Face Mask နှာခေါင်းစည်း

၂၅-၇-၂ဝ၁၇ နေ့ ည ၁ဝ နာရီ၊ ၄၈ မိနစ်က ရေးထားတာ။ H1N1 ဖြစ်စဉ်က။ တခုခုဖြစ်ရင် တယောက်တမျိုးရေးကြတယ်။ သတင်းလည်း မဟုတ်ကဟုတ်ကတွေ နှာခေါင်းစည်းလည်း တယောက်တမျိုး။ ဆေးရောင်းသူတွေကပါသေး။

မင်္ဂလာပါ ဆရာရှင့်။ ကျွန်မက မန္တလေးကပါ။ အသက်၂၅နှစ် အပျိုပါရှင့်။ H1N1 virus ကာကွယ်ရန် အသုံးပြုတဲ့ mask နဲ့ပတ်သက်ပြီး ဗဟုသုတအနေနနဲ့သိချင်တာပါဆရာ။ Online မှာ ရောင်းနေတဲ့ ပုံစံတွေက အများကြီးမလို့ပါဆရာ။ mask ရဲ့ အဓိကက အလုံပိတ်ပုံစံလို့လဲပြောနေလို့ပါဆရာ။ အလုံပိတ် ပုံစံဆို အသက်ရူရခက်တတ်လို့ အဆင်မပြေလို့ပါဆရာ။ တစ်ချို့ရောင်းတာ အသက်ရူတဲ့ အပေါက်

ကလေး ပါတာလဲရှိပါတယ်ဆရာ။အဲ့ဒီ mask လေးက ကာကွယ်မှု ပေးနိုင်လားလို့ သိချင်ပါတယ်ဆရာ။ ပုံနှင့်တကွ ပို့ပေးလိုက်ပါတယ်ဆရာ။

တကယ်တော့ အထူးနှာခေါင်းစည်း မလိုပါ။ နှာချေ ချောင်းဆိုး ကာကွယ်ဘို့သာဖြစ်တယ်။ ဆရာဝန်တွေ ဆေးရုံမှာ သုံးတာမျိုးနဲ့ ရပါတယ်။ အဆိပ်ငွေ့လို၊ ဓါတုဆေးလိုဟာတွေအတွက်သာ နှာခေါင်းစည်းတမျိုးတွေ လိုပါတယ်။ ဥပမာ ဗျူတီပါလာ၊ ပိုးသတ်ဆေးဖြန်းတာ စသည်။

နှာခေါင်းစည်း အမျိုးမျိုးရှိတယ်။ ခပ်တိုတိုသာရေးပါမယ်။ ခေါင်းရှုတ်စရာတွေ မထည့်ချင်ပါ။ ဆေးရုံသုံး၊ ခွဲစိတ်ခန်းနဲ့ သားဖွါးခန်းသုံး၊ သွားဆေးခန်းသုံး၊ ကူးစက်လူနာဆောင်သုံး၊ လေဆာ စတာတွေရှိတယ်။ တခါသုံးနဲ့ ပြန်လျှော်သုံးလို့ရတာ ရှိတယ်။ တခါသုံးကသာ ပိုသင့်တယ်။

N95 masks ဆိုတာက အထူးနှာခေါင်းစည်းဖြစ်တယ်။ အမှုံအမွှား ၉၅% ကိုစစ်ပေးနိုင်တယ်။ N95 masks ကို Respirators လို့လည်းခေါ်တယ် အသက်ရှူစက်သဘောဆိုလိုတယ်။ ရိုးရိုးနှာခေါင်းစည်းတွေထက် ပိုကောင်းပါတယ်။ ဒါပေမယ့် အားနာနာနဲ့ပြောပါရစေ။ လေ့လာမှု အနည်းဆုံးတခုအရ အိမ်တွင်းကာကွယ်မှုပေးတာမှာ နှာခေါင်းစည်းတွေက ကွာခြားမှု မရှိပါ။

ဘယ်အမျိုးအစားဖြစ်ဖြစ်၊ ဘယ်လောက်စျေးကြီးကြီး၊ ဘယ်တိုင်းပြည်ထုတ်ဖြစ်ပါစေ ဘယ်သူကမှ H1NI ကို ကာကွယ်ပါမယ်လို့ အာမမခံနိုင်ပါ။ ဆောရီး။

လေ့လာမှုတခုအရ နေမကောင်တဲ့မိသားစုတခုမှာ နှာခေါင်းစည်းသုံးလို့ ၆ဝ% ကနေ ၈ဝ% ကာကွယ်မှု ပေးတယ်လို့ သိရတယ်။ အဲတာလည်း နှာခေါင်းစည်းထားတာတမျိုးတည်းမဟုတ်ပဲ လက်ကို မကြာခဏဆေးတာနဲ့ လူနာနဲ့ ထိစပ်မှု နည်းစေတာတွေပါလုပ်လို့ဖြစ်တယ်။

ကာကွယ်မှုလိုချင်သူတွေ နှာခေါင်းစည်းတမျိုးကိုသာ အားမကိုးသင့်ကြပါ။ လူစုလူဝေးသွားလာတာ ရှောင်ပါ။ အိမ်မှာသာ နေထိုင်ပါ။ နေမကောင်းသူနဲ့ ထိတွေ့တာနည်းစေပါ။ နှာခေါင်းစည်း မသုံးခင် လက်ကိုအရင်ဆေးပါ။ တပ်ထားစဉ်မှာနဲ့ ဖြုတ်တဲ့အခါ နှာခေါင်းစည်းအပြင်ဖက်ကို လက်နဲ့ မထိပါနဲ့။ တခါသုံးနှာခေါင်းစည်းသုံးပါ။ သုံးပြီးသားကို ကြိုးစကကိုင်ပြီး စွန့်ပါ။ လက်ကို ရေထပ်ဆေးပါ။

နှာခေါင်းစည်းမရှိတဲ့အခါ ချောင်းဆိုး နှာချေတိုင်း တစ်ရှူးသုံးပါ။ လက်ကိုင်ပုဝါသုံးပါ။ စတနစ်တကျစွန့်ပါ။ လျှော်ပါ။ မျက်စိကို လက်နဲ့ မပွတ်ပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ်အထက်တွေက ကပိုသတိထားရမယ်။ ကိုယ်ဝန်ဆောင်တွေလည်းပါတယ်။

ဘယ်အရာမဆို ရိုးရိုးရှင်ရှင်း အတည့်အမှန် အခြေခံသာ အရေးကြီးတယ်။ နာမည်ကြီးနေတဲ့ဆိုရင် လွဲပြီ။ အထူးအဆန်းဆိုရင် မှားပြီ။

လင့်တွေ အရုပ်တွေ သတင်းတွေ လာမတင်ကြစေလိုပါ။ ဖျက်နေရတာ အလုပ်တခု။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂၀၂၀
Special credit: #drtintswe

image
image