" ငါကျောင်းနေရတယ် စာမတတ်ဘူး "

ငါကျောင်းနေရတယ်
စာမတတ်ဘူး
ကြည့်လေ
ဖဦးထုပ်ကို ဖောက်ထုတ်ဆိုပြီး
ငါ့ဦးနှောက်တွေဖောက်ခံလိုက်ရတယ်
အဲဒီတည်းက
ဗမာကဗမာစကားပြောရင်း
ဗမာစာကိုအသံထွက်လွဲခဲ့ရတာ
ဒါတင်ဘယ်ကမလဲ
A to Zအက္ခရာတွေထဲ
ပါးစပ်ဟပြီး တအန်ပြီးအမ်လို့
အယ်လ်ဆိုတာ တုတ်ချောင်းလိုမှတ်ခဲ့ရ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းနေရတယ်
စာမတတ်ဘူး
ခိုးသူနဲ့သူဌေးသား
ဘယ်သူစာရိတ္တမှားနေလဲငါမမေးဘဲ
နင်သာလူမိုက် ဒုစရိုက်ဆိုပြီး
ရွာကမောင်းထုတ်လိုက်ကြောင်း
အမှတ်ကောင်းကောင်းရဖူးတယ်
ဦးပုညရဲ့ နေယူဇနာတွေထဲ
ငါ့မှာ အမောဖေါက်အောင်းပြေကြည့်ခဲ့ရ
ဂျင်းမိသွားတဲ့ဖတ်စာထဲ
အခုတော့ တစ်ကောင်တည်းပဲ အာဏာခဏခဏသိမ်းခံနေရတဲ့တိုင်းပြည်မှာ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းနေရတယ်
စာမတတ်ဘူး
အနော်ရထာရဲ့ ပထမနိုင်ငံတော်ကြီး
ဘယ်လောက်ကျယ်ကြောင်း
ပုဂံကဘုရားတွေစာထဲလိုက်ဖူးရင်း
ဖတ်စာအုပ်ထဲအိပ်ပျော်ခဲ့ရ
ရာဇကုရ်မာကျောက်စာချပ်ထဲ
ချစ်ကြည်ရေးကိုသဘောထားကြီးပြတာယုံမိတဲ့ခဏ
မြင်းကပါအရပ်က
ဘုရင်ကိုသတ်ရင်ဘုရင်ဖြစ်တဲ့နိုင်ငံတော်မှာ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းနေရတယ်
စာမတတ်ဘူး
အားကျတာက သမိန်ဗရမ်းနဲ့လဂွန်းအိမ်
ဖြစ်သွားတာက
အုတ်လှငယ်ရဲ့ဆံပင်အကျွတ်တွေလို
ဂျင်းသုတ်ချင်းဂျင်းပြိုင်ထည့်တဲ့ပွဲမှာ
နိုင်ငံတော်အသံကြားရင်
အာဏာရှင်ကိုပြေးမြင်လာခဲ့ရ
ဦးဆွေးဆံမြည့်စကားရပ်နဲ့ဂုဏ်ထူးထွက်ခဲ့ရ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းနေရတယ်
စာမတတ်ဘူး
ကုလားဖြူတွေ ကျွန်ပြုသွားတယ်
ဖက်ဆစ်တွေ ကျွန်ပြုသွားတယ်
မျိုးချစ်စိတ်တွေတထောင်းထောင်းဖုန်ထခဲ့ပြီး
ကျွန်ဖြစ်ရခြင်းကိုမသိခဲ့ဘူး
မြင်းကွန်းနဲ့မြင်းခုန်တိုင်ကိုကြိုးစင်တင်ချင်စိတ်က
ကြီးစိုးသွားတော့
ကနောင်မင်းသားအသတ်ခံရမှုမှာ
တရားခံအစစ်က
သုက်နံ့တမွှေးမွှေးနဲ့ ဘုရားဒါယိကာလုပ်ရင်းလွတ်သွား
အာဏာလုပွဲနဲ့
နေရာမပျောက်ရေးတိုက်ပွဲကြားကနိုင်ငံတော်မှာ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းနေရတယ်
စာမတတ်ဘူး
ဗိုလ်ချုပ်အောင်ဆန်းပုံကိုဖွက်ကြည့်ရင်းကြီးလာခဲ့ရ
တပ်မတော်သာအမိ၊တပ်မတော်သာအဖ
တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်
သောက်တလွဲဆောင်ပုဒ်တွေရွတ်ဖတ်ရင်း
ဗိုလ်ချုပ်ကိုစိတ်ဆိုးမိတယ်
ရဲဘော်သုံးကျိပ်ထဲ ဒလန်တစ်ကောင်
ဘာကြောင့်ခေါ်သွားတာလဲ
အခုတော့
လက်တစ်လုံးခဏခဏလိုပြနေတဲ့ဘတ်ဂျက်ထဲ
အာဏာရူးတွေ ကြီးစိုးနေတဲ့နိုင်ငံတော်မှာ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းနေရတယ်
စာမတတ်ဘူး
ငြိမ်းချမ်းရေးတံတားကို
ခနော်နီခနော်နဲ့ခင်းပြီး
တိုင်းရင်းသားတွေကိုလက်ညှိုးထိုးပြခံရတဲ့နောက်
စစ်တလင်းနဲ့စီးပွားရှာကြတဲ့မြေပုံပေါ်
လုပ်အားပေးတာတွေဖို့ရင်း
ဧည့်စာရင်းအစစ်ခံကြရ
စစ်ချီတေး
စစ်သည်တေးနဲ့
လွတ်လပ်ရေးမရသေးတဲ့ရုံတင်ပေါကားထဲ
မျက်လုံးနဲ့နား
ပိတ်ထားခံရတဲ့နိုင်ငံတော်မှာ
ငါ...စာမတတ်ခဲ့ဘူး ။

