လွတ်မြောက်ရာလမ်း
သျှင်တေဇမာလာ(နဂါးပေါ်)

တပ်မက်တွယ်တာစရာတွေ များလာသော ဤလူ့ဘုံခန်းဝါ၌ လောကသားတို့သည်ကား အာရုံ ဒြပ်တို့၏ နောက်သို့ အပြေးအလွှား လိုက်ပါနေကြ၏။ မိမိ၏ စိတ် အာဟာရအတွက် ဟိုဟာကောင်နိုး နိုး၊ ဤဟာကောင်းနိုးနိုးဖြင့် ဟိုအာရုံ ကို ဆွဲယူကပ်ငြိလိုက်၊ ဤအာရုံဆွဲယူ ကပ်ငြိလိုက်လုပ်ရင်း အချိန်ကာလ ပေါင်းသာ ကြာညောင်းခဲ့ကြရသည်။ သံသရာဘ၀ပေါင်းသာ ရှည်ညောင်း ခဲ့ကြရသည်။ မိမိ၏ စိတ်အာဟာရ အတွက်ကား အဆာမပြေ။ မိမိ၏ ဘ၀အတွက်ကား အငြိမ်းဓာတ်ကို ရှာမတွေ့။ ဤသို့ဖြင့်သာ ရှာရင်း မော၊ ရှာရင်းမျောနေကြရတော့၏။ အမှန်အားဖြင့် လောကသားတို့၏ ရှာပုံတော်ကား ရေလိုက်လွဲမှားနေကြ သည်ကိုမူ မသုံးသပ်မိကြ။ တကယ့် ငြိမ်းချမ်းရေးတည်းဟူသော အအေး ဓာတ်ကား မိမိတို့နှင့် အဝေးကြီးကို ကြည့်နေစရာမလို၊ မိမိကိုယ်တိုင် သည်သာ။ စစ်မှန်သည့် ငြိမ်းချမ်း ရေးတည်းဟူသော အငြိမ်းဓာတ် (နိဗ္ဗာန်) ကို လိုချင်သောပုဂ်္ဂိုလ်သည် ဘ၀ကို ပယ်ဖြတ်ရမည်။ ဘ၀ကို ပယ်ဖြတ်လိုပါမူ ကံကို ပယ်ရမည်။ ကံကိုပယ်ရန်အတွက် ကိလေသာဝဋ် ကို ပယ်ရမည်။ ကိလေသာဝဋ်ကို ပယ်ရန် သိက္ခာသုံးပါးကို ကျင့်သုံးရ မည်။
သိက္ခာသုံးပါးဟုဆိုရာ၌ သူ့ အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့သားမယားပြစ်မှားကျူးလွန်ခြင်း၊ မုသားပြောဆိုခြင်း၊ သေရည် သေရက်သောက်ခြင်းတို့၌ ကာယကံ သောင်းကျန်းမှု၊၀စီကံသောင်းကျန်းမှု မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက် ခြင်းသည် “အဓိသီလ” မည်၏။
အဓိသီလ အားကောင်းလာ လျှင် စိတ်၏သောင်းကျန်းမှုမရှိဘဲ ငြိမ်ဝပ်ပိပြားနေခြင်းသည် အဓိစိတ္တ မည်၏။ တစ်နည်းအားဖြင့် ၀ိပဿနာ ဉာဏ်၏ အခြေခံဖြစ်သော ကုသိုလ် သမာဓိသည် “အဓိစိတ္တ” မည်၏။ အဓိစိတ္တတည်းဟူသော ကုသိုလ် သမာဓိအားကောင်းလာလျှင် “ဘူတံ ဘူတတော ပဿတိ” ဖြစ်နေသည် ကို ဖြစ်နေသည့်အတိုင်း၊ တည်နေ သည်ကို တည်နေသည့်အတိုင်း၊ ပျက်နေသည်ကို ပျက်နေသည့် အတိုင်း မြင်ဖို့သိဖို့ ရှုမှတ်ဖို့ လွယ်ကူ လာ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တည်းဟူသော လက္ခဏာရေးသုံးပါး တို့၏ အခြင်းအရာကို ပိုင်းခြားတတ် သော ၀ိပဿနာဉာဏ်သည် “အဓိ ပညာ” မည်၏။ တစ်နည်းအားဖြင့် မဂ်ဖိုလ် ပညာသည် “အဓိပညာ” မည်၏။
