အကယ်၍ ကျမတို့ ပြန်ဆုံဖြစ်ကြရင်....
အဲဒီနေ့မှာ ကောင်းကင်ကြည်လင်သည်ဖြစ်စေ၊ မကြည်လင်သည်ဖြစ်စေ တွေ့ကြမယ်။
ကျမ မချစ်မနှစ်သက်တဲ့ မိုးသည်းသည်းတွေ မည်းနေပါစေ တွေ့ကြမယ်။
မခံနိုင်အောင် နေရောင်ပြင်းပြင်းတောက်နေပါစေ တွေ့ကြမယ်။
နှစ်ယောက်လုံး ငရဲကလွတ်လာသူတွေမို့ ဘယ်နတ်ဆိုးမှ တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး။
ကိုယ့်အမြစ်ဆီ ကိုယ်ပြန်လာကြတဲ့ သစ်ပင်တွေမို့ ဘယ်လိုရာသီဆိုးမျိုးမှတားနိုင်မှာမဟုတ်တော့ဘူး။
ကျမတို့ ပန်းတွေယူလာကြမယ်။
ကျမတို့ အင်းလျားကန်ဘောင်မှာ တွေ့ကြမယ်။
ကျမတို့ ရွှေတိဂုံတောင်ဘက်မုခ်မှာ တွေ့ကြမယ်။
ကျမတို့ ဦးထွန်းလင်းခြံလမ်းမှာ တွေ့ကြမယ်။
ကျမတို့ လောကနတ်မှာ တွေ့ကြမယ်။
ကျမတို့ လက်ဖက်ရည်သောက်မယ်။
ကျမတို့ ပဲနံပြားစားမယ်။
ကျမတို့ တစ်ယောက်သတင်းတစ်ယောက် မေးကြမယ်။
ကျမတို့ တစ်ယောက်နဲ့တစ်ယောက် လက်ချောင်းလေးတွေနဲ့ ထိတွေ့ကြည့်ကြမယ်။
မျက်လုံးက အနီးအဝေးမှန်သေးရဲ့လား။
နှာခေါင်းဖျားလေးက ဝင်လေထွက်လေ ခွဲခြားတတ်သေးလား။
နှုတ်ခမ်းက အနမ်းတွေကို မှတ်မိသေးရဲ့လား။
နားတွေ ၊ နားသပ်စပ်တွေ၊ ဆံပင်တွေ၊ မွှေးညှင်းပေါက်တွေရော သူတို့ကောင်းကောင်းကျန်းမာနေသေးရဲ့လား။
ကျမတို့ မျက်နှာချင်းဆိုင်ပြီး နှဖူးချင်းထိကပ်ထားမယ်။
ကျမတို့ တစ်ယောက်နဲ့တစ်ယောက် မဆုံးနိုင်အောင် လွမ်းကြမယ်။
တစ်ယောက်ကျောရိုးမကိုတစ်ယောက် ပွတ်သပ်ချော့မြူကြမယ်။
တစ်ယောက်ကိုယ်ထဲတစ်ယောက် ဖောက်ဝင်သွားတဲ့အထိ ဖက်ထားကြမယ်။
ကျမတို့ကိုယ်တွင်းထဲ ချုပ်နှောင်ထားခဲ့ရတဲ့အသံတွေကို ဘေးမဲ့လွှတ်ပေးကြမယ်။
ကျမတို့ သယ်ဆောင်လာခဲ့ရတဲ့ မှတ်ဉာဏ်တွေကို ရွှေဆိုင်းချမယ်။
ကျမတို့ ရွှေ့ပြောင်းတောင်ပံတွေကို ပင်စင်ပေးမယ်။
ကျမတို့ ဘန်ကောက်ကို သွားဖို့မလိုဘူး။
ကျမတို့ ဆိုးလ်မြို့ကို သွားဖို့မလိုဘူး။
ကျမတို့ မြောက်ဘက်အလင်းတန်းတွေဆီ သွားဖို့မလိုဘူး။
ကျမတို့ ဘာဆိုဘာမှ မြန်မြန်လုပ်ဖို့မလိုတော့ဘူး။
နှေးနှေးလေးပဲ ရွေ့မယ်။
ဖြေးဖြေးလေးပဲ တွေးမယ်။
နည်းနည်းလေးပဲ ယူမယ်။
ရှင်က အိမ်ပြန်လာပါပြီ ပြောမယ်။
ကျမက အိမ်ကနေ ကြိုဆိုပါတယ် ပြောမယ် ..... ။
မြကျေး
ဧပြီ ၁၇၊ ၂၀၂၄

