❝ ကျောင်းဒဏ္ဍာရီ ❞
စာသင်ခုံပေါ်
အသည်းပုံလေးတွေ အပြိုင်ဆွဲကြတော့
သူ့မျက်ခုံးလေးကို တူအောင်မဆွဲနိုင်လို့ဆိုပြီး
ခဲတံလေးက တစ်နေကုန်၀မ်းနည်းတယ်။
မြေဖြူ၊ မီးသွေးခဲ၊ ဗလာစာအုပ်၊
ကျောင်းခန်းနံရံ၊ စာကြည့်မီးသီး
သူတို့တွေက ကိုယ့်ရဲ့တီးတိုးဖော်တွေရယ်
ကိုယ်က ကျောင်းကိုစောစောလာတယ်
သူ့မျက်နှာလေးနဲ့ နေ့တာရှည်ချင်လို့
စာရရဲ့သားနဲ့ မရဘူးချည်းပဲဖြေတယ်
ခုံပေါ်တက် မတ်တပ်ရပ်အပြစ်ပေးခံရရင်
သူ့ဦးခေါင်းဗွေရာ ဖြူဖြူလေးကို
အပေါ်စီးကနေမြင်ရလို့
မုန့်စျေးတန်းမှာ
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ကိုယ့်ငါးကျပ်တန်လေးက
သူ့လက်ထဲက ဆရာစံကိုးဆယ်ကျပ်တန်လေးကို
မှီအောင်မတွက်နိုင်ခဲ့တာလည်း
ကိုယ့်ရဲ့နေ့စဉ်သင်္ချာ။
တနင်္လာမှာ စံပယ်
အင်္ဂါမှာ နှင်းဆီ
ဗုဒ္ဓဟူးက ဖဲကြိုးနီနီ
ကြာသပတေးမှာ သူပြုံးပြသည်
စသဖြင့် ကိုယ်ရေးမှတ်ခဲ့တဲ့
မှတ်စုစာအုပ်တွေရယ်...
သူသောက်ပြီးသား ရေခွက်လေးကိုမှ
သောက်တတ်တဲ့ ကိုယ့်အာဟာရရယ်...
သူ့ခုံအောက်က နေကြာစေ့ခွံတွေကိုပဲရွေးကောက်တဲ့
သန့်ရှင်းရေးတာ၀န်ကျနေ့တွေရယ်...
အဲ့သလို ကျောင်းနေပျော်ပြီး
အချစ်ကိုလည်းမျှော်တတ်ခဲ့ပေါ့။
တစ်ခုသော နွေမှာလေ
သစ်ရွက်တွေ လှုပ်ခါခြွေခဲ့သလို
အတန်းဖော်လေးက အခြားမြို့ကို
ကိုယ့်ဘဝလေးယူပြီး ပြောင်းရွေ့သွားတယ်။
ကိုယ့်မှာ မိုးသဲတဲ့ကျောင်းဆင်းချိန်မှာ
ခေါင်းငိုက်စိုက်ချလို့
လွယ်အိတ်အသစ်၊ ကျောင်း၀တ်စုံအသစ်၊
ဗလာစာအုပ်အသစ်တွေက
ကိုယ့်စိတ်ကူးအဟောင်းတွေကို လှောင်ရယ်လို့
ကိုယ့်မှာ မပျော်တဲ့အတန်းသစ်မှာ
ငိုရတဲ့ သင်ခန်းစာနဲ့
သူထိုင်ခဲ့တဲ့နေရာလေးကို
မနှစ်က စာသင်ခန်းလေးဆီ
သွား သွားငေးရတဲ့အဖြစ်။
အဲ့ဒီတစ်ရက်သားမှာပဲ
မေမေရယ်လေ
ကျွန်တော့်စာအုပ်တွေကို
ပိသာချိန်နဲ့ရောင်းစားပစ်လိုက်တယ်သတဲ့
မျက်၀န်းနက်နက်နဲ့ ကျစ်ဆံမြီးပုံ ခဲခြစ်ရာလေးတွေက
ဘယ်နှစ်ကျပ်သားတဲ့လဲ မေမေ
စာအုပ်တိုင်းမှာ ဆွဲထားတဲ့
သူ့မျက်နှာဘေးတိုက်ပုံလေးတွေကြောင့်
အလေးချိန်ပိုတိုးသွားတာ မဟုတ်လား
သူကျောင်းမလာတဲ့နေ့စွဲတွေကိုကော
စျေးဝယ်သူအဒေါ်ကြီးက
သေချာထည့်တွက်သွားရဲ့လား
“အကြည့်ချင်းဆုံလို့ အရမ်းပျော်တာပဲ”ဆိုတဲ့
စာသားလေးက သမိုင်းစာအုပ်အနောက်ကျောမှာလေ
သူ့ခါးလေးပေါ်နေတာလေးကို
အနောက်ခုံကကောင်တွေရယ်ကြလို့
ကျွန်တော်သိပ်စိတ်ဆိုးတာကိုရေးထားတာက
အင်္ဂလိပ်စာအုပ်ထဲမှာ
သူ့လက်ကလေးနဲ့ လုံးချေပြီးလွှင့်ပစ်လိုက်တဲ့
အချဉ်ပေါင်းထုပ်တံဆိပ်လေးက
သင်္ချာစာအုပ်အလယ်မှာ ညှပ်ထားတာ
မြန်မာစာအုပ်ထဲမှာ ကဗျာတို ကဗျာစတွေ
အဲဒါတွေအတွက် မေမေရလိုက်တဲ့
တစ်ကျပ်တန်အနွမ်းလေးတွေက မေမေ့ကို
သားအကြောင်းတွေ တိုင်မပြောကြဘူးလား
ထန်းကောက်တောင်းကြီးထဲပါသွားတာ
သားမျက်ရည်တွေဆိုတာ မေမေသိရဲ့လား
နှစ်ကာလတွေက မျှော်လင့်ချက်ကိုမစောင့်ဘူး
ကိုယ်ရူးခဲ့တာလည်း မမေ့နိုင်စရာ
အခု ငယ်ဘ၀စာသင်ကျောင်းထဲက
စတိုခန်းဟောင်းလေးထဲမှာ
အသည်းပုံဆွဲထားတဲ့ ထိုင်ခုံလေးများ
ရှိနေဦးမလားဆိုတာ အိမ်ရှေ့ကဖြတ်သွားတဲ့
ကျောင်းသားလေးတစ်ယောက်ကို မေးလိုက်ရင်
သစ်ရွက်လေးတွေက လှောင်ရယ်နေဦးမှာလား
ရေးမှတ်စရာ ဗလာစာအုပ်လေးလည်း
မရှိတော့ပါဘူးမေမေရယ်။
-မိုးရင့်ကြယ်
#poetrycorner

