တို့ ဝေးကွာသွားတဲ့အခါ
_______________________

ဝေးကွာသွားတဲ့အခါ
ခွဲခွာရာ လမ်းပေါ်မှာ
မင်းအိပ်မက်တွေ ဖြောင့်ဖြူးပါစေ
မင်းစိတ်ကူးတွေ မွှေးပျံ့ပါစေ
တို့ ဝေးသွားရမှာ မြန်လွန်းပေမယ့်

ဝေးကွာသွားတဲ့အခါ
စက္ကန့်တိုင်းဟာ ဒဏ်ရာပေါ့
အသက်ရှူလိုက်တိုင်းဟာ ဒဏ်ရာပေါ့
ရှင်သန်မှုတိုင်း ဝေဒနာ ဖြစ်နေရဦးမယ်

ဝေးကွာသွားတဲ့အခါ
အချစ်က အချိန်ကို စားနေဦးမယ်
အချိန်က လူကို စားလိမ့်ဦးမယ်
ပါးလျ လိုက်လာတဲ့ မျှော်လင့်ခြင်းတွေလဲ
လောင်ကျွမ်း နာကျင် နေကြလိမ့်ဦးမယ်

ဝေးကွာသွားတဲ့အခါ
တိမ်တွေ မရှိတဲ့ ကောင်းကင်ပြာပြာထဲ
ငှက်တွေရဲ့တေးဆိုသံလဲ မရှိတော့
နီကျင့်ကျင့် ဗာဒံရွက်တွေ
သစ်ကိုင်းဆီ မျှော်ကြည့်သလိုမျိုး
ပြန်ဆက်စရာ ကံကြမ္မာလဲ မရှိတော့

ဝေးကွာသွားတဲ့အခါ
နှလုံးသား နှစ်ခုမှာ
တခုပဲ အထီးကျန်နေခဲ့သတဲ့
နေ့ ရက် များ စွာ ၊၊ ၊၊



.

image