ဘုရားကယ်ပေလို့ပေါ့ မိပြုံးရယ်
နေရိပ်နွယ် (ကံ့ကော်ရိပ်)
ရဟန်းပျိုလေးတစ်ပါး သင်္ကန်း ကို ညီညာသပ်ရပ်စွာ ၀တ်ရုံနေ သည်။ ယနေ့ ထိုရဟန်းပျိုလေးသည် မိမိ၏ ဆရာနှင့်အတူ ဒကာမကြီး ၀ိသာခါအိမ်သို့ ဆွမ်းစားကြွရမည် ဖြစ်သောကြောင့် စိတ်သည် ပိုမို လှုပ်ရှားလျက် ရှိ၏။ ဒကာမကြီး ၀ိသာခါသည် ဘုရားရှင်၏ ဥပါသိကာမများတွင် ဂုဏ်သတင်း ကျော်စော၍ သဒ်္ဓါတရား အကောင်း ဆုံးပုဂ်္ဂိုလ် ဖြစ်သည်မဟုတ်ပါလော။ ၀ိသာခါ၏ အိမ်၌ နေ့စဉ် ရဟန်း ငါးရာတို့ကို ပင့်ဖိတ်၍ ဆွမ်းကပ် လှူဒါန်း၏။ ထို့ထက် ရဟန်းပျိုလေး ၏ စိတ်ကို ပိုမိုလှုပ်ရှားစေသော အရာမှာ ၀ိသာခါ၏ မြေးမလေး ဖြစ်သည်။ ယခင်ကပင် ၀ိသာခါ၏ မြေးမလေးအကြောင်းကို ကြားဖူးခဲ့ ပါ၏။ အဘွားဖြစ်သူ ၀ိသာခါ၏ နေရာကို ဆက်ခံကာ အဘွား၏ ကိုယ်စား သံဃာတော်တို့အား ဆွမ်း ကပ်ခြင်းစသော ဝေယျာဝစ္စအမှုကို ဦးဆောင်ပြုလုပ်နေသူ ဖြစ်သည်။ မိမိနှင့် သက်တူရွယ်တူဖြစ်သည့် အပြင် လိမ္မာထက်မြက်၍ ရုပ်ရည် ချောမောလှပကြောင်းကို တစ်ဆင့် စကား ကြားသိရစဉ်ကပင် တွေ့ချင် ခဲ့လှ၏။ ယခုတွေ့ရတော့မည် ဖြစ် သည်။
ဝိသာခါ အိမ်သို့ရောက်သော အခါ ရဟန်းပျိုလေး၏ ဆရာမှာ ရှေးဦးစွာ ယာဂုဘုဉ်းပေး၍ တပည့် ဖြစ်သူအား နေရာပေးကာ အခြား အိမ်သို့ ကြွသွားလေသည်။ အမှန် ဆိုလျှင် ဘုရားရှင် ပညတ်တော်မူ အပ်သော သေခိယသိက္ခာပုဒ်များ အရ မြို့ရွာတွင်း၌ မျက်လွှာချ၍ နေရ မည် ဖြစ်၏။ သို့သော်လည်း ရဟန်း ပျို၏ စိတ်၌ ၀ိသာခါ၏ မြေးမလေး မိမိအား ဆွမ်းကပ်ရန် ဝေယျာဝစ္စ လုပ်နေသည်ဟူသော အသိဖြင့် စိတ်တို့ ဂယောက်ဂယက်ဖြစ်ကာ သိက္ခာပုဒ်ကို ကျူးလွန်မိပြီးသား ဖြစ်နေလေသည်။ ““ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်”” ဟူသော စကားပုံသည် ရာခိုင်နှုန်းမည်မျှ မှန် သည်ကို မသိပါ။ သို့သော်လည်း မိမိမှာ ရဟန်းတစ်ပါး ဖြစ်နေပါလျက် ထိုမိန်းမပျိုလေး၏ အဆင်းရူပါရုံ၌ နစ်မြောကာ အရှက်အကြောက်မရှိ လိုက်လံကြည့်ရှုနေမိလေသည်။
