Varicocele (ဗေရီကိုဆီးလ်)

ယောက်ျားတိုင်းမှာ Scrotum ကပ်ပယ်အိတ် တခုစီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ ဝှေးစေ့ ရဲ့ သွေးပြန်ကြော Vein တွေ ပုံ

November 10, 2014
Varicocele (ဗေရီကိုဆီးလ်)

Varicocele

ယောက်ျားတိုင်းမှာ Scrotum ကပ်ပယ်အိတ် တခုစီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ ဝှေးစေ့ ရဲ့ သွေးပြန်ကြော Vein တွေ ပုံမှန်မဟုတ်ဘဲ ဖေါင်းကြွနေတာကို Varicocele ခေါ်တယ်။ မြန်မာလို လူတိုင်းနားလည်-လက်ခံတဲ့ ဘာသာပြန် မရှိသေးဘူး။

အဲဒီ သွေးပြန်ကြောတွေက ဗိုက်ထဲကနေ ပေါင်ခြံတလျှောက်၊ နောက်ပြီး ဝှေးစေ့ ဆက်နေတာ ဖြစ်တယ်။ သူနဲ့အတူ ရောထွေးနေတာက Spermatic cord အကြောဆိုတာ ရှိတယ်။ သွေးပြန်ကြော မှန်သမျှ သွေးကို တဖက်သတ်သာ စီးစေဘို့လုပ်ပေးမဲ့ one-way valves ဆိုတာတွေ အထဲမှာ ရှိတယ်။ အဲဒါတွေ ကောင်းကောင်း အလုပ်မလုပ်ရင်၊ Varicocele ရောဂါရလာစေတယ်။ ခြေထောက်မှာဖြစ်တဲ့ Varicose veins သွေးပြန်ကြောထုံး ရောဂါလို သဘောဘဲ။ ဒါမှမဟုတ် သွေးပြန်ကြောကို တခုခုကနေ ဖိမိနေတာဖြစ်ရင်လည်း Varicocele ရောဂါရလာစေတယ်။

ဒီလိုဖြစ်သူတွေမှာ နဲနဲ အောင့်သက်သက်နာတာ၊ လေးနေတယ်လို့ ခံစားတာဖြစ်မယ်။ ကိုင်ကြည်ရင် အထဲမှာ တီကောင်တွေ လိုလို ထင်ရတယ်။ ဖြစ်တာက ဖြေးဖြေးဘဲ။ ဘာမှ မခံစားရတာကနေ စတယ်။ အသက် ၁၅-၃ဝ အတွင်းမှာ အတွေ့များပြီး ၄ဝ ကျော်ရင် ရှားတယ်။ ဘယ်ဘက်မှာ ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဘယ်ဘက် သွေးပြန်ကြောက အထက် တည့်တည့် ဆန်တက်ပြီး ကျောက်ကပ်သွား သွေးပြန်ကြောနဲ့ သွားဆက်ရတယ်။ ညာဘက်ကတော့ ခါးလည် တည်တည့်က သွေးပြန်ကြောမကြီးထဲ ဝင်ရတာ မတူလို့ ဖြစ်တယ်။

တခြားနေရာမှာ ရောဂါရနေလို့ သွေးပြန်ကြောကို လာဖိမိတာကြောင့် ဖြစ်ရတာလည်း ရှိတယ်။ ဗိုက်၊ တင်းပါဆုံတွင်း ကင်ဆာ ဖြစ်တာမျိုး။ အသက် ၄ဝ ကျော်မှ ဘာညက်ဖြစ်ရင် ဒါကိုသံသယဝင်သင့်တယ်။ လှဲအိပ်လိုက်ရင် သွေးကောင်းကောင်း လျှောက်တာ တွေ့ရရင် ပဌမအကြောင်းကြောင့် ဖြစ်မယ်။ စိုးရိမ်စရာ မလိုဘူး။

Ultrasound လုပ်ရင် သိတယ်။ Color doppler sonography နည်းက အတိကျဆုံး ဖြစ်တယ်။

Varicocelectomy ခွဲစိတ် ကုသတယ်။ Varicocele embolization နည်းကတော့ မခွဲစိတ်ဘဲ ဆေးသုံးပြီး သွေးခဲနဲ့ ပိတ်အောင်လုပ် ကုနည်းဖြစ်တယ်။ L-carnitine ဆေးပေးကုတာလည်း လုပ်ကြပါသေးတယ်။ ခွဲတာလောက်တော့ မကောင်းဘူး။

ကြာရင် Testis ကြုံလှီ သေးလာနိုင်တယ်။ ကလေးမရ ဖြစ်စေတတ်တယ်။ ကလေးမရနိုင်တဲ့ သူတွေမှာ low sperm count with poor motility သုတ်ပိုး အရေအတွက် နဲ့ သန်စွမ်းမှုလဲ နည်းနေတာ ဒီရောဂါကြောင့်က များတယ်။ ခွဲစိတ်လိုက်ရင် တခါတည်း ကောင်းသွားမှာပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/varicocele.html


Healthy Life

253 Blog posts

Comments