သူခိုးရန်ဘေး ကင်းဝေးစေရန်
-------------------------------
ဦးထွန်းဝသည် ဘုန်းကြီးကျောင်းထဲကို ခြေလှမ်း လေးလံစွာဖြင့် တစ်လှမ်းချင်း ဝင်လာသည်။

ဆရာတော်က သူဝင်လာသည်ကို ခရေပင်ကြီးအောက်တွင်ရှိသည့် ကွပ်ပျစ်ပေါ်ကထိုင်ပြီး ကြည့်နေသည်။

ဦးထွန်းဝသည် ဆရာတော်ရှေ့ရောက်သောအခါတွင် ဦးချပြီး တိုက်ပုံအင်္ကျီထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ သူ၏ အဆီပြန်နေသော မျက်နှာကို သုတ်လိုက်သည်။

“ဒကာကြီး ဘယ်ကလာသလဲ”

ဆရာတော်က မေးလိုက်ခြင်းဖြစ်သည်။ သူက

“တပည့်တော် ဘုရားမှာ ဗေဒင်လာမေးတာပါ အရှင်ဘုရား”

“ဪ ... ဗေဒင်ယုံသလား”

“တပည့်တော် ခုတစ်လော လုပ်သမျှ အဆင်မပြေ ဖြစ်နေပါတယ်ဘုရား။ ဗေဒင်ဆရာကလည်း အညံ့ထဲရောက် နေတယ်လို့ ပြောပါတယ်”

“အင်း ... ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးလည်း မမေ့နဲ့ပေါ့”

“တင်ပါ့ဘုရား”

“လူတိုင်း အဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်ဆိုတော့ ဘယ်မှာ အဆင်ပြေနိုင်ကြမလဲ။ အဆင်ပြေအောင် နေထိုင် ကြရတော့မှာပေါ့။ လူမပြောနဲ့ ဘုန်းကြီးတွေလည်း သူ့အခက်နဲ့သူပါ။ ဒကာ ဒကာမတွေက ကျပ်တည်းပြီးတော့ အဆင်မပြေကြတော့ စားရတာတောင် မျိုမကျပါဘူး”

“တပည့်တော်တို့လည်း လူ့ဘဝကြီးမှာ နေသာနေရ ပျော်တယ်လို့ မဟုတ်ပါဘုရား။ ပျော်ဖို့ဆိုတာလည်း ရှာနိုင် ဖွေနိုင်၊ လုပ်ကိုင်စားသောက်နိုင်တဲ့ အခွင့်အရေးလေးတွေ ရှိမှဖြစ်မှာပေါ့။ လူတွေမှာ ရှာနိုင်ဖွေနိုင်မှလည်း လှူနိုင် တန်းနိုင်မှာပါဘုရား။ ခုတော့ မပျော်ပါဘူးဘုရား”

“မရှာနိုင် မဖွေနိုင်လို့ မပျော်နိုင်တာလား”

“ဒါလည်း ပါတာပေါ့ဘုရား”

“လူတိုင်းလည်း ရှာရခက်တဲ့ အနေအထားတွေ ရောက်နေမှာပါဒကာကြီး။ ပျော်အောင်ပဲ နေကြရတော့မှာပေါ့”

“ပျော်အောင် ဘယ်လိုနေနိုင်မှာလဲဘုရား။ ပျော်စရာမကောင်းတဲ့ လောကကြီးကို”

“အရှုပ်ထဲမှာ ရှင်းအောင်နေဆိုသလိုပဲ ... အပျက်ထဲမှာ ပျော်အောင်နေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ် ဒကာကြီး”

“အပျက်ထဲမှာ ပျော်အောင်နေတဲ့လားဘုရား ... ခေတ်ပျက်ကြီးထဲမှာ ဘယ်လိုများ ပျော်အောင်နေရမလဲဘုရား”

“ရှာရ ဖွေရ ခက်တာကိုတော့ ထည့်မပြောနဲ့တော့ ဒကာကြီး။ တစ်ဦးချင်း ကျင့်နိုင်တဲ့ ပျော်အောင်နေနည်း လေးကိုပဲပြောတော့မယ်”

