#တထိတ်ထိတ်
တိုက်လှေကားထစ်မှာ
ခြေသံတွေများပြားလွန်းတဲ့အခါ
တထိတ်ထိတ်
ရပ်ကွက်ထဲ
လူစိမ်းသူစိမ်းတွေများလွန်းတဲ့အခါ
တထိတ်ထိတ်
သံပုရာသီးသည်က
တစ်ရက်ကို
၃ ခေါက်လောက်လာတယ်
တိုက်ကြီးတံမြက်စည်းက
အဝေးကြီးကနေ
ဘာလို့ လာရောင်းနေရတာလဲ
ဆွမ်းခံကြွတဲ့
ကိုယ်တော်အရေအတွက်
ဒီနေ့ ၃ ပါး တိုးလာတယ်
လူနာတင်ယာဉ်အသံတွေကို
ကြောက်လန့်ရာကနေ
လူနီတင်ယာဉ်အသံတွေကို
သတိထားနေရတယ်
အခြေအနေက
ဆူညံလွန်းရင်လည်း
တထိတ်ထိတ်
တိတ်ဆိတ်လွန်းရင်လည်း
တထိတ်ထိတ်
အရိပ်ကို မြင်တာနဲ့
အရပ်ကို ပုထားရတယ်
အရာရာဟာ
တထိတ်ထိတ်ပဲ
#ညီမင်းညို
28 6 2022 Tue am 9:42
Like
Comment
Share

