Sperm count သုက်ပိုးများစေနည်း

Sperm count သုက်ပိုးနည်းစေတဲ့ အကြောင်းရင်းတွေကတော့ Infected semen စိုစွပ်စေတဲ့အရည် ပိုးဝင်ခြင်း၊ အတွင်းခံဘောင်းဘီ တင်း

January 26, 2015
Sperm count သုက်ပိုးများစေနည်း

Sperm count

Sperm count သုက်ပိုးနည်းစေတဲ့ အကြောင်းရင်းတွေကတော့ Infected semen စိုစွပ်စေတဲ့အရည် ပိုးဝင်ခြင်း၊ အတွင်းခံဘောင်းဘီ တင်းကြပ်ခြင်း၊ အထိုင်များခြင်း၊ ပူလွန်းသည့်ရေချိုးခြင်း၊ အဝလွန်ခြင်း၊ သုက်ရည်ထွက်သည့်အကြိမ် များလွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်များခြင်း၊ စိတ်-ကိုယ် ပင်ပန်းလွန်းခြင်း၊ Zinc deficiency သွပ်ဓါတ်နည်းခြင်း၊ ဆီးကျိတ်ပိုးဝင်ခြင်း၊ မွေးရာပါ လိင်ပိုင်းအင်္ဂါ ချို့ယွင်းခြင်း၊ ကျားဟော်မုန်းသုံးခြင်း။ Varicocele ရောဂါ ရှိရင် ခွဲစိတ်ကုသပါ။

သုက်ပိုးများစေနည်း (၁ဝ) နည်း
1. လိင်ဆက်ဆံတာ နဲ့ (မာစတာဘေးရှင်း) အကြိမ် မများလွန်းစေရ၊
2. ဆေးလိပ်၊ အရက်ဖြတ်ပါ၊
3. ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ၊
4. အဆီနည်းတဲ့ အာဟာရ ပြည့်ဝသည့် အစားအစာများ စားပါ၊
5. ကျားအင်္ဂါနေရာ အပူမများစေရ၊ အတွင်းခံ မတင်းကြပ်စေရ၊ ခြည်ထည်ကိုသာ ဝတ်ဆင်ပါ၊
6. ကိုယ်အလေးချိန် များနေရင် လျှော့ချပါ၊
7. ကိုယ်-စိတ် ပင်ပန်းမှုတွေ ပြုပြင်ပါ၊
8. ရိုးရာ-အဆီနဲ့ အနှိပ်ခံပါ၊
9. ဗီတာမင်၊ ဓါတ်ဆားတွေ သုံးစွဲပါ၊
10. ဆက်ဆံတဲ့အချိန်ဟာ နံနက် နဲ့ နေ့ပိုင်း ပိုဖြစ်သင့်တယ်။

အမျိုးသမီးတိုင်း အရွယ်ရောက်ချိန်ကနေ သွေးဆုံးချိန်အထိ လစဉ် ရာသီလာတယ်။ သားအိမ် အတွင်းဆုံးအလွှာက ပါးရာကနေ ထူထူလာတယ်။ ကိုယ်ဝန် မဆောင်ရင် လအကုန်မှာ အထူဆုံး အဆင့်ကနေ ပျက်စီးပြီး ရာသီသွေးအဖြစ် ဆင်းလာတယ်။ လအလည်ရက်တိတိမှာ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တယ်။ တကယ်လို့ ကျားသုက်ပိုး ဝင်လာချိန်ဖြစ်ရင် သူတို့နှစ်ခု တခုကနေ တခုဆီကူးပြီး၊ ပူးပေါင်းတယ်။ မွေးလမ်းက ဝင်လာတဲ့ ကျားသုက်ပိုးက သားအိမ်အဝကနေ သားအိမ်ထဲ၊ ဆက်ပြီး သားအိမ်ပြွန်ထဲ ကူးသန်း ဝင်ရောက်လာတယ်။ မမျိုးဥကလည်း မျိုးဥအိမ်ကထွက် သားအိမ်ပြွန်ထဲ ဝင်လာ၊ ပြွန်တနေရာမှာ သွားဆုံကြတယ်။ ဆုံရာကနေ ပေါင်းစပ်ပြီး၊ နှစ်ကိုယ့်တစိတ်ဖြစ်၊ သားအိမ်ထဲ ပြန်ဆင်းလာ၊ အကောင်းဆုံး တနေရာမှာ မြှုတ်ပြီး၊ ခိုအောင်းလိုက်ရင် ကိုယ်ဝန်ဖြစ်ပြီ။ တချို့မှာ ရာသီသာ ဆင်းပေမဲ့ မျိုးဥထွက်ချင်မှ ထွက်တယ်။ မျိုးဥက သားအိမ်ထဲ ရောက်တာ၊ မရောက်တာနဲ့ ရာသီနဲ့ မဆိုင်ပါ။ ကျားသုက်ပိုးသာ ဝင်မလာရင် မမျိုးဥက မျိုးဥအိမ်ထဲဖြစ်ဖြစ်၊ အနီးအနားဖြစ်ဖြစ်၊ ဗိုက်ခေါင်းထဲဖြစ်ဖြစ်၊ တနေရာရာမှာ သက်တမ်းကုန်ရင် ပျက်စီးသွားတယ်။