“မိန့်တော်မူပါဘုရား”

“ပျော်ဖို့အတွက် အပျော်ကိုခိုးနေတာတွေ သိဖို့လိုတယ်”

“ဘာတွေက အပျော်တွေကို ခိုးနေလို့လဲဘုရား”

“အပျော်ကို ခိုးယူတဲ့ အပျော်သူခိုးလေးယောက်ရှိတယ်။ အဲဒါတွေကတော့

တစ် - နှိုင်းယှဉ်ခြင်း

နှစ် - အတွေးခေါင်ခြင်း

သုံး - ဂရုမစိုက်ခြင်း

လေး - ဝန်တိုခြင်း တွေပဲ ဒကာကြီး”

“စိတ်ဝင်စားဖို့ကောင်းလိုက်တာဘုရား ... ရှင်းပြတော်မူပါ”

နှိုင်းယှဉ်ခြင်း ဆိုတာ ပထမသူခိုးပဲ

ကိုယ်နဲ့သူများ လိုက်ပီးတော့ နှိုင်းယှဉ်တယ်။ နှိုင်းယှဉ်လေ မဖြစ်နိုင်မှန်း၊ မတုနိုင်မှန်း၊ မတူနိုင်မှန်းသိလေ စိတ်ဆင်းရဲခြင်း ဖြစ်လေပဲ။ လှတဲ့သူနဲ့ သွားပြီးတော့ ငါဘာဖြစ်လို့ သူ့လို မလှရတာလဲ၊ ပညာတတ်တဲ့သူနဲ့ သွားပြီးတော့ ငါဘာကြောင့် သူ့လို မတတ်ရတာလဲ၊ လူချစ်လူခင်များတဲ့လူနဲ့ သွားပြီးတော့ ငါ့ကို ဘာဖြစ်လို့ သူ့လို မချစ်ခင်ကြတာလဲဆိုပြီး သွားနှိုင်းယှဉ်နေရင် ဘယ်မှာ ဆုံးနိုင်တော့မှာလဲ။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ဖြစ်နေကြတာ။ အဲဒါကို လိုက်ပြီးတော့ သူ့လိုဖြစ်ချင်လွန်းတာနဲ့ လိုက်ပြီး နှိုင်းယှဉ်နေရင် စိတ်ဆင်းရဲရတော့ မှာပဲ။ ဒါကြောင့် ပျော်ချင်သလား။ ပျော်ချင်ရင် လိုက်ပြီးတော့ မနှိုင်းယှဉ်နဲ။ ကိုယ့်ဘဝနဲ့ကိုယ် နေတတ် အောင်နေ၊ ကျေနပ်သွားလိမ့်မယ်။

ဒုတိယသူခိုးကတော့ အတွေးခေါင်ခြင်းပါ

မဖြစ်လာသေးတာတွေကို ကြိုတွေးပြီး စိုးရိမ်သောက ရောက်နေတယ်။ မနက်ဖြန်ဘာတွေဖြစ်လာမလဲ ဆိုတာကို ထိုင်တွေးရင်း သောကတွေရောက်နေကြတယ်။ ဒီလိုသောကတွေနဲ့ နေရတော့ ဘယ်ပျော်နိုင်တော့ မှာလဲ။ စိတ်သောကတွေရောက်ပြီး ဘာမှလည်း မလုပ်ချင် မကိုင်ချင်တော့ဘူး။ ကိုယ့်မှာ စိတ်ဖိစီးမှုတွေက အလိုလို ဝင်လာပြီ။ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပိပြီး လှုပ်မရအောင်ဖြစ်လာတယ်။ ဒုတိယသူခိုးကို ရှောင်ချင်ရင် ပစ္စုပ္ပန်ကို တည့်တည့်ရှု။ ကိုယ့်လက်ရှိ အခြေအနေကို သဘောပေါက်။ လုပ်သင့်လုပ်ထိုက်တာကို ပုံမှန် လုပ်နေ။ စိတ်ကို ငြိမ်းအောင်ထား၊ ငြိမ်အောင်ကျင့်။