ဘ၀မှလွတ်မြောက်လိုသော ပုဂ်္ဂိုလ်သည် ဖြစ်နေသည်ကို ဖြစ်နေ သည့်တိုင်း၊ ပျက်နေသည်ကို ပျက် နေသည့်အတိုင်း မြင်ဖို့၊ သိဖို့၊ ရှုမှတ် ဖို့ လို၏။ အမှန်အားဖြင့် အားလုံး သော လောကသားတို့သည် မိမိတို့ ၏ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ နှစ်တန်သော သန္တာန်၌ ရှိနေသည့် တရားကို ရှိနေ သည့်အတိုင်း မမြင်ကြ၊ မသိကြ၊ မရှုမှတ်နိုင်ကြ၍သာ။ မိမိတို့၏ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်တန်သော သန္တာန်၌ ရှိနေသည့် ဖြစ်၊ တည်၊ ပျက်ဟူသော လမ်းစဉ်အတိုင်း မမြင် ကြ၊ မသိကြ၊ မရှုမှတ်နိုင်ကြပေ။
ဤသို့ မသိ၊ မမြင်၊ မရှုမှတ် နိုင်ကြခြင်းတည်းဟူသော အ၀ိဇ်္ဇာ လွှမ်းမိုးမှုဝယ် တဏှာ လောဘ စသော အာရုံခြောက်ပါးဖြင့် ကပ်ငြိ တွယ်တာနေမိကြ၏။ ယင်းကပ်ငြိ တွယ်တာမှုဝယ် အာရုံတရားတို့ အပေါ်၌ဖြတ်နိုင်၊ မဖြတ်နိုင်ဟူသည် မှာ အစွဲခံဒြပ်၊ ကာမဂုဏ်ဒြပ် အနည်းအများက မပြဋ္ဌာန်း။ စွဲလမ်း တတ်သော စိတ်သည်သာ ပြဋ္ဌာန်း၏။ အာရုံဒြပ်တို့အပေါ်၌ မိမိစိတ်က ဖြစ် ချင်လျှင် ဖြစ်၍ ရ၏။ ပျက်ချင်လျှင် ပျက်၍ ရ၏။ အာရုံဒြပ်က အသေး အဖွဲ၊ အနည်းငယ်ဟုဆိုသော်လည်း စိတ်၌ အားကြီးစွာ စွဲလျှင် စွဲ သလောက် ငြိတွယ်မှုသည်လည်း အားကြီး၏။ မြတ်ဗုဒ္ဓအလောင်း တော် ကုဒါလပဏ္ဍိတသည် ခြောက်ကြိမ်တိုင်တိုင် ရသေ့ပြုခြင်း ၀ယ် ပေါက်တူးတစ်လက်ကြောင့်ပင် လူထွက်လိုက်၊ ရသေ့ပြုလိုက် ဖြစ် နေရ၏။ ယင်းပေါက်တူးနှင့်ပင် လယ်ယာလုပ်ကိုင်ခြင်းတည်းဟူသော အသက်မွေးဝမ်းကြောင်းမှုနှင့် အိမ်ရာတည်ထောင်မှုတို့ ပြုမိနေ၏။ ခုနစ်ကြိမ်မြောက် ရသေ့ပြုဖို့ စိတ် ပြန်လည်လာသော ဤတစ်ကြိမ်တွင် မူ ခိုင်မာသည့် သန်္နိဋ္ဌာန်တစ်ရပ် မဖြစ်မနေ ချမှတ်ရတော့၏။
လူ့ဝန်းကျင်တွင်လည်း အထွေ ထွေသော နောက်ဆံတင်းစရာများ ဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်း၊ တရားနာယူ ခြင်းစသည့်နေရာများ၌ ဖြောင့်ဖြောင့် မှန်မှန် မပြုလုပ်နိုင်ဘဲ နောက်သို့ လည်ပြန်ကြည့်နေရင်းနှင့်ပင် တကယ့်အနှစ်သာရများ ပျောက်ဆုံး နေကြရသည်။ ဤသို့ လည်ပြန်ရင်း လည်ပြန်ရင်း ပြန်ပြန်လည်နေသော သံသရာစက်ဝန်းကား မရပ်မနား တသွားတည်း သွားနေလေတော့ သည်။
