သူတို့လား?
ဘာ right, ညာ right တွေ စာရွက်ပေါ် စကားလုံးလှလှလေးရေးပြီး ကမ္ဘာကြီးဆီ ပရိုပိုဆယ် တင်တဲ့သူတွေ မဟုတ်ပါဘူး။
လူစည်ပြီဆို သေတ္တာထဲက ထရော်မာတွေထုတ်ပြီး ဘယ်လို ဘဝအနာခံခဲ့ကြောင်း ထွက်ရှင်းပြတတ်တဲ့ သူတွေ မဟုတ်ပါဘူး။
နိုင်ငံခြားထွက်မယ့်စာရင်းထဲမပါလို့ တိတ်တိတ်လေး ဇွတ်စိတ်ဓာတ်ကျနေသူတွေလဲ မဟုတ်ပါဘူး။
မြေပြင်ဟာ ဘယ်လိုခက်ခဲကြောင်းကို အဲကွန်းခန်းထဲကနေ 'တောက်' တွေခေါက်ပြီး လက်သီးကျစ်ကျစ်ဆုပ်၊ ဖက်ဒရယ်စကားလုံးကို ရေခဲရောပြီး meeting တက်နေတဲ့ သူတွေလဲ မဟုတ်ပါဘူး။
" ဓါးမိုးထားတဲ့အရိပ်အောက်မှာ မို့လို့ပါ၊ ဒီမိုကရေစီစိတ်အပြည့်ရှိပါတယ် " ဆိုပြီး သုဝဏ္ဏဘောလုံးကွင်းထဲကနေ VPN ခံ post တင်တဲ့ သူတွေလဲမဟုတ်ပါဘူး။
တကယ်တော့ သူတို့အကြောင်းဟာ ရှင်းရှင်းလေးပါ။ အဓိပ္ပါယ်ခက်ခက်ခဲခဲတွေလဲမပါပါဘူး။
တယောက်က ,,, ခင်ပွန်းသည်က တော်တော်ဝေးတဲ့မြေပြင်မှာပေါ့, နားနှစ်ဖက် ထိခိုက်ထားပေမယ့် တာဝန်ထမ်းဆောင်ဆဲပါတဲ့, သူကတော့ ကလေးနှစ်ယောက်ကိုစောင့်ရှောက်ပြီး အိမ်အကူလိုက်လုပ်ပါတယ်, အရွက်လေး အသီးလေး ချိုး,ခူး တဲ့ အလုပ်လေးလဲ တခါတရံပေါ့။
တယောက်က ,,, ခင်ပွန်းသည်ဟာ မပျောက်သေးတဲ့ အနှိပ်စက်ခံ ဒဏ်ရာတွေနဲ့ နှစ်ရှည်အမိန့်ချခံထားရတဲ့ ထောင်တခုမှာပေါ့, သူမလဲဘဲ အိမ်အကူလိုက်လုပ်ပါတယ်တဲ့, တခါတရံတော့ ငရုတ်သီးအိတ်တွေ လုကောက်ပြီး ခြွေ, ရတဲ့အသပြာလေး ဟိုစုသည်စုနဲ့ ပြည်တွင်းထဲက လိုနေသူတွေဆီပြန်ပို့သတဲ့လေ, သူမရဲ့ကလေးလေးက မိတ်ဆွေကလေးတွေရဲ့ ဖခင်အချို့ကို ဖေဖေ၊ဖေဖေ လို့ မကြာခဏလိုက်ခေါ်တတ်ပါတယ်တဲ့။
နောက်တယောက်က ,,, CDM မလုပ်လို့ Non-ဆရာဝန်အမျိုးသားကိုကွဲပြီး ကလေး၃ယောက် လက်ဆွဲ တောထဲဝင်ခဲ့ပါသတဲ့, တောထဲဝင်ချိန်မှာ အငယ်ဆုံးသမီးလေးက ၃လ, ရယ်စရာအဖြစ်အပျက်လေးတခု သူကပြောတယ်, သမီးလေးမွေးပြီး ရက်သားမှာဘဲ အပြင်ကနေမမြင်ရတဲ့ အခန်းတခန်းမှာ တိတ်တိတ်လေးနေပြီး ပုန်းရတယ်တဲ့လေ, ကိုယ်စားဖို့ရော ရက်သား ခလေး စားဖို့ရော ကိုယ်တိုင်ချက်လိုက် အညှော်ခံလိုက် သားချော့တေးလေးဆိုလိုက်နဲ့တဲ့လေ, သူကပြုံးပြီးပြောတော့ ကျနော်တို့မှာရယ်လိုက်ရတာဆိုတာ, မျက်ရည်ကလေးတွေတော့ကျမယ်ထင်တာဘဲ, သတိတောင်မထားမိပါဘူးဗျာ။
နောက်ဆုံးတယောက်က ,,, အစောဆုံး နေပြည်တော် CDM ထဲက, ရုံးမတက်ဘဲ ဝန်ထမ်းလိုင်းခန်းကနေဆင်း, ကြံ့ခိုင်ရေးဖြစ်နေတဲ့ တမျိုးလုံးနီးပါးကို ကျောပေးပြီး ကလေးလက်ဆွဲထွက်လာတာ, အပေါ်က သူမတွေကို အလုပ်ရပြီဟေ့ အိမ်ရှင်းသွားစို့, အသီးခူး ဈေးရောင်းသွားစို့, ဆိုပြီး တခါတခါ ဦးဆောင်ပြီး အလုပ်ရှာပေးတက်ပါတယ်တဲ့,
ဟိုးနေ့ကတော့ တနေကုန် ငရုတ်သီး သွားခြွေပြီးအပြန်, ကွေ့တီယို တပွဲ ဘတ်၅၀ကို ၃ယောက်စားပြီး အပြန်, သူတို့လက်ထဲ ဘတ် ၁၀၀ ကျော်ကျန်လို့တဲ့ပျော်နေကြတာ။
အော် ဒါနဲ့,,,
ကျနော့်ဆီ ဖုန်းမလာသေးဘူး, နိုင်ငံခြားသွားရဖို့။ သိပ်လဲစိတ်မပူပါဘူးလေ,, တရက်ဆက်လာလိမ့်မယ်,, လာတဲ့အခါသွားကြတာပေါ့,, ဟိုရောက်ရင်လဲ ဘဝ ကကြမ်းတမ်းခက်ခဲတယ်လို့ ရောက်နှင့်ပြီးသားအချို့က ပြောကြတယ်။ ကျနော်ကတော့ မကြောက်ပါဘူး။ ကျနော်တို့ကိုအများက နာမည်ကြီးလို့ သတ်မှတ်ထားတော့ နာမည်ကြီးတွေက နဲနဲလေးလုပ်တာနဲ့ အများကြီး ချီးကျူးခံရတယ်လေနော်။
ဒါတွေထားပါ,,, ကျနော်ပြောချင်တာက သူတို့အကြောင်းပါ။ အပေါ်မှာ ကျနော်ကြိုပြောခဲ့သလိုဘဲ။ သူတို့အကြောင်းက ရှင်းရှင်းလေးပါ။ အဓိပ္ပာယ်ခက်ခက်ခဲခဲတွေ မပါပါဘူး။
Credit #lynnlynn

