲမှ " ကိုကြီးကိုလဲ မခွဲနိုင်တော့ဘူး။ မြိုင့်ကို တစ်ခါတည်း ခေါ်သွားပါနော်၊ မခေါ်နိုင်ရင်လဲ ကိုကြီးပါ ဒီမှာ အတူနေပါတော့၊ မြိုင့်ကို ပစ်မထားခဲ့ပါနဲ့ ကိုကြီးရယ် "ဟု ပြောလိုက်ချင်ပါသည်။


သည်လိုနှင့်ပင် ကျွန်မတို့လက်ထပ်ပြီးသည်မှာ ၅ လမျှ တိုင်ခဲ့သည်။ ကိုကြီးသည်လည်း သနပ္ပင်နှင့်ပဲခူးကို အိမ်ဦးနှင့်ကြမ်းပြင်ပမာ ကူးနေတော့သည်။ ကျွန်မသာ တဖြည်းဖြည်း စိတ်မောလာရ၏။ ကိုကြီးကိုလည်း ဘာမှ မပြောတော့။ ကြီးကြီးမေကလည်း ကျွန်မကို ကိုကြီးနှင့် လိုက်သွားစေချင်ပုံမရပေ။ တစ်မြို့တစ်ရွာမှာ မျက်နှာငယ်နေမည်ဟု ဆိုသည်။ တကယ်တော့ ကြီးကြီးမေကိုယ်တိုင်လည်း ပဲခူးမြို့ပေါ် မကြာခဏ သွားနေသည်ဖြစ်၍ မကြာခဏ တွေ့နိုင်သည်။ ပြီး ကျွန်မဘဝဝယ် ကိုယ်ပိုင်အိုးအိမ်နှင့် တင့်တင့်တယ်တယ် နေချင်လှပြီ၊ အိမ်ရှင်မတစ်ယောက်၏ဘဝကို ပြည့်ပြည့်ဝဝပင် ခံယူလိုက်ချင်ပါပြီ။

လှကြင်ကမူ ကျွန်မ ထိုသို့ အထုပ်တပြင်ပြင်ဖြစ်နေသည်ကို မကျေမနပ်ဖြစ်နေသည်။

" မမမြိုင်က လှကြင်ကို မချစ်ဘူး "

ထိုသို့ပြောရင်း လှကြင် မျက်ရည်ဝဲတတ်သည်။ ကျွန်မမှာတော့ မရေရာလှသော ကျွန်မဘဝအတွက် တိတ်တခိုး ငိုရပေါင်း များပေပြီ။

- ဆက်ရန်