ကုဒါလပဏ္ဍိတသည်ကား ခုနစ်ကြိမ်မြောက်ရသေ့ပြုရန်အတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချရ ပေတော့မည်။ သို့အတွက် ခါတိုင်း အကြိမ်ကဲ့သို့ ပေါက်တူးကို ချုံအတွင်း သို့ ၀ှက်မထားဘဲ မြစ်ကမ်းဘေးထိ ယူဆောင်လာခဲ့သည်။ မြစ်ကမ်းပါး၌ ရပ်၍ မျက်စိစုံမှိတ်ကာ တွယ်တာမှု အားလုံး၏ အရင်းခံဖြစ်သော ပေါက်တူးကို မြစ်ထဲသို့ ပစ်ချလိုက် ၏။ ပေါက်တူးကို မြစ်ထဲသို့ ပစ်ချပြီး သော် လက်သီးလက်မောင်းတန်း၍ အားမာန်အပြည့်ဖြင့် “နိုင်ပြီ၊ နိုင်ပြီ၊ နိုင်ပြီ” ဟု အော်ဟစ်ကြွေးကြော် လေတော့၏။
ယင်းသို့ ကုဒါလပဏ္ဍိတ ကား မြစ်ထဲသို့ ပေါက်တူးပစ်ချပြီး၍ လက်သီးလက်မောင်းတန်းကာ အော်ဟစ်ကြွေးကြော်နေသည်နှင့် အချိန်ကိုက်၍ ပစ်္စန်္တရာဇ်အရပ်၌ သူပုန်တို့၏ ရန်ကို စစ်တိုက် အောင်မြင်ကာ အနိုင်ရလာသော ဗာရာဏသီမင်းနှင့်ဆုံလေ၏။ ယင်း အော်ဟစ်ကြွေးကြော်ခြင်း အကြောင်းကို မေးမြန်းသိရှိလေ သောအခါ ဗာရာဏသီမင်းက ကုဒါလပဏ္ဍိတအား ချီးကျူး ဂုဏ်ပြု၍ သာဓုအကြိမ်ကြိမ်ခေါ်ဆို ရလေ၏။
ဤနေရာ၌ သူပုန်စစ်တပ်ကြီး တစ်ခုလုံးကို ဖြိုခွင်း၍ အောင်နိုင်သူ က ပေါက်တူးတစ်လက်ကို မြစ်ထဲ ပစ်ချ၍ အောင်နိုင်သူအား ချီးမွမ်း ထောပနာပြုရခြင်းဝယ် သာမန် အမြင်အားဖြင့်တော့ကား တစ်မျိုး တစ်မည် ဖြစ်နေပေလိမ့်မည်။ နက်နဲ သောအမြင်နှင့် ရှုကြည့်မည် ဆိုပါမူ နက်နဲသောအတွေး၊ နက်နဲသော အမှန်တရားတို့ကို တွေ့မြင်ကြရပေ လိမ့်မည်။
ဗာရာဏသီမင်းကား ဗဟိဒ္ဓ တည်းဟူသော အပြင်ရန်ကို တွန်းလှန်အောင်မြင်ခြင်း ဖြစ်၏။ အပြင်ရန်အောင်နိုင်ခြင်းဟူသည်၌ တည်မြဲခြင်းမရှိ။ ယင်းရန်သူတို့ သည် အားပြည့်၍ ပြန်လည် ထကြွလာ သောအခါ ဗာရာဏသီမင်း၏ အောင်နိုင်ခြင်းကား မမြဲ။ ယခုနိုင် လျှင် နောင်တစ်ချိန် ရှုံးချင်ရှုံး၏။ ယခုနိုင်လျှင် နောင်တစ်ချိန် ရှုံး လည်း မရှုံး၊ နိုင်လည်းမနိုင် ဖြစ်ချင် လည်း ဖြစ်မည်။