မိန်းမပျိုလေးသည် ရဟန်း အား ဆွမ်းကပ်ရန်အတွက် သပိတ် ကိုယူကာ ရှေးဦးစွာ ရေအိုး၌ ဆေး ကြော၏။ အပျိုအရွယ် မိန်းကလေး တို့၏ သဘာဝအတိုင်း ရေအိုးထဲရှိ ရေပြင်၌ ထင်ဟပ်နေသော မိမိ၏ မျက်နှာရိပ်ကို ကြည့်ရင်း သာယာ နှစ်သက်ကာ ပြုံးမိလေသည်။ မိန်းမ ပျိုလေးအား လိုက်လံကြည့်ရှုနေသော ရဟန်းငယ်သည် ထိုသို့မိန်းမပျိုလေး ပြုံးသည်ကို မြင်သောအခါ မိမိအား အသိအမှတ်ပြု၍ ပြုံးပြသည်ဟု မှတ်ထင်မိသည်။ ထို့ကြောင့် ၀မ်းသာ အားရဖြင့် မိန်းမပျို၏ အပြုံး မျက်ဝန်းတို့ဖြင့် အကြည့်ချင်းဆုံခိုက် ပြန်လည် ပြုံးပြလိုက်၏။ ““အကြည့် ချင်းဆုံ ရွှေရင်တုန် မလုံသူက ပြုံးစတမ်း””မို့ ထိုကောင်မလေးသည် မိမိနှင့်အကြည့်ချင်းဆုံခိုက် ရင်ခုန်စွာ ပြုံးပြသည် ဖြစ်ပေလိမ့်မည်ဟု မှတ် ထင်မိ၏။ ထို့အတူ ရှေးဦးစွာကပင် စိတ်လှုပ်ရှားခဲ့သော ရဟန်းပျိုလေး မှာလည်း ထိုမိန်းမပျိုလေး၏ သမင် မျက်ဝန်းအစုံနှင့် အပြုံးပန်းတို့ အောက်တွင် ရင်ခုန်ရုံသာမက နှလုံး သားလေးပင် ကြွေလုမတတ်ဖြစ်ခဲ့ ရသည်။ သို့သော်လည်း ဤဖြစ်စဉ် များမှာ ရဟန်းပျို၏ တစ်ဖက်သက် အထင်မျှသာ ဖြစ်လေသည်။
မိန်းမပျိုလေးကမူ မိမိအား ပြုံးပြနေသော ရဟန်းငယ်အားတွေ့ သောအခါ ပြောင်လှောင်ခနဲ့လိုစိတ် ဖြစ်လာသည်။ မိမိသည်ကိုယ့်အတွေး ဖြင့်ကိုယ် ပြုံးသည်ကို သူ့အားပြုံးပြ သည်ဟု မှတ်ထင်နေမှန်း သိလိုက် သည်။ ထို့ကြောင့် ခနဲ့လိုသော စိတ် ဖြင့် ရဟန်းပျိုအား ““သြော် ... ခေါင်းပြတ်ကြီးကလည်း ပြုံးတတ် သားပဲ”” ဟု ပြောင်လှောင်လေ၏။ ထိုပြောင်လှောင်သော စကားကို ကြားရသောအခါ ရဟန်းပျိုမှာ ရှက် လည်းရှက်၊ ၀မ်းလည်းဝမ်းနည်းမိ၏။ ထိုရှက်စိတ်၊ ၀မ်းနည်းစိတ်တို့နှင့် အတူ ဒေါသလည်းထွက်ကာ အလွန် တရာ စိတ်ဆိုးမိ၏။ ထို့ကြောင့် မိန်းမပျိုအား ““အေး ငါ့ကို ဆံပင် မရှိလို့၊ ကတုံး တုံးထားလို့ ခေါင်း ပြတ်ကြီးလို့ ပြောတယ်ပေါ့။ ဟုတ် ပါတယ်၊ နင်ပြောသလို ငါက ခေါင်း ပြတ်ကြီးပါ။ ငါမှ မဟုတ်ဘူး၊ နင် ရော နင့်အဖေ အမေရော ဦးနှောက် မရှိ အသိဉာဏ်မရှိတဲ့ ခေါင်းပြတ် ကြီးတွေပဲ”” ဟု ဆဲရေးလေ၏။ ထိုသို့ အဆဲခံရသောအခါ မိန်းမပျိုလေး မှာ ရှက်စိတ်ဖြင့် ငိုယိုကာ အဘွား ဖြစ်သူ ၀ိသာခါအား သွား၍ တိုင်ကြားလေသည်။
