HIV and CD4 စီ-ဒီ-ဖိုး

HIV/AIDS ရောဂါအကြောင်း ကောင်း-ဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper

November 15, 2014
HIV and CD4 စီ-ဒီ-ဖိုး

HIV and CD4

HIV/AIDS ရောဂါအကြောင်း ကောင်း-ဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်ပါတယ်။

လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတယ်။ အဲဒီဟာတွေထဲက Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ဖြစ်တယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ဝင်လာစေဘို့ “ဧည့်ကြို” တာဝန်ယူသလို ဖြစ်နေတယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအား ကျဆင်းလေဘဲ။ နောက်ဆုံးမတော့ ဘာဆို ဘာမှ မခုခံနိုင်တော့ပါ။

CD4 Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

CD4 counts 500 -1500/mm3 အတွင်းရှိတယ်။ ပုံမှန်အရေအတွက်က ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200x106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ART ဆေး ပေးတယ်။ တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ- မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်တယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ပိုသေခြာတယ်။ HIV မဟုတ်တဲ့ တခြား ရောဂါ-အခြေအနေတွေမှာလည်း ဒီနည်း သုံးပါသေးတယ်။

HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။

CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ဆိုရင် ဆေးကုပါလို့ ဆိုတယ်။ တိုင်းရင်းဆေး၊ တခြားဆေးနည်းတွေကို သုတေသနလုပ်ထားတာ မတွေ့သေးပါ။

အခြေခံ အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hiv-and-cd4.html


Healthy Life

253 Blog posts

Comments