ကုဒါလပဏ္ဍိတကား အဇ္ဈတ္တ တည်းဟူသော အတွင်းရန်ကို တွန်းလှန်အောင်နိုင်ခြင်း ဖြစ်၏။ အတွင်းရန်ကို တွန်းလှန်အောင်နိုင် ခြင်း ဟူသည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဒွါရ ခြောက်ပါး၊ တံခါးခြောက်ပေါက်ကို ပိတ်ကာ လောဘတည်းဟူသော ကိလေသာရန်သူကြောင့် တွယ်ဖက် ၍ ကပ်ငြိတွယ်တာမိသော အဇ္ဈတ္တ စိတ်ကို အနိုင်တိုက်ခိုက်၏။ မျက်စိ ဖြင့် နှစ်သက်ဖွယ်ရာ အာရုံဒြပ်ကို တွေ့မြင်ရသည့်အခါ စိတ်သည် သာယာ၏။ ကြည်လင်၏။ ထိုအခါ နှစ်သက်၍စွဲလမ်း၏။ တမ်းတမ်း တတဖြင့် တွယ်တာ မြတ်နိုး၏။ ခွာမရအောင် တွယ်ကပ်၍ တပ်မက် မော၏။ ထိုအခါ သတ္တ၀ါကောင်၏ သန္တာန်၌ မျက်စိမှ တဏှာ လောဘ ၀င်ရောက် အခြေစိုက်မိပြီး ဖြစ် တော့၏။ မျက်စိဖြင့် မနှစ်သက်ဖွယ် အဆင်းကို တွေ့မြင်ကြရသည့်အခါ စိတ်ဆင်းရဲကြရ၊ စိုးရိမ်ပူပန်ကြရ၊ ပင်ပန်းနွမ်းနယ်ကြရ၊ ငိုကြွေး ပူဆွေး ကြရဖြင့် မျက်စိမှ “ပဋိဃာ နုသယ” ခေါ်သည့် “ဒေါသတရား”က တစ်မျိုး နှိပ်စက်ပြန်၏။ ဤအတူပင် မျက်စိမှ အစ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် တို့သည်လည်း ကောင်းသော အာရုံ ဒြပ်ကို ခံစားမိလျှင် စိတ်သည် သာယာ၏။ သတ္တ၀ါကောင်၏ သန္တာန်၌ မလိုမုန်းတီးမှု ဒေါသ တရား ၀င်ရောက်လာရ၏။ တစ်ခါ တစ်ခါ အာရုံဒြပ်တို့အပေါ်၌ အဆိုး အကောင်း ပိုင်းခြားနိုင်ခြင်းမရှိဘဲ တွေဝေမှု “မောဟ”၊ အာရုံဒြပ်တို့ဖြင့် မော်ကြွားထောင်လွှားမှု “မာန”၊ အမြင်မား အယူအစွဲမှားမှု “ဒိဋ္ဌိ”၊ ထိုဟာလိုလို ဤဟာလိုလိုဖြင့် အမှန် ကို မဆုံးဖြတ်နိုင်မှု “၀ိစိကိစ္ဆာ”၊ စိတ်လေးထိုင်းမှိုင်း “ထိန”၊ စိတ်ပျံ့ လွင့်မှု “ဥဒ္ဓစ္စ”၊ မိမိကိုယ်ကို မငဲ့မှု “အဟိရိက”၊ သူတစ်ပါးကို မလေးစားမှု “အနောတ္တပ္ပ” ဟူသော ကိလေသာတရားတို့သည်လည်း ၀င်ရောက်လာ၏။ ဤသို့လျှင် “အ၀ိဇ္ဇာ သမုဒယာ သင်္ခါရ သမုဒယော = အ၀ိဇ္ဇာဖြစ်လျှင် သင်္ခါရဖြစ်ရမည်” ဟူသော ဒေသနာ အရ အ၀ိဇ္ဇာမူလ အခြေခံသည့် ကိလေသာတရားတို့ ကြောင့် ဘ၀ကို တည်ဆောက်မည့် ကံတရားများ ပေါက်ဖွားလာရတော့ ၏။
