တနင်္ဂနွေစိတ်ကူး
ပက်လက်ကုလားထိုင်လေးမှာ အဖေကထိုင်၊ အဖေ့ခြေရင်းနားမှာ သမီးကလဲလျောင်းလို့ ကဗျာတွေအကြောင်း ပြောကြမယ်။
အဖေက ဒဂုန်တာရာကို ညွှန်းတဲ့အခါ သမီးက အောင်ချိမ့် ကို ကြွားမယ်။ သေချာတာက အဖေရော သမီးရော
ဇော်ဂျီရဲ့ဗေဒါကို ချစ်ခဲ့ကြ။
ခြံထဲမှာ ပန်းပင်သစ်တွေ ထပ်ထည့်မယ်။ ပန်းတွေစုံတော့ သိပ်လှမှာပဲလို့ သမီးပြောတော့ သစ်ရွက်တွေကို ပိုချစ်တယ်လို့ အဖေပြောတယ်။
ရွက်လှအသစ်တွေ ထပ်စိုက်ကြတာပေါ့။ စံပယ်တွေပွင့်ရင် အဖေ ခူးပေးမယ်။ သမီး ဘုရားမှာလှူပါ။
မိုးတဖြောက်ဖြောက်ဆို အဖေက မိုးစက်တင်လေနဲ့ သမီးက မိုးလေးဖွဲတုန်းနဲ့ ဝေးလွင့်သွားသူတွေ ကိုယ်စီရှိဖူးတာ တူတယ်။
အဖေ ယုံကြည်ရာတွေပြောတယ်၊ ကမ္ဘာဟာ လေးထောင့်စက်စက်တဲ့။
သမီး ယုံကြည်ရာတွေပြောတယ်၊ ကမ္ဘာဟာ မွှတ်မွှတ်ထလည်တဲ့အထိ လုံးဝန်းတယ်။
အဖေ့ပြတင်းပေါက်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်မှာ ကျန်ခဲ့ပြီ။ သမီးပြတင်းပေါက်က နှစ်ဆယ့်လေးနာရီလည်နေတဲ့နာရီ။
အဖေက ရေဒီယိုကလာတဲ့အသံနဲ့ စကားပြောတယ်။ သမီးက ယူကျုကနေ ဖမ်းယူနားဆင်တယ်။
အပြောင်းအလဲဟာ ထူးဆန်းတယ်ဆိုပေမဲ့ မနက်ဖြန်ကိုတော့ အဖေရော သမီးရော အပိုင်မရနိုင်သေး။
အဖေက သူ့ခေတ်မှာ မအောင်မြင်တဲ့ဆံပင်ရှည်တစ်ယောက်။ အဖေ့မှာ အဆင်မပြေမှုရှပ်ကော်လံကြီးနဲ့၊ ဆိုရှယ်လစ်စနစ်နဲ့၊ မိသားစုဆိုင်းဝိုင်းကြီးနဲ့ တဲ့။ သမီးမော့ကြည့်လိုက်တော့ သူရဲကောင်းကြီးနဲ့တူတယ်။
သမီးက သသမီးခေတ်မှာ အဆင်မပြေတိုင်း ဆံပင်ရှည်တွေညှပ်ပစ်တယ်။ သမီးမှာ အာဏာရှင်ခေတ်နဲ့၊ အဝိုင်းလည်နေတဲ့ ဆက်သွယ်ရေးစနစ်နဲ့၊ ကျောမှာအထုပ်အထည်တွေနဲ့။ အဖေငုံ့ကြည့်တော့ သူ့သမီးနဲ့တူတယ်တဲ့။
အဖေ့တစ်ကိုယ်လုံးမှာ အလေးလံဆုံးက ခြေဖနောင့်၊ သမီးတစ်ကိုယ်လုံးမှာ အလေးလံဆုံးက နှလုံးသား။
အဖေ ဖိခြေပေးနေရတဲ့ အစိုင်အခဲတွေများတော့ ခြေဖနောင့်တွေတောင် ကွဲအက်နေပြီ။ သမီးနှလုံးသားက အခုထိ မကျန်းမမာဖြစ်နေတုန်း။
သားအဖဆိုတာ အဲဒီလိုပဲတဲ့ အသားမာတွေကိုခွာရင်း ပြောတယ်။
အဖေ ပေါ့ပေါ့ပါးပါးလွင့်ပါစေ၊
သမီးလည်း ရေတံခွန်လို စီးပါစေ။
- မြကျေး -
ဂျူလိုင် ၁၁ ၊ ၂၀၂၁