မြေးမလေးနှင့် ရဟန်းငယ်တို့ ၏ ပြဿနာကို ဖြေရှင်းရန် ၀ိသာခါ လိုက်၍ လာ၏။ ငိုယို၍ ဦးစွာ တိုင် ကြားလာသော အားကိုးရသည့် ချစ် မြေးမလေးအား ၀ိသာခါက မပြော ရက်ပေ။ ရဟန်းငယ်အားသာ ကျေအေးဖို့ရာ ပြောရ၏။ ၀ိသာခါက ရဟန်းအား ““အရှင်ဘုရား စိတ် မဆိုးပါနဲ့ဘုရား၊ အရှင်ဘုရားတို့ ရဟန်းတွေဆိုတာ ခေါင်းမှာလည်း ဆံပင်ကို ဖြတ်ပြီး ကတုံးတုံးရ၊ လက်သည်းခြေသည်းဆိုလည်း အရှည်မထားဘဲ ဖြတ်ရ၊ နောက်ဆုံး ၀တ်ထားတဲ့ သင်္ကန်းတောင်မှ အရင် ဖြတ်ပြီးမှ ပြန်ချုပ်ဝတ်ရတာပါ ဘုရား။ ဒီတော့ တပည့်တော် မြေးမလေးဆိုသလို ဆံပင်တွေ ဖြတ်ထားရလို့ ဦးခေါင်းပြတ်ကြီးလို့ ပရိယာယ်နဲ့ ဆိုလိုက်တာဟာ အရှင်ဘုရားတို့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး ထင်ပါတယ် ဘုရား”” လျှောက်လေသည်။ ၀ိသာခါ၏ စကားကို ကြားသောအခါ ရဟန်းမှာ ပို၍စိတ်ပေါက်သွား၏။ ထို့ကြောင့် ၀ိသာခါအား ““ဟုတ်တာပေါ့၊ ဒကာမကြီး ပြောသလို ကျုပ်တို့ ရဟန်းတွေဆိုတာ ဆံပင်ကအစ အကုန်အပြတ်ချည်းပဲ၊ အဲလို ပြတ်တာနဲ့ပဲ ဒကာမကြီးရဲ့ မြေးက ခေါင်းပြတ်ကြီးလို့ ပြောစရာလား”” ဟု ပြန်၍ ချေပပြောဆို၏။ ဤသို့ ဖြင့် ၀ိသာခါမှာ မိမိ၏ မြေးမငယ် အား လည်းကောင်း၊ ရဟန်းငယ် အားလည်းကောင်း ကျေအေးစေရန် ပြောမရ ဖြစ်နေလေသည်။
ထိုသို့ ဖြစ်နေခိုက် ရဟန်းပျို လေး၏ ဆရာ ရောက်လာ၏။ ၀ိသာခါသည် ဆရာဘုန်းကြီးအား ဖြစ်ကြောင်းကုန်စင် လျှောက်ထား ၏။ ဆရာဘုန်းကြီးက မိမိ၏ တပည့် ရဟန်းငယ်အား ““အို ...ကွာ ဒါလေးပြောတာများ၊ စိတ်ဆိုးနေ သေး ထားလိုက်စမ်းပါ၊ ဆံပင်တွေ၊ ခြေသည်းလက်သည်းတွေ၊ အ၀တ် တွေကို အကုန်ဖြတ်ထားပြီး ဆွမ်းခံ တာကအစ အနားပြတ်တဲ့ သပိတ် ကြီးနဲ့မလား၊ ဒီလိုဦးခေါင်းပြတ်ကြီး လို့ ပြောတာလောက်များ နာမနေနဲ့၊ ငြိမ်ငြိမ်နေစမ်းပါဟ”” ဟု ဆူလေ သည်။ ရဟန်းငယ်မှာ မိမိ၏ဆရာ များအား ရိုသေသော်လည်း မိမိ ဘက်မှမပါဘဲ ဒကာမဘက်မှ လိုက် ပါ၍ ပြောနေသည်ဟု မှတ်ထင်မိ၏။ ထို့ကြောင့် ဆရာ့အား ““မှန်ပါတယ် ဘုရား၊ မှန်ပါတယ်၊ သူတို့ ပြော သလိုပဲ တပည့်တော်ကို ဦးခေါင်း ပြတ်ကြီးလို့ ပြောတာ ပြောသင့်ပါ တယ်။ အရှင်ဘုရားလည်း ဘာမှ မထူးပါဘူး၊ ကိုယ့်တပည့်ဘက်က ပါမယ် မရှိဘူး၊ ဒကာမဘက်က လိုက်ပြီး ကာကွယ်ပြောနေတာပဲ”” ဟုဆိုကာ ၀မ်းနည်းစိတ်ပျက်မိလေ သည်။
