ရည်းစားစာအိတ်အမှတ်-၆
ရှင် ပို့လိုက်တဲ့ ပင်လယ်ကို
ကျွန်မ မျက်လုံးနှစ်ဖက်နဲ့ ထိန်းထားပါတယ်
လှိုင်းတွေ
သောင်ပြင်ခြေရာတွေ
ဝင်ကစွပ်ကောင်လေးတွေ
သူတို့ ဒီအတိုင်းပဲ ရှိနေဖို့ ကျွန်မ ထိန်းထားပါတယ်
ရှင့် ပင်လယ်ဟာ
ကျွန်မ မျက်လုံးထဲကနေ ဦးနှောက်ဆီကို ကူးသွား
တစ်ခါတစ်ခါ လှိုင်းအမြင့် ဆယ်ပေနှုန်းနဲ့
ဘယ်ဘက်ရင်အုံထဲကို ဝုန်းဆို ခုန်ချ
တစ်စက်မှ မဖိတ်စဉ်ရအောင် ကျွန်မ ထိန်းထားပါတယ်
တကယ်ဆို ကျွန်မ လိုချင်ခဲ့တာက
နွေရာသီ
မေလ
ကလောမြို့
ပန်းဝါဝါ
ထန်းလက်ကုလားထိုင်
ဆေးပေါ့လိပ်
ဘီယာတစ်ခွက်နဲ့
ဖွင့်ထားတဲ့ပြတင်းပေါက်
ခုတော့ရှင်က
ကျွန်မ အသည်းစွဲချစ်ရတဲ့ ရှင်က
ပင်လယ်တစ်ခုလုံး ပို့ပြီးတော့မှ
ကျွန်တော့်အတွက် မျက်ရည်မကျစေချင်ဘူးဆိုလို့
ကျွန်မ ထိန်းထားပါတယ်။
#မြကျေး
၂၉.၄.၂၀၁၉
Curtir
Comentario
Compartilhar