နိဗ္ဗာန်ဟူသည် “၀ါန” ခေါ် သော တဏှာ လောဘကုန်ခြင်းပင် ဖြစ်သည့်အလျောက် ယင်းဘ၀ကို တည်ဆောက်မည့် ကံတရားများ မပေါက်ဖွားမီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဒွါရ ခြောက်ပါး၊ တံခါးခြောက်ပေါက်ကို ကြပ်ကြပ်မတ်မတ် စောင့်စည်းမှုရှိ ကြရပေမည်။ ၀င်သမျှ၊ ထွက်သမျှ သော ကိလေသာတရားများ၌ လိုချင် တပ်မက်မှု လောဘ၀င်လာလျှင် ယင်းလောဘကို ရှုမှတ်ရမည်။ အလိုမကျမှု ဒေါသ၀င်ရောက်လာ လျှင် ယင်းဒေါသကို ရှုမှတ်ရမည်။ စိတ်ဖိစီးမှု မောဟ၀င်ရောက်လာ လျှင် ယင်းမောဟကို ရှုမှတ်ရမည်။ ဤသို့ ရှုမှတ်ဖန်များလာသော် အရှုခံဒြပ်တို့၏ မတည်မြဲခြင်း သဘောကို တွေ့မြင်လာရပေလိမ့် မည်။ အားလုံးသော အရှုခံဒြပ်တို့ သည် ဖြစ်ခြင်းပျက်ခြင်း သဘောဖြင့် သာ တည်ဆောက်ထားသည်ဟု ထင်ဟပ်လာ၏။ ရှုမှတ်မှုများလေ အရှုခံဒြပ်တို့၏ ဆွဲအားသည် နည်းပါးလာလေဖြစ်၏။ ရှုမှတ်မှု အားကောင်းလာလျှင် အားကောင်း သလောက် အရှုခံဒြပ်အပေါ် တွယ် ကပ်ထားသည့် တဏှာလောဘ စသော ကိလေသာတရားများသည် တဖြည်းဖြည်း ပါးလွှာလာရ၏။ ထိုအခါ ဘ၀သည် နိဗ္ဗာန်တည်းဟူ သော ရပ်ဌာနနှင့် တဖြည်းဖြည်း နီးကပ်လာရ၏။ နိဗ္ဗာန်ဟူသော ရပ် ဌာနသို့ရောက်သော် တဏှာလောဘ ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘ၀သည် ပြတ်၏။ ဤဘ၀ပြတ်ခြင်းကား ငြိမ်းအေး သော သဘောဖြစ်၍ လောကီ ၀န်းကျင်၌ သုံးနှုန်းနေသော ဘ၀ ပျက်ခြင်းကား ပူလောင်သော ဘဘောကို ဆိုလိုခြင်း ဖြစ်၏။ ဤသို့ တဏှာ လောဘ ကိလေသာတို့မှ လွတ်မြောက်၍ ဘ၀ပြတ်သော် စစ်မှန်သည့် ငြိမ်းအေးချမ်းသာရာ နိဗ္ဗာန် တည်းဟူသော ရပ်ဌာနသို့ ရောက်ရှိရပေ၏။
ဤတွင် ဥဒါန်းပါဠိတော်၊ ပါဋလိဂါမိယ၀ဂ်က အကြင်နိဗ္ဗာန် အရပ်၌ ပထ၀ီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ၀ါယောဓာတ် မရှိ။ အာကာသာနဉ္စာယတန စသော ဈာန်သဘောလည်း မရှိ။ ပစ္စုပ္ပန် လောက၊ တမလွန်လောကလည်း မရှိ။ နှစ်ပါးစုံသော နေ၊ လ လည်း မရှိ။ ထိုနိဗ်္ဗာန်သည် ရှိသည်သာ တည်း။ ထိုနိဗ္ဗာန်၌လည်း တစ်စုံ တစ်ခုသော ဘ၀မှလားခြင်းကို ငါ မဟော။ တစ်စုံတစ်ခုသော အရပ်၌ တည်ခြင်းကိုလည်း ငါမဟော။ ရွေ့လျောစုတေခြင်းကိုလည်း ငါ မဟော။ ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်း ကိုလည်း ငါမဟော။ ထိုနိဗ္ဗာန်သည် တည်ရာမရှိ။ အာရုံပြုမှု မရှိသည်သာ တည်း။ ဤသဘောသည်သာ ဆင်းရဲ ခြင်း၏ လွတ်မြောက်ရာ အဆုံး ပန်းတိုင်တည်း။

သျှင်တေဇမာလာ(နဂါးပေါ်)

image