ရတနသုတ်
လိစ္ဆဝီမင်း အုပ်ချုပ်နေတဲ့ ဝေသာလီပြည်မှာ
မကြုံစဖူး အနာရောဂါဘေးတွေကြောင့် လူတွေ သေကြေပျက်စီးကြတာ ရောဂါကူးစက်တာဟာ လျင်မြန်လွန်းလို့ သေသူတွေရဲ့အလောင်းတွေကိုတောင်မှ မမြှုပ်နိုင်ကြဘူးတဲ့ …။
ဒီလိုအနေအထားမှာ လူတွေဟာလည်း
အင်အားတွေ နုံ့ချည့်လာကြတယ်
လူတွေ အင်အားနည်းလာကြတဲ့အတွက်
ဘီလူး , သရဲစတဲ့ သတ္တဝါတွေက
အနိုင်ကျင့် စားသောက်ခြင်းတွေကိုလည်း ခံကြရတယ်
နောက်ပြီး တိုင်းပြည်မှာ မိုးခေါင်ရေရှားပြီး
အစာရေစာ ရှားပါမှုဆိုတဲ့
ဘေးအန္တရာယ် ဆိုးကြီးကလည်း
ကျရောက်လာပြန်တယ်
ဒီလို
ကူးစက်ရောဂါဘေး
ဘီလူး သရဲဘေး
အစာရေစာ ရှားပါးမှုဘေး ဆိုတဲ့
ဘေးကြီးသုံးပါးနဲ့ ကြုံတွေ့နေရတဲ့အတွက်
လူတွေဟာ စည်းဝေးတိုင်ပင်ကြပြီး
တိုင်းပြည်မှာ ဘေးဆိုးအန္တရာယ်ဆိုးတွေက
လွတ်မြောက်အောင်ဘုရားပင့်ပြီး
ပရိတ်တရားနာမှ
ဖြစ်တော့မယ်လို့ တိုင်ပင်ကြတော့တယ် …
ဒီတော့
ဘယ်ဘုရားကိုပင့်ကြမလဲလို့ တိုင်ပင်ကြပြန်တယ်
ဒီအခါမှာ
ထိုခေတ်က တိတ္ထိဆရာကြီး ခြောက်ယောက်က
သူတို့ကိုယ်သူတို့ ဘုရားလို့ ပြောပြီး
လှည့်နေကြတဲ့အချိန်ဆိုတော့
တိတ္ထိဆရာကြီးတွေရဲ့တပည့်တွေက
ဟာ … ဒီလိုဆိုရင် ပူရဏကဿပ
ဆရာကြီးကို ပင့်ရမယ်
သူကမှ သိပ်တန်ခိုးကြီးတာ
နောက်တစ်ဖွဲ့ကလည်း
ဟာ … မက္ခလိဂေါသာလဆရာကြီးကို ပင့်မယ်
သူကမှ တန်ခိုးကြီးတာ
ဒီလိုနဲ့ ငြင်းခုံနေကြတာ
ငြင်းခုံပြီး နောက်ဆုံးမှာတော့
ကဲ … အမောင်တို့ တော်ကြတော့
တို့ သိဒ္ဓတ္ထဂေါတမကိုပဲ ပင့်ကြရအောင်
သူဟာ မင်းမျိုးမင်းနွယ်လည်း ဖြစ်တယ်
သူ့ဂုဏ်သတင်းတွေဟာ သိပ်ပြီးကြီးမားတယ် လို့ ပြောပြီး
အားလုံးကပဲ သိဒ္ဓတ္ထဂေါတမဘုရားကို ပင့်ဖို့ သဘောတူညီမှု ရသွားကြတယ် …
အဲဒီအချိန်မှာ
မြတ်စွာဘုရားက ရာဇဂြိုလ်ပြည်မှာ
သီတင်းသုံးတော်မူနေတာ
ဒီတော့
လိစ္ဆဝီမင်းတွေက မင်းသားနှစ်ပါးကို
တာဝန်ပေးလိုက်လို့
ရာဇဂြိုလ်မြို့က ဘုရားရှင်ဆီ သွားပြီး
တောင်းပန်လျှောက်ထားကြတယ်။
ဘုရားရှင်ကလည်း ဝေသာလီပြည်သွားပြီး
ရတနသုတ်တရားဟောရရင်
ဘေးအန္တရာယ်တွေ
အကုန်ပျောက်မယ်လို့ မြင်တော်မူတာမို့
ဘုရားရှင်က ဝေသာလီပြည်ကို ကြွဖို့
သဘောတူလိုက်တော့တယ် …
ဘုရားရှင်ကလည်း
သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ကယ်တင်ဖို့ရာ ဖြစ်နေတာမို့
နောက်ပါသံဃာတော်တွေနဲ့အတူ
ဝေသာလီပြည်ကို ကြွတော်မူတော့တယ် …။
ဝေသာလီပြည်ကို ရောက်တဲ့အခါမှာ
( ဘုရား , တရား , သံဃာ ) ဆိုတဲ့
ရတနာသုံးပါးဂုဏ်ကို ဖော်ကျူးပြီး သစ္စာဆိုတဲ့
ရတနသုတ်ပရိတ်တော်ကို
အရှင်အာနန္ဒာကို သင်ပေးတော်မူပြီး
မြို့ကိုပတ်စေပြီး တစ်ညလုံး ရွတ်ဆိုသရဇ္ဈာယ်စေခဲ့တယ် …။
ရတနသုတ်ပရိတ်တော်ရဲ့
တန်ခိုးတော်ကြောင့် ဝေသာလီပြည်အပေါ်
ကျရောက်နေတဲ့ ကပ်ရောဂါဘေးဆိုးအန္တရာယ်တွေကနေ
ကင်းလွတ်အေးချမ်းသွားခဲ့ပါတယ်။
အဲဒီနောက်မှာ မြတ်စွာဘုရားရှင်ကလည်း
ဝေသာလီပြည်မှာ ( ၁၅ ) ရက်ခန့်
သီတင်းသုံးနေထိုင်တော်မူခဲ့ပြီး
ရာဇဂြိုလ်ပြည်ကို
ပြန်ကြွတော်မူခဲ့ပါတယ် …
မဟာသက္ကရာဇ် ( ၁၀၆ ) ခုနှစ်မှာ
ရာဇဂြိုလ်ပြည်မှာ
စတုတ္ထဝါကပ်တော်မူခဲ့ပါတယ်…။
ရတနသုတ် တန်ခိုးတော်ကြောင့်
မြန်မာပြည်ကြီးရောဂါဆိုးကြီးများ မကျရောက်ပဲ ကင်းဝေးပါစေ~။
31.1.2020 January
တပိုတွဲလဆန်း ( ၇ ) ရက်
အရှင်သုစိတ္တ ✍
Dip(P.S.E)B.A-M.A(Buddhism)
🌺ပြန်လည်မျှဝေပါသည် 🌺

