#ပြန်ပြောပြရင်_မငိုကြေးနော်
အမှန်တရားအတွက်
အသက်နဲ့ခန္ဓာကိုယ်
ပေးလှူခဲ့တဲ့
တော်လှန်ရေး သစ္စာ...
မေ တ္တာစေရာ
ရပ်ဝန်းမို့ထင်ရဲ့
ကံတရားက
ခြေတစ်ဖက်ပဲ
လက်ခံသွားတယ်~~~
အမေပြောတဲ့
အိမ်မကပ်တဲ့ကောင်ပေါ့
ခြေထောက်မှာ
ဗွေပါလို့ဆိုလား
ခုတော့ ဖြတ်ထားခဲ့ပြီအမေ
ခြေတစ်ဖက်ကို
တော်လှန်ရေးအတွက်
ပေးလှူပြီး အမေ့ကို
ဖေးကူဖို့
အမေ့ရဲ့ ဒုက္ခအိုးလေး
အိပ်ကပ်တော့မယ်အမေ~~~
ကတိပေးခဲ့သလို
အကောင်းတိုင်း
ပြန်မလာနိုင်ခဲ့တာကိုတော့
တောင်းပန်ပါတယ်အမေ~~~
အဖေ~~~
သား တာဝန်မကျေခဲ့ဘူး
အဖေပြောတဲ့
ယောက်ျားကောင်းတို့
အိမ်အပြန်လမ်း
ရွှေအိုး မထမ်းနိုင်ခဲ့ဘူး~~~
ခေတ်ဆိုးထဲက
ခယောင်းလမ်းထက်
တစ်ဖက်စာပဲ ခြေရာထင်
ရွာအဝင်မှာ အဖေမြင်တော့
ဆို့နစ်စွာကြည့်ငေးရင်း
သားဆိုတဲ့ စကားနဲ့တင်
လောကကို အလှဆင်ဖို့
အားဖြစ်ခဲ့ပါတယ် အဖေ~~~
လူငယ်တွေရဲ့
ပခုံးပေါ် အမှတ်မထင်ပဲ
ကျရောက်လာတဲ့
သမိုင်းပေးကြီးက
ရက်စက်လွန်းလှတယ် အမေ~~
အချို့တွေ
အိမ်ပြန်မလာနိုင်ကြတော့ဘူး...
အချို့တွေက ပြန်စရာ
အိမ်မရှိကြတော့ဘူး....
အချို့တွေက ခြေ၊လက်
အချို့တွေက အသက်
ပေးဆပ်ခဲ့ရတဲ့
ပေးဆပ်နေကြတဲ့
ကျနော်တို့ လူငယ်တွေ
ကျေကျေနပ်နပ်ပါပဲ အမေ~~~
စွန့်လွှတ်မှုများစွာထဲ
အချစ်ဦးနဲ့ လွဲရတဲ့အဖြစ်က
ရင်ဘတ်ကို ကျည်မှန်တာထက်
ခံရ ပိုခက်ခဲ့တဲ့
နေ့ရက်တွေပါ~~~
သူ့အတွက် ငဲ့တွေးရင်း
ကိုယ့်အဖြစ်ကိုယ်
ကိုယ်ကြည့်ရင်းနဲ့
မျက်နှာလွှဲလိုက်ရတဲ့
ဘဝလမ်း
သူ့ပခုံးကို အမှီပြုပြီး
မလျှောက်လှမ်းရက်လို့
အဆက်ဖြတ်ခဲ့ရတဲ့အခြေပါ~~
မိသားစုလေးနဲ့
ပျော်ရွှင်စွာ
နေသားကျနေတဲ့အချိန်မှာ
ကျုပ်ပြန်လာတော့
သူ့ခမျာ အံ့ဩ မှင်သက်
အသက်ရှူဖို့တောင်
ခက်သွားတယ် ထင်ရဲ့....
တရွေ့ရွေ့ အနားကပ်ပြီး
ကျုပ်လက်ကိုဆွဲလို့
မျက်ရည်တွေလည်းရွှဲလို့~~~
နင်...နင်..ဒီလိုဖြစ်တာ
ငါ့ကို ဘာလို့
မပြောပြခဲ့တာလဲတဲ့~~~
ရင်ထဲ မချိပေမယ့်
အပြုံးနဲ့ကြည့်ပြီး
ငါအဆင်ပြေပါတယ်ဟာလို့
ရယ်မောရင်း
ပြောမိသေးတယ်~~~
ပြန်ပြောပြဖို့
ခွန်အားမရှိတော့လည်း
အပြုံးနဲ့ပဲ ဖုံးကွယ်မိတယ်...
ငါ့လို လူတွေ
ငါ့လို နှလုံးသားတွေ
သေခွဲ ရှင်ကွဲ ချစ်တဲ့သူနဲ့
လွဲခဲ့ကြ ခွဲခဲ့ရသူတွေရဲ့
အကြောင်းတွေကို
မငိုဘူးလို့ ကတိပေးရင်
ပြန်ပြောချင်သေးတယ်~~~
#အဂ္ဂရာဇာ {ဗိဿနိုးမြေ}
13.6.2024