ထိုခဏ၌ပင် ၀ိသာခါ၏အိမ် သို့ ဘုရားရှင် ကြွလာတော်မူ၏။ ဘုရားရှင်က ၀ိသာခါအား ““ဘာတွေ ဖြစ်နေကြတာလဲ”” ဟု မေးတော်မူ ရာ ၀ိသာခါက ဖြစ်ကြောင်းကုန်စင် ကို လျှောက်ထားလေသည်။ ဘုရား ရှင်သည် ရဟန်းငယ်၏သောတာပန် ဖြစ်မည့် အရေးကို မြင်တော်မူ၍ ရဟန်း၏ အလိုကိုလိုက်မှ သင့်တော် မည်ဟု ကြံစည်တော်မူကာ ၀ိသာခါ အား ဤသို့မိန့်တော်မူ၏။ ““၀ိသာခါ- လက်သည်း၊ ခြေသည်း၊ ဆံပင် စတာတွေ ဖြတ်ထားရတာနဲ့ပဲ သင့် မြေးမလေးက ငါ့သားတော်ကို ဘာလို့ ဦးခေါင်းပြတ်ကြီးလို့ ဆဲရေးရ တာလဲ””။ဘုရားရှင်၏ ဤသို့မိန်တော် မူသံကို ကြားရသောအခါ ရဟန်း ငယ်သည် မိမိဘက်မှ လိုက်ပါ၍ မိန့်တော်မူသည်ဟု ကျေနပ်နှစ်သက် ကာ လက်အုပ်ချီ၍ လျှောက်ထား၏။ ““မြတ်စွာဘုရား၊ ဒီပြဿနာကို အရှင်ဘုရားပဲ အမှန်အတိုင်း မြင် တော်မူပါတယ် ဘုရား၊ တပည့်တော် ရဲ့ ဥပဇ္ဈာယ်ဆရာရော၊ ဒကာမကြီး ရော ဘာမှ အမှန်အတိုင်း မသိပါ ဘုရား”” ဟု လျှောက်ထားလေသည်။ ဒေါသဖြင့် ကြမ်းတမ်းခက်ထန်နေရာ မှ ရဟန်းငယ်၏စိတ် ပြန်လည် ကြည်နူးရွှင်ပျလာသည်ကို ဘုရားရှင် သိသောအခါမှ ““ချစ်သား ရဟန်း၊ ယုတ်ညံ့သော ကာမဂုဏ်အာရုံတို့ကို မမှီဝဲပါနဲ့၊ အခုပဲ မိန်းကလေးရဲ့ လှပ တဲ့ အဆင်းရူပါရုံကို တပ်မက်ပြီး ကြည့်ရှုခံစားမိလို့ စိတ်ဒုက္ခရောက်ရ တယ် မလား”” စသည်ဖြင့် တရား ဟောတော်မူ၏။ တရားတော်၏ အဆုံး၌ ရဟန်းငယ်သည် သောတာပန်အဖြစ်သို့ ရောက်လေ သည်။
သောတာပန်အဖြစ်သို့ ရောက် သောသူသည် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ နှစ်ပါးကို သောတာပတ်္တိမဂ်ဖြင့် အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်၏။ ကြွင်းသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့တွင်လည်း အပါယ်သို့ ကျစေနိုင်သော ရုန့်ရင်း သော ကိလေသာတို့ကိုလည်း အလွန်နည်းပါးသွားသည်ထိ ပယ် သတ်နိုင်၏။ ထို့ကြောင့် သောတာပန် ပုဂ်္ဂိုလ်သည် ပုထုဇဉ်ပုဂ်္ဂိုလ်နှင့် စာ လျှင် မောဟ စသည် နည်းသည့် အတွက် အမှန်ကို အမှန်အတိုင်း ပို၍ မြင်နိုင်၏။ မြင်သည့်အတိုင်း လည်း လက်ခံနိုင်၏။ ဒိဋ္ဌိကင်းပြီး ဖြစ်သည့်အတွက် အဖြစ်အပျက် သဘောကိုမြင်ပြီး ဖြစ်ရကား အတ္တ နှင့် မာနလည်း အလွန်နည်းပါး၏။ ထို့ကြောင့် အမှားကို လက်ခံပြုပြင် နိုင်စွမ်း ရှိလာ၍ မိမိကိုယ်ကို ပို၍ မြင်လာ၏။ ကိုယ့်အကြောင်းကိုလည်း ပို၍ သိလာ၏။ ကိလေသာတို့ကို လုံးဝ မပယ်သတ်ရသေးသော ပုထုဇဉ်အများစုမှာ ကိလေသာ အမှောင်ထုကို အကာအကွယ်ယူ၍ မိမိကိုယ်ကိုယ်နှင့် တလောကလုံးကိုပါ ဟန်ဆောင်လှည့်ပတ်၍ လိမ်ညာနေ ကြ၏။ လိမ်ညာမှုအားလုံးတွင် မိမိ ကိုယ်ကို လိမ်ညာမှုက ပြစ်မှုအကြီး ဆုံးဖြစ်၍ ဆိုးကျိုးအများဆုံး ဖြစ်၏။
သောတာပန်ဖြစ်ပြီးသော ရဟန်းပျိုလေးသည် မိမိပုထုဇဉ်ဘ၀ က ဖြစ်ပျက်ခဲ့သော မိန်းမပျိုလေးနှင့် အဖြစ်အပျက်ကို ပြန်လည်တွေးတော ရင်း အမှားကို လက်ခံမြင်ယောင် လာ၏။ ဥပဇ္ဈာယ်ဆရာ၊ ၀ိသာခါနှင့် မိန်းမပျိုလေးတို့၏ လိုအပ်ချက်ကို လည်း ဆင်ခြင်မိ၏။ ဘုရားရှင်၏ ပြီးပြည့်စုံမှုကိုလည်း တွေးတော ကြည်ညိုမိ၏။ အမှန်ဆိုလျှင် မိမိ သည် ရဟန်းတစ်ပါးနှင့် မအပ်စပ် သော မိန်းမပျိုအား သာယာ နှစ်သက်ကာ ပြုံးရယ်ပြမှုကို စတင် ပြုမိသည့်အတွက် ထိုစဉ်ကပင် မှား မှန်းသိခဲ့ပါ၏။ ဆရာဘုန်းကြီးနှင့် ၀ိသာခါတို့ ပြောကြားသော စကား များမှာလည်း လက်သင့်ခံနိုင်ဖွယ် စကားများ ဖြစ်ပါသည်။ သို့ပါလျက် မိမိမှာ အတ္တ၊ မာနတို့ လွန်ကဲနေ သည့်အပြင် ရှက်ရမ်း ရမ်းမိသည့် အနေဖြင့် မချေမငံ ပြန်ပြောနေမိ ခြင်း ဖြစ်သည်။ ထို့ပြင် ဆရာနှင့် ၀ိသာခါ၏ စကားပြောဆိုပုံမှာလည်း မိမိ၏အမှားအား လက်ခံလာအောင် စွမ်းဆောင်နိုင်မှု မရှိကြချေ။ သူတို့ သည် “မှန်လျှင် ပြီးတာပဲ” ဟု တစ်ဖက်တည်းမှနေ ပြောနေကြ သည့်အတွက် တဖက်လူကို နှိပ်ကွက် သလို ဖြစ်နေ၏။
