PCOS and Clomid မျိးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း

ဆရာရှင့် ကျွန်မ အသက် ၂၂ နှစ်ရှိပါပြီ။ အိမ်ထောင်ကျတာ ၃ နှစ်ရှိပါပြီ။ အမျိုးသားက ၂၆ ပါ။ အခုလက်ရှိ့ မြို့မှ

PCOS and Clomid မျိးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း

ဆရာရှင့် ကျွန်မ အသက် ၂၂ နှစ်ရှိပါပြီ။ အိမ်ထောင်ကျတာ ၃ နှစ်ရှိပါပြီ။ အမျိုးသားက ၂၆ ပါ။ အခုလက်ရှိ့ မြို့မှာ နေထိုင်ပါတယ်။ ကျွန်မ ရာသီမမှန်တာ အိမ်ထောင်စကျကတည်းကပါ။ အပျိုတုန်းကတော့ အမြဲရာသီမှန်မှန် လာပါတယ်။ အိမ်ထောင်ကျပြီးတော့ ၃လ သန္ဓေတားဆေးထိုးပြီးနောက်ပိုင်း ရာသီမမှန်လို့ OG နဲ့ ပြကြည့်တော့ PCOS ဖြစ်နေတယ်လို့ ပြောပါတယ်။ PCOS နဲ့ပတ်သက်ပြီး ဆရာရေးထားတဲ့စာတွေဖတ်ဘူးပါတယ်။ ဒါပေမဲ့ ကျွန်မမှာ PCOS ရဲ့ လက္ခဏာတွေဖြစ်တဲ့ အမွေးပေါက်များတာ ဝက်ခြံတွေအများကြီးထွက်တာ အဝလွန်တာတွေမရှိပါဘူး။ အာလ်ထာဆောင်း အဖြေမှာ ovaries မှာ ရေအိပ်သေးသေးလေးတွေ အများကြီးဖြစ်နေတာနဲ့ ရာသီ လုံးဝထိန်နေတာ ဖြစ်ပါတယ်။ သန္ဓေတားဆေးမသောက်ရင် လုံးဝရာသီမလာပါဘူး။ ကျွန်မဆီမှာ အမ ၂ ယောက်ရှိပြီး တစ်ယောက်က သားသမီး ထွန