ငါကျောင်းတတ်ရတယ်
စာမတတ်ခဲ့ဘူး
အမှန်တရားကိုချစ်ခိုင်းတယ်
အမှားအခါခါပေါင်းခိုင်းတော့ အမှန်ခြစ်လိုက်ရသလို
အမျိုးကိုချစ်ခိုင်းတယ်
ချစ်ခိုင်းတဲ့အမျိုးတွေက ငါတို့ကိုနှစ်တယ်
ဘာသာကိုချစ်ခိုင်းတယ်
ချစ်ခိုင်းတဲ့ဘုရားလူကြီးတွေက ငါတို့ကိုနှစ်တယ်
သာသနာကိုချစ်ခိုင်းတယ်
ငါတို့က နစ်ပြီးရင်းနစ်လိုက်ကြ
ငါတို့နစ်တော့ နိုင်ငံတော်ကြီးလည်းမြုပ်သွားရ
နိုင်ငံတော်ကြီးမြုပ်တော့
ဘုရားရင်ပြင်မှာဖိနပ်စီးတက်သူတွေဘွဲ့တံဆိပ်ရကြ
သံဃာသတ်သူတွေ ဘွဲနှင်းခံကြရ
ပြည်သူသတ်သူတွေ အကြီးအကဲဖြစ်ကြ
အာဏာသိမ်းသူတွေ နိုင်ငံထက်ပိုချမ်းသာသွားကြ
အဲဒီလို
သောက်တလွဲဖြစ်နေတဲ့နိုင်ငံတော်မှာ
ငါ...စာမတတ်ခဲ့ဘူး
ငါ...စာမတတ်ခဲ့ဘူး
ငါစာမတတ်လို့
မင်းတို့ကိုစာတတ်‌သူတွေဖြစ်စေချင်တယ်ညီလေးရေ... ။ ။

၂၅၊ဇွန်လ၊၂၀၂၁ နေသုခ(မြစ်ကြီးနား)

#နေသုခ(မြစ်ကြီးနား)
#ငါကျောင်းနေရတယ်စာမတတ်ဘူး
လွင့်မျောနေသောကဗျာများ