တတိယသူခိုးဖြစ်တဲ့ ဂရုမစိုက်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာကိုပြောတာ

စိတ်ဓာတ်တွေကျပြီးတော့ ကိုယ့်ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေကို လျစ်လျူရှုလာတာကိုပြော တာ။ ကိုယ်ကို ဂရုမစိုက်တော့ ညစ်ပတ်သလို၊ စိတ်ကို ဂရုမစိုက်ရင်လည်း ညစ်နွမ်းသွားတတ်တယ်။ ကိုယ်လည်းနွမ်း၊ စိတ်လည်းပန်းရင် မကျေနပ်စိတ်တွေ၊ အဆိုးမြင်စိတ်တွေ လွန်ကဲလာတတ်တယ်။ လုပ်သလို မဖြစ်ရင် ဖြစ်သလို လုပ်တော့မယ်ဆိုတဲ့ ခပ်ညံ့ညံ့ အတွေးတွေ ဝင်လာတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာ အောင်၊ သန့်ရှင်းအောင် နေမယ်။ လေ့ကျင့်ခန်းလုပ်မယ်၊ လမ်းလျှောက်မယ်၊ လေကောင်းလေသန့်ရှူမယ်။ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားနဲ့။ အပြင်ထွက်မယ်၊ ဝါသနာပါရာ တစ်ခုခုကို လုပ်မယ်၊ အိပ်ချိန်မှာအိပ်၊ စားချိန်မှာစား၊ နားချိန်မှာနား၊ လုပ်ချိန်မှာလုပ်။

စတုတ္ထသူခိုးဖြစ်တဲ့ မနာလိုဝန်တိုစိတ်ကလည်း လူတစ်ယောက်ရဲ့ အပျော်ကို ခိုးယူတတ်တယ်

သူတစ်ပါးကို မနာလိုစိတ်တွေ များလာရင် ဒေါသတွေ ထွက်လာတတ်တယ်။ ကိုယ့်ဒေါသနဲ့ကိုယ် မဖြစ် သင့်တာတွေဖြစ်၊ မလုပ်သင့်တာတွေ လုပ်လာတတ်တယ်။ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတာ အဲဒီ မနာလို ဝန်တို စိတ်က အခြေခံလာတာ။ တစ်နည်း ပြောရရင် ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးတော့ အဆိပ်ခတ်လိုက်တာ။ ကိုယ့်စိတ်က အဆိပ်သင့်နေမှတော့ ဘယ်မှာပျော်နိုင်တော့မှာလဲ။ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ သဘောတရားတွေကို နားမလည်ရင် ပူလောင်ပြီး အပျော်တွေ ဆိတ်သုဉ်းနေတတ်တယ်။ ဒါကြောင့် အကောင်းမြင်စိတ်လေးကို မွေးနိုင်ရင် ပျော်ရွှင်မှုလေးတစ်ချက်လောက်တော့ ရလာတတ်တယ်။

ဆရာတော်က ဦးထွန်းဝကို ပြောပြီးနောက် ပြုံးပြီးကြည့်နေသည်။

“အရှင်ဘုရား ... ဒီနေ့ တပည့်တော်စိတ်ထဲမှာ ညစ်နွမ်းနေတာကို အရှင်ဘုရားက ခဏချင်း ချွတ်လိုက်တာပါ ဘုရား။ ကျေးဇူးတင်လိုက်တာဘုရား။ ဦးတင်ပါတယ်ဘုရား”

ဦးထွန်းဝက ဆရာတော်ကို ဦးချသည်။

“သံဃာတော် အရှင်မြတ်တို့ကို ကိုးကွယ်ဆည်းကပ် ပူဇော်ရတဲ့ အကျိုးကြောင့် နောက်နောင် ဤသို့သော တရားဓမ္မ အဆုံးအမများကို မပြတ်နာကြားရပါလို၏ဘုရား” ဟု ပြောလိုက်ပြီး

“တပည့်တော် ပြန်လိုက်ပါဦးမယ်ဘုရား” ဟုဆိုလိုက်သည်။

ဆရာတော်က

“ဒကာကြီးတို့ သူခိုးရန်ဘေး ကင်းဝေးပါစေ