ဆရာနှင့်ဝိသာခါမှာ နှိပ်ကွက် လိုစိတ်ရှိမည် မဟုတ်ကြသော်လည်း အချိန်အခါ၊ အခြေအနေကိုလိုက်၍ စကားပြောဆိုနိုင်စွမ်း မရှိသော ကြောင့်သာ ဤသို့ ပြဿနာမပြီးရ ခြင်း ဖြစ်သည်။ အမှန်ဆိုလျှင် ဆရာ ဘုန်းကြီးနှင့် ၀ိသာခါ နှစ်ဦးလုံးမှာ အရိယာပုဂ်္ဂိုလ်များဖြစ်သည့်အတွက် စိတ်ထား ဖြူစင်မွန်မြတ်သူများ ဖြစ် ကြ၏။ စိတ်ထားလည်း ဖြူစင် မွန်မြတ်၊ ပြောဆိုသည့် အကြောင်း အရာလည်း မှန်ကန်ပါလျက် တစ်ဖက်သား၏ စိတ်နေစိတ်ထားကို မဆင်ခြင် မစဉ်းစားမိသည့်အတွက် ထိုသူတို့ပြောစကားမှာ အထ မမြောက်ခြင်း ဖြစ်မည်ထင်ပါသည်။
မြတ်စွာဘုရားရှင်သည်ကား အဘယ်သို့ပြောလျှင် မိမိပြောသော စကား ထိရောက်မည်ဟု ဆင်ခြင် စဉ်းစားတော်မူပြီးမှ အလျော့အတင်း ကိုလိုက်၍ ပြောတော်မူသည့်အတွက် အပြောခံရသူ မိမိမှာ သဘောကျခဲ့ ရပါ၏။ အကယ်၍ ဘုရားရှင်သာ ဆရာနှင့် ၀ိသာခါနည်းတူ မိမိအား အပြစ်ပြောခဲ့ပါလျှင် ဘုရားရှင်ကိုပင် မချေမငံပြန်၍ ပြောမိမည် ထင်၏။ ထို့ကြောင့် စကားတစ်ခွန်းပြောကြား ရာ၌ စိတ်ထားမွန်မြတ်နေရုံ၊ ပြော သော စကားအကြောင်းအရာ မှန်ကန်နေရုံဖြင့် မိမိပြောသော စကား မထိရောက်နိုင်ပါ။ ပုထုဇဉ် တို့သည် အတ္တ၊မာနတို့ ရောပြွမ်းနေ သည့်အတွက် ထိုသူတို့၏ အတ္တနှင့် မာနကို ထိပါးမိလျှင် အမှန်ကို အမှန်ဟု သိသည့်တိုင် လက်ခံကြ မည် မဟုတ်ကြပေ။ ထို့ကြောင့် လောက၌ မိမိပြောဆိုသောစကား၊ အဆင်ပြေ အောင်မြင်လိုလျှင် မှန်ကန်မှုတစ်ခုဖြင့် မရ။ တစ်ဖက် သူ၏ စိတ်နေစိတ်ထားနှင့် အခြေ အနေ၊ အချိန်အခါတို့ကို သုံးသပ် ကာ အဆောတလျင် မပြောဆိုဘဲ စဉ်းစားချင့်ချိန်၍ ပြောဆိုဖို့ လိုအပ် ပါသည်။ ရဟန်းငယ်လေးသည် မိမိ၏အဖြစ်နှင့်ဆက်စပ်၍တွေးတော မိသော အကြောင်းအရာများကို လူအများအား သိစေလိုသော စေတနာ ဖြစ်ပေါ်ရင်း တစ်ဖက်၌ လည်း ဘုရားရှင်၏ ဟောပြော ကျွမ်းကျင်မှုနှင့်စပ်ကာ သုဂတဂုဏ် တော်ကို အထပ်ထပ်ပွားလျက် ပီတိ တရားများ ဖြစ်ပွားနေမိ၏။
ထို့နောက် ရဟန်းငယ်သည် မသိမသာ ရှက်ပြုံးလေးပြုံးရင်း ““သြော် ကိုရွှေကတုံးတို့များ၊ သူ့ မာယာအပြုံးတစ်ချက်ကြောင့် ဒုက္ခ လုံးလုံးကြီး ရောက်တော့မလို့၊ တော်ပါသေးရဲ့ ဘုရားကယ်ပေလို့ ပေါ့””ဟုတီးတိုးရေရွတ်နေလေသည်။
နေရိပ်နွယ် (ကံ့ကော်ရိပ်)

