Plantar fasciitis ခြေဖနောင့်နာရောဂါ

ဆရာ ကျမမေမေက လမ်းကိုအဝေးကြီးလျှောက်ရင် ခြေဖဝါးကမခံနိုင်အောင် နာတယ်လို့ ပြောပါတယ်ဆရာ။ ဘာဖြစ်လို့ နာတယ်

December 01, 2014
Plantar fasciitis ခြေဖနောင့်နာရောဂါ

Plantar fasciitis

ဆရာ ကျမမေမေက လမ်းကိုအဝေးကြီးလျှောက်ရင် ခြေဖဝါးကမခံနိုင်အောင် နာတယ်လို့ ပြောပါတယ်ဆရာ။ ဘာဖြစ်လို့ နာတယ်၊ ဘယ်လိုကုရမလဲဆိုတာ အကြံပြုပေးပါဦးဆရာ။

ခြေဖနောင့်နေရာနာတာကို အများဆုံးဖြစ်စေတာက Plantar fasciitis ခြေဖဝါးမှာရှိတဲ့အရွတ်ပြားရောင်လို့ဖြစ်တယ်။ ဒီအရွတ်ပြားဟာ ဖနောင့်နဲ့ခြေချောင်းတွေကိုဆက်ပေးထားတယ်။ ခြေဖဝါးကိုခုံးခုံးလေးဖြစ်နေစေတယ်။ အဲတာ ရောင်နေရင် အလွန်နာတယ်။ လူလတ်ပိုင်းမှာအဖြစ်များတယ်။ ခြေထောက်အသုံးများသူတွေ ဥပမာ စစ်သား၊ အားကစားသမားတွေမှာ အဖြစ်များတယ်။ တဖက်ရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ ကြာရင် အရွတ်ပြား စုတ်ပြဲတာဖြစ်လာနိုင်တယ်။

ခြေဖဝါးကို အတွင်းဘက်ကိုခွင်ရင်၊ ခွါမြင့်ဖိနပ်စီးရင်၊ ဖိနပ်မကောင်းတာစီးနေရရင်၊ အကြာကြီး ရပ်-သွား-ပြေးရရင်၊ လူကဝရင်၊ နင်းရတဲ့ မြေပြင်-ကြမ်းပြင် မာရင် ဖြစ်နိုင်တယ်။ အတော်များများ အိပ်ယာကနေထ ပဌမခြေလှမ်းမှာ ပိုသိသိသာသာနာတယ်။ အိပ်နေတုံးမှာ နာတာဆိုရင် အဆစ်နာရောဂါ ဖြစ်နိုင်တယ်။ tarsal tunnel syndrome အာရုံကြောရောဂါဖြစ်နိုင်တယ်။

ကုသနည်းများ
၁။ Nonsurgical Treatment ခွဲစိတ်စရာမလိုတဲ့နည်း
၉ဝ% ဟာ ၁ဝ အတွင်းသက်သာပျောက်ကင်းလာမယ်။ ဖိနပ်လိုရင်အသစ်လဲပါ။ ခွါမြင့်မစီးပါနဲ့။ ကြမ်းပြင်ညီတာပေါ်မှာသာ သွားလာလှုပ်ရှားပါ။ Rest နားပါ။ Ice ရေခဲတင်ပေးပါ။ မိနစ် ၂ဝ ကြာ၊ တနေ့ ၃-၄ ခါတင်ပေးပါ။ Non-steroidal anti-inflammatory medication အနာ-အရောင်သက်သာ ဆေးသောက်ပါ။ ibuprofen နဲ့ naproxen ဆေးတွေသုံးနိုင်တယ်။ အဲလိုဆေးကြာကြာသောက်ရသူတွေ အစာအိမ်နာမဖြစ်အောင်သတိထားပါ။ (စာတပုဒ် ရေးထားပါတယ်။)

၂။ Exercise လေ့ကျင့်ခန်းလုပ်ပါ။ Calf stretch နည်းဖြစ်ပါတယ်။
(က) Foot stretches လေ့ကျင့်ခန်း
နံရံကိုမျက်နှာပြုပြီးရပ်ပါ။ နောက်ခြေဆန့်ပြီး ခြေဖဝါးကို ကြမ်းပြင်မှာ ပြားလိုက်ထားပါ။ တင်ပါးကိုရှေ့ဖက်ဆီယူပါ။ ဆန့်ထားတဲ့ခြေထောက် ခြေသလုံးကြွက်သားတွေတင်းတဲ့အထိအဲလိုလုပ်ပါ။ တကြိမ်မှာ ၃ဝ စက္ကန့်ကြာ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

(ခ) Calf stretch လေ့ကျင့်ခန်း
နံရံကိုမျက်နှာမူရပ်။ ခြေတဖက်ကို ဒူးဆန့်ပြီး ခြေဖဝါးကိုကြမ်းပြင်မှာကပ်ထားပါ။ တခြားခြေထောက်ကိုရှေ့မှာ ဒူးကွေးထားပါ။ တင်ပါးကို နံရံဆီကိုတွန်းယူပါ။ ၁ဝ စက္ကန့်နေပါ။ နားပါ။ ခြေတဖက်ကို အကြိမ် ၂ဝ စီလုပ်ပါ။ အလိုလုပ်နေချိန်မှာ ခြေသလုံးကြွက်သားတွေကိုဆွဲယူတာခံစားရမယ်။

(ဂ) Plantar fascia stretch လေ့ကျင့်ခန်း
ထိုင်လုပ်ရမယ်။ ဖြစ်တဲ့ဖက်ကို တခြားူးဒပေါ်တင်ပါ။ ဖြစ်တဲ့ဖက်က ခြေမကိုကိုင်ပြီး ဆွဲယူပါ။ ခြေမအထိလက်လှမ်းမမီရင် ပုဝါစသုံးပါ။ တခြားလက်ကို ဖြစ်တဲ့ခြေဖုဝါးကိုကိုင်ထားပါ။ တင်းထားချိန်ကို ၁ဝ စက္ကန့်နေပါ။ နားပါ။ ခြေတဖက်ကို အကြိမ် ၂ဝ စီလုပ်ပါ။

၃။ Cortisone injections ကော်တီဇုန်းဆေးထိုးနည်း
ဆရာဝန်ကနေ ဘယ်နှစ်ကြိမ်ထိုးသင့်လဲဆုံးဖြတ်မယ်။ ခဏခဏထိုးရင် ထိခိုက်မှုများနိုင်တယ်။

၄။ Supportive shoes and orthotics

(က) Night splints ညပိုင်းအခုအခံသုံးပါ။

(ခ) Soft heel pads အခုအခံသုံးနည်း။

(ဂ) အထူးပြုလုပ်ထားတဲ့ ဖိနပ်သုံးပါ။ အပိုကူရှင်လိုဟာထည့်ထားတယ်။


၅။ Physical therapy ဖစ်ဇစ်ကယ်သာရာပီနည်း
Extracorporeal shockwave therapy နည်း အင်နာဂျီအများသုံး ရှော့ခ်လှိုင်းသုံးပြီးလုပ်ပေးတယ်။ လူသုံးမများလှပါ။

၆။ Surgical Treatment ခွဲစိတ်ကုသနည်းကို ၁၂ လနေလို့မပျောက်သူတွေအတွက်လုပ်ပေးမယ်။
(က) Gastrocnemius recession ခွဲစိတ်နည်း၊
(ခ) Plantar fascia release ခွဲစိတ်နည်း။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆
Credit Source: https://doctortintswe.blogspot.com/2014/12/plantar-fasciitis.html


Healthy Life

253 Blog posts

Comments