သိပ်ကိုခက်ခဲကျပ်တည်းလာလေ ချစ်ခြင်းမေတ္တာကို ပိုလိုအပ်လာလေပဲ ။
ချစ်ခြင်းမေတ္တာကို ဘယ်လောက်ထိလိုအပ်သလဲလို့ ကျမကိုမေးလာခဲ့ရင် ဒီလောက်ထိ ဒီလောက်ထိ လို့ တစ်လှမ်းချင်းတိုးပြီး ရသလောက်ဆွဲခေါ်သွားမယ့် လူမျိုးပဲ ။
ဒီလိုဆိုပေမဲ့ အချိန်တိုင်း ချစ်ခြင်းမေတ္တာကို လိုအပ်နေတဲ့လူမျိုးလည်း မဟုတ်ပြန်ဘူး ။
ကျမ ရွေ့လျားသွားတဲ့လမ်းကြောင်းအလိုက် လိုတဲ့နေရာမှာ လိုသလောက် ရနေချင်တာမျိုးပါ ။
အဝေးပြေးလမ်းမတွေလို ဖြတ်သန်းသွားတဲ့အရာမှန်သမျှအပေါ် အကြောတင်းနိုင်တဲ့စွမ်းရည်မျိုး မရှိသေးတော့ ကျမကို ချစ်ခြင်းမေတ္တာ လိုအပ်သလားလို့ မေးလာခဲ့ရင် လိုအပ်တယ်လို့ ဖြေနေရမှာအုံးမှာ ။
ငယ်ဘဝတစ်လျှောက်လုံး ငှက်တွေကိုအားကျနေခဲ့တာ အခုချိန်ပြန်တွေးကြည့်တော့လည်း ဘာမှ မဟုတ်တော့သလိုပဲ ။
အဲဒီအစား ဆိပ်ကမ်းတစ်ခုခုဖြစ်ဖြစ် ၊ အဝေးပြေးလမ်းမဖြစ်ဖြစ် ဖြစ်ကြည့်ခဲ့ဖို့ ကောင်းတယ် ။
သူတို့မှာ အသည်းနှလုံးမှ မရှိဘဲ ။
သူတို့ဆီ ဆိုက်ရောက်လာသမျှအပေါ် အနှောင်အတွယ်မဲ့ အကြောတင်းနိုင်ပုံက ကျမကို သိမ်ငယ်စေတယ် ။
သိမ်ငယ်တာကို သိုဝှက်ပြီး အဆင်ပြေသလိုနေထိုင်နေရတာ လူ့ဘဝဖြစ်မယ်ထင်တယ် ။
ဒါတွေကြုံဖူးပါတယ်လို့ မျက်နှာကို မာန်ချီချီထားပြောပြီး ကွယ်ရာကျမှ ဟိုနားနာ ဒီနားနာ တာလေးတွေကို ကျောသပ်ရင်သပ် လုပ်နေရတာမျိုးတွေက အခုထိ မကုန်ခမ်းနိုင်သေးဘူး ။
လူ့ဘဝရဲ့ တို့ထိကလူကျီတာတွေကို ပြုံးပြုံးလေးနေနိုင်ဖို့ထိ ကျမ မရင့်ကျက်သေးဘူး ။
#မြကျေး
ဩဂုတ် ၃ ၊ ၂၀၂၁


Only You
Delete Comment
Are you sure that you want to delete this comment?