Supernumerary nipple နို့သီးအပို
ဆရာ ကျမအသက် ၃ဝ ပါ။ ကျမ ညာဘက်ဂျိုင်းနဲ့ ညာဘက်ရင်သားဘေးမှာ အကျိတ်လေးရှိပါတယ်။ လစဉ်တိုင်း ဓမ္မတာလာရင် အကျိတ်က နာသလိုလိုနဲ့ ကြီးလာပါတယ်။ ဓမ္မတာလာပြီးရင် ပြန်သေးသွားပြီးမနာတော့ပါဘူး။ အကျိတ်က လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ထဲက ရှိနေတာပါ။ ရန်ကုန်မှာတော့ အသက် ၂ဝ လောက်က လမ်း ၃ဝ မှာ မန်မိုဂရမ် ရိုက်ဖူးပါတယ်။ ဘာမှ မတွေ့ရပါ။ ဆရာ့ post တွေထဲက ရင်သားကင်ဆာအကျိတ် စမ်းသပ်ပုံတွေဖတ်ပြီး ဒီအကျိတ်ကို သံသယဖြစ်မိပါတယ်ရှင့်။ ကျမ ရင်သားကင်ဆာ စစ်ချင်ပါတယ်။ ဘယ်လိုဆရာဝန်နဲ့ ပြရမလဲ။ ဂျိုင်းကအကျိတ်ကိုရော ခွဲထုတ်ပစ်ဖို့လိုလားဆိုတာ လမ်းညွှန်ပေးပါနော်။ ကျမစာမှာ မကြိုက်တာ အမှားအယွင်းပါရင် ခွင့်လွှတ်ပေးပါဆရာ။ အမြဲလေးစားလျှက်ပါ။
ထပ်မမေးပဲ၊ မမြင်ရ မစမ်းရပဲ ထင်တာကိုပြောပါမယ်။ တတိယနို့ခေါ်တာဖြစ်နိုင်တယ်။
မွေးရာပါ တတိယနို့ကို Supernumerary nipple, Third nipple, Accessory nipple လို့လဲခေါ်ပါတယ်။ နို့သီးလို့ သုံးနှုန်းပါတယ်။ လူအပါအဝင် နို့တိုက်သတ္တဝါတွေမှာ ပုံမှန်ရှိရမဲ့အရေအတွက်ထက် ပိုနေတာမျိုးပါ။ မိန်းမတွေမှာ ၅ဝ မှာ ၁ ယောက်နဲ့ ယောက်ျား ၁၈ ယောက်မှာ ၁ ယောက်ရှိတယ်။ သန္ဓေဘဝကတည်းကရှိနေခဲ့နိုင်တယ်။ ရုတ်တရက်ကြည့်ရင် မှည့်လိုလို၊ အရေးအကြောင်းလိုလို မြင်ရတယ်။
နို့သီးရှိနိုင်တဲ့နေရာကို ဒေါင်လိုက်မျဉ်းနဲ့သတ်မှတ်ထားတယ်။ ချိုင်းတခုစီကနေ အောက်ဖက်ကို ပုံမှန်နို့နေရာကိုဖြတ်ပြီး ပေါင်ခြံအထိ တန်းနေတယ်။ Milk lines တွေလို့ခေါ်တယ်။ အဆင့် (၈) မျိုးရှိတယ်။ နို့ထွက် 'ဂလင်း'၊ နို့အဝိုင်း၊ အဆီ၊ အမွှေးတစ်ရှူးတွေပါတာ မတူကြပါ။ နို့သီးသာမက တခါတလေမှာ နို့ (တစ်ရှူး) တွေရောပါတာကို Polymastia လို့ခေါ်တယ်။ အဲတာမှာ နို့ထွက်အိတ်လေးတွေရှိနေရင် ကလေးမွေးပြီးတော့ နို့ရည်ပါထွက်နိုင်တယ်။
ဒေလီတုံးက ယမုန်နာဆေးခန်းမှာ ၂-၃ ယောက်တွေ့ခဲ့တယ်။ ထွက်မလာခင်က တယောက်လာပြသေးတယ်။ ချိုင်းနှစ်ဖက်လုံးမှာရှိတယ်။ ညာဘက်က ၂ လက္မပါတ်လည်ရှိတယ်။ ဘယ်ဘက်က နည်းနည်းသေးတယ်။ အဲဒီနို့အပိုဟာ ပုံမှန်နို့တွေမှာ ပြောင်းလဲမှုရှိရင် လိုက်ပြောင်းတယ်။ ရာသီရက်တွေမှာ တင်းမယ်၊ နာမယ်။ ကလေးနို့တိုက်ချိန်မှာ တင်းပြီး ကြီးလာတယ်။
အဲတာရှိနေပေမဲ့ စိုးရိမ်စရာမရှိပါ။ ဒါပမဲ့ ရင်သားကင်ဆာ သီအိုရီအရဖြစ်နိုင်တယ်။ ခွဲစိတ်ထုတ်ပြစ်နိုင်ပါတယ်။ ကံဆိုးသူတချို့မှာ တခြားမွေးရာပါရောဂါ တွဲရှိတတ်တယ်။ ဥပမာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ။ နို့သီးအပိုက ပေါင်ခြံနေရာမှာရှိပြီး Paget's disease ရောဂါဖြစ်တာလဲရှိတယ်။ ဘယ်လိုမှမနေရင် ဘာမှမလုပ်ဘဲနေလို့ရတယ်။ ပြောင်းလဲမှုကိုတော့ ဂရုစိုက်နေပါ။
နာမည်ကြီး (ဂျိမ်းစ် ဘွန်း) ရုပ်ရှင် The Man with the Golden Gun ထဲက ဗီလိန်အဖြစ်သရုပ်ဆောင်သူ Francisco Scaramanga မှာလည်း တတိယနို့သီးပါတယ်။
စာထဲမှာပါတာ မတွေ့ဘူးပေမယ့် ဘယ်ရောညာရောချိုင်းမှာပါပါတဲ့ လူနာတွေ့ဘူးတယ်။ စတုတ္ထနို့သီးနဲ့ အမျိုးသမီး။
ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/supernumerary-nipple.html