ပုံမှန် ယောက်ျား-သုက်ရည်ဟာ အဖြူနဲ့ မီးခိုးရောင်စပ်ကြားမှာ ရှိတယ်။ တခါတလေ နဲနဲဝါတယ်။ ပန်းရောင်ရှိတယ်။ အနီရောင် ဖြစ်နေရင် သွေးပါနေလို့ပါ။ ကျားအင်္ဂါကနေ ထွက်တာနဲ့ သုက်ရည်က ခဲလာတော့ ပြစ်ချွဲလာတယ်။ ၅ မိနစ် ကနေ နာရီဝက်မှာ ပြန်ပြီး အရည်ဖြစ်တယ်။ အဲလိုမဖြစ်ရင် ကလေးရနိုင်စွမ်းကို ထိခိုက်စေတယ်။ ပျမ်းမျှဆိုရင် တခါသုက် ထွက်တာက ၂-၅ စီစီ (မီလီ-လီတာ) ရှိတယ်။ သုက်မလွှတ်တာ ကြာရင် များပြီး၊ ခဏခဏ ထွက်ရရင် နည်းမယ်။ ရောဂါ မဟုတ်ပါ။

ကမ္ဘာ့ ကျန်းမာရေအဖွဲ့ WHO သတ်မှတ်ချက်ကတော့ -
• သုက်ရည် တခါထုတ်တာဟာ အနည်းဆုံး ၂ စီစီ ထုထည်ရှိရတယ်၊
• ၁ စီစီ သုက်ရည်ထဲမှာ Spermatozoa သုက်ပိုးကောင်ရေ သန်း ၂ဝ ပါရတယ်၊
• တခါထုတ်တာမှာ အနည်းဆုံး သုက်ပိုး သန်း ၄ဝ ရှိရမယ်၊
• သုက်ပိုး ၇၅% ရှင်နေတာ ပုံမှန်ဖြစ်ရတယ်၊
• သုက်ပိုး အနည်းဆုံး ၃ဝ% က ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်ရတယ်၊
• သုက်ပိုး အနည်းဆုံး ၂၅% က Motility အလျင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
• သုက်ပိုး အနည်းဆုံး ၅ဝ% က ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။

Semen analysis သုက်ပိုး အရေအတွက်နဲ့ အရည်အသွေးကို စမ်းသပ်တာဟာ ကလေး ရနိုင်စွမ်းအတွက် လုပ်တာပါ။ ဒါ ကောင်းနေယုံနဲ့တော့လဲ အသေအခြာ ကလေးရမှာဘဲလို့ မပြောနိုင်သေးပါ။ အထက်က ရေးထားတာတွေအပြင် White blood cells သွေးဖြူဥ၊ Fructose သကြားဓါတ်၊ pH အက်စစ်ဓါတ်၊ Liquefaction time အရည်ပျော်ချိန်တွေကိုပါ စစ်ဆေးတယ်။ တခါထဲနဲ့ မမှန်နိုင်ဘူး။ ၂ ခါ ၃ ခါ၊ ၂ ပါတ်၊ ၃ ပါတ် ခြားပြီး ထပ်စမ်းရတယ်။

သုက်ရည်ရဲ့ အရည်အသွေးကို သက်ရောက်စေတဲ့ အချက်တွေ အများကြီးရှိတယ်။
• တကယ် လိင်ဆက်ဆံလို့ ထွက်တဲ့သုက်က မာစတာဘေးရှင်း လုပ်လို့ ထွက်တာထက် သုက်ပိုးအရေအတွက် ၁၅% ပိုများတယ်။ လှုတ်ရှားမှု နဲ့ ပုံသဏ္ဌာန်ပါ နဲနဲပိုတယ်။ ထုထည်က ၂၅-၄၅% ပိုတယ်။
• သုက်ရည်ဟာ အပူချိန် သိပ်မခံနိုင်ဘူး။ ပူရင်၊ နွေရောက်ရင် နဲတယ်။
• Depo-Provera, Adjudin, Gossypol ဆေးတွေက ယောက်ျားတွေကို မြုံစေတယ်။
• (SSRI) စိတ်ကျဆေးတွေနဲ့ Marijuana ဆေးခြောက်ကလဲ မကောင်းစေဘူး။
• Penicillin and Tetracycline ပိုးသေဆေးတွေကလဲ နည်းစေတယ်။
• Anabolic steroids Hormones ဟော်မုန်းဆေးတွေသုံးရင် အစွမ်းနည်းစေတယ်။
• ကော်ဖီနဲ့ အရက်ကလဲ နည်းစေတယ်။
• Cola ကိုလာအသောက်များတာလဲ အဲလိုဘဲ။
• Soy ပဲပုတ် များတာလဲ အတူတူဘဲ။
• Zinc သွပ်ဓါတ် နည်းရင် နည်းစေတယ်။
• မနက်ခင်း ထွက်တဲ့သုက်ထက် နောက်ပိုင်းထွက်တာက ကလေးရနိုင်စွမ်း ပိုတယ်။ (ကွဲလွဲချက်ကို သတိထားမိပါလိမ့်မယ်။ သုတေသနတခုက မနက်ခင်း ဆက်ဆံတာကို ပိုအမှတ်ပေးထားတယ်။)
• လိင်ဆက်ဆံနေတဲ့အချိန် ကြာရင် ကလေးရနိုင်စွမ်း ပိုတယ်။
• အသက်၊ ၆ဝ ကျော်လဲ ကလေးရနိုင်သေးတယ်။

ကိုယ့်အထင် တခုထဲနဲ့တော့ သုက်အရည်အသွေး၊ အရေအတွက် မကောင်းဘူလို့ သောက မများပါနဲ့။ လူအများတကာ့ အများစုဟာ ပုံမှန်တွေချည်းပါ။ (မာစတာဘေးရှင်း) လုပ်လို့ မစိုးရိမ်ပါနဲ့။ မြန်မာ့အာဟာရ ဓါတ်စာတွေမှာ သုက်ပွါးစာတွေ ရှိတယ်။

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2015/01/sperm-count.html


Healthy Life

253 Blog Mensajes

Comentarios