Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး

သတင်း = ဓနုဖြူတွင် လူဥ ဥသည်တဲ့။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူဥခွဲစိတ်မွေးဖွား့။ မနက်ဆယ်နာရီလောက်၊ ဓန

November 20, 2014
Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး

Ovarian Cyst

သတင်း = ဓနုဖြူတွင် လူဥ ဥသည်တဲ့။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူဥခွဲစိတ်မွေးဖွား့။ မနက်ဆယ်နာရီလောက်၊ ဓနုဖြူ၊ ကျွဲလမ်းကုန်းရွာက့။

ဒီသတင်းကိုတွေ့ဘူးလို့ ပြန်ရှာတော့တွေ့ပါတယ်။ သူနာပြုဆရာမတယောက်ကနေ အလွန်ကြီးမားတဲ့ အလုံးတခုကို ခွဲစိတ်ခန်း နောက်ခံထားပြီးရိုက်တဲ့ ဓါတ်ပုံနဲ့အတူလူဥဆိုတဲ့ ခေါင်းစဉ်နဲ့တွေ့လို့ လူဥမဟုတ်၊ မျိုးဥအိမ် အကျိတ်ပါလို့ ရေးလိုက်ပါတယ်။

အရွယ်ရောက် အမျိုးသမီးတိုင်း မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက များပါတယ်။ ကုစရာလိုတဲ့ Ovarian Cyst မျိုးဥအိမ်အကျိတ်ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။ အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။ ကျူးမားခေါ်တဲ့ အလုံး-အကျိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါ၊ ဘာလို့ဖြစ်သလည်း အတိအကျပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။

မျိုးဥအိတ်ဆိုတာ အမျိုးသမီးတိုင်းမှာ ဘယ်နဲ့ညာ တခုစီရှိတယ်။ သားအိတ်ဘေးက ချိုလိုထွက်နေတဲ့ သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက် အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့ မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ လက်တဆစ်လောက်ပေါ့။ ဒီဟာလေးကနေ Ovarian Cyst ဖြစ်ရင် ကိုယ်ဝန် ရင့်မာအရွယ်လောက်ထိ ကြီးလာနိုင်တယ်။

အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။ ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး ပူလို့ စူလာမှ သိရတာ များတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက် တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့ဘေးတို့မှာ ကပ်နေတာမဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှားလှုတ်ရှားနိုင်တယ်။ လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊ ပေါက်ထွက်ဖြစ်နိုင်တယ်။

ဒီရောဂါကို ခွဲကုရတာပါ။ ဖြစ်လာတဲ့အလုံးသပ်သပ်ကို ခွဲစိတ်ထုတ်နိုင်ရင် အကောင်းဆုံး။ အလုံးဖြစ်လာတာက မျိုးဥအိတ် တခုလုံးကနေ ဖြစ်လာတာ မဟုတ်ပါ။ တနေရာကသာ ဖြစ်တာ။ ဒါ့ကြောင့် ကောင်းနေသေးတဲ့ မျိုးဥအိတ်ကို ချန်ထားဘို့ လိုတယ်။ အလုံးက အဖုံးနဲ့ရှိလို့ ခွဲစိတ်ရှင်းရတာ ပိုလွယ်တယ်။ တခါတလေ မလွယ်ဘူး။ ကြာမှ ခွဲရရင်၊ ကြီးလွန်းရင်၊ မျိုးဥသာမကာ ပြွန်ကိုပါ ချန်မရတာ ဖြစ်နိုင်တယ်။ မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက် မရှိရင် သားသမီးရဘို့ တဝက်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊ နှစ်စုံလုံးရှိနေပါမှ အမျိုးသမီး ပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့ရာ စိတ်ချရမယ်။

တခါဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီမမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ် သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊ လည်ပင်းကြီးဟော်မုန်းနည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူတွေမှာ ဖြစ်တတ်လေ့ရှိတယ်။

အဲလိုခွဲထားခံရသူအတွက် စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅ဝ% ဆိုတာ နည်းတဲ့ အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့ အထဲကနေ ကိုယ်ဝန် ဆောင်သူ ရှိတယ်။ အစား ရှောင်စရာ မလိုပါ။ ကျန်းမာအောင်သာ မျှတတဲ့အစာစားပါ။ ဆေးလည်း ပုံမှန်အားဆေးသာ လိုပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုရင် OG နဲ့ ပြပါ။ အရင် ခွဲစိတ်မှတ်တမ်းတွေ သိမ်းထားဘို့လိုမယ်။ ခွဲစိတ်ထားပြီး၊ ချက်ချင်း ကိုယ်ဝန် မယူသင့်သေးပါ။ သန္ဓေတားဆေးသုံးရင် မျိုးဥမထွက်စေတာမို့ မျိုးဥအိမ်အကျိတ် ဖြစ်မှာကို တားဆီးပေးရာကျတယ်။ ကလေးယူတော့မယ်ဆိုရင် ကိုယ်ဝန်တားဆေး မသုံးဘဲ၊ ကြာရင် IUCD သားအိမ်ထဲပစ္စည်းထည့်နည်းသုံးပါ။ မကြာရင် ကွန်ဒွမ်သုံးသင့်တယ်။ တဖက်ထဲကသာ မျိုးဥထွက်နေရသူမို့ ထွက်နေစေချင်တယ်။ ၃-၄ လအကြာ၊ ဘာမှ မတားတော့ရင် ကလေးအမေ အခေါ်ခံရပါတော့မယ်။

အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊ အဆီတွေပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ အပင်းထည့်တယ်လို့ ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ဒါးမွိုက်-ဆစ် ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာ ရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုး ဖြစ်တတ်တယ်။ အဲလိုပုံသာတင်ရင် ဖေ့စ်ဘွတ်မှာ လိုက်ခ်တွေများမှာသေချာတယ်။

ဓါတ်ပုံထဲမှာပါတဲ့ အရွယ်အစားလောက်ရှိမဲ့ မျိုးဥအိမ်အလုံးကြီးကို ထိုင်း-မြန်မာနယ်စပ်က KNU ကရင်ဆေးရုံလေးတခုမှာ ကြုံကြိုက်လို့ ခွဲပေးခဲ့ရဘူးပါတယ်။ ဆေးရုံကလဲ တောထဲမှာ၊ ကင်မရာလဲမပါလို့ ဓါတ်ပုံမရိုက်နိုင်ပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/ovarian-cyst_20.html


Healthy Life

253 Blog posts

Comments