Perforated eardrum နားစည်ပေါက်ခြင်း
ကျနော်က ကို့ ပါ။့ ရွာဇာတိပါ။ အသက်(၃၈)နှစ်ပါ။ ကျနော့်ညာဘက်နားစည်က ပုံပါအတိုင်း အပေါက် ဖြစ်နေပါတယ်။ အသံတွေကိုကွဲကွဲပြားပြားမကြားရပါ။ ဖြစ်နေတာ (၅)နှစ်လောက်ရှိပါပြီ။ နားကျပ်တံအမြဲသုံးပါတယ်။ ဘယ်လိုလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ။
နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ အပြင်ပိုင်း၊ နားစည်နဲ့ နောက်မှာ လေနဲ့ပြည့်နေတဲ့ နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်းကနေ ပြန်ထွက်တယ်။ ဦးနှောက်နဲ့ဆက်နေတဲ့ နားအတွင်းဆုံးပိုင်း။
နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။
၁။ အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။
၂။ အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ်ပေးထားတယ်။
နားစည် ဘာလို့ ပေါက်ရသလဲ -
• Otitis media နားအလည်ပိုင်းပိုးဝင်တာကနေထွက်တဲ့အရည်ရဲ့ဖိအားကြောင့် နားစည်ပေါက်ရတယ်။
• Barotrauma နားစည်ရဲ့အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ လေဖိအား သိပ်ခြားနားတဲ့အခါမှာဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လဲ ဖြစ်တတ်တယ်။
• သေနတ်သံလို၊ ပေါက်ကွဲသံ၊ ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။
• နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။
• ခေါင်းကို အပြင်းအထန်ခိုက်မိရာကနေ ဖြစ်တယ်။
• သိပ်အေးလွန်းတဲ့ ဥတုကြောင့်လဲ အအေးမိရာကနေ ဖြစ်စေနိုင်သေးတယ်။
နားစည်ပေါက်နေရင် -
• နားက နာနေမယ်။ နောက် ရုတ်တရက် နာတာပျောက်သွားတယ်။
• နားကနေ အရည်-ပြည်-သွေးထွက်မယ်။
• နားအကြား ထိခိုက်မယ်။
• နားထဲ ဆူညံသံတွေ ကြားနေရမယ်။
• ခေါင်း ပတ်ခြာလည်မူးမယ်။
• မူးရာကနေ ပျို့-အန်ချင်မယ်။
ဆက်တွဲခံစားရမှာတွေကတော့ -
1. နားမကြားတာ၊
2. နားအလည်ပိုင်း ရောင်ရမ်းတာ၊
3. နားအလည်ပိုင်းအိတ် ဖြစ်လာတာ၊
တချို့မှာ ခွဲစရာမလိုဘဲ အပေါက်ကပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဘို့ ရက်သတ္တပါတ်နည်းနည်းကနေ လတွေအထိ ကြာနိုင်တယ်။ နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကုဆရာဝန်ညွှန်တာကိုသာသုံးပါ။ CILOXAN Eye Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေးဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုး-ရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။
၆-၈ ပါတ်နဲ့ မပျောက်ရင် ခွဲစိတ်ဘို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖါထေးတာရယ် Tympanoplasty ခွဲစိတ် ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်း ရင်တော့ နှစ်တွေ ကြာနိုင်တယ်။ တချို့ကြ ပြန်မရတတ်ဘူး။ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉ဝ% အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။
• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
Dr. တင့်ဆွေ
၁၁-၄-၂ဝ၁၆
Credit Source: https://doctortintswe.blogspot.com/2015/08/perforated-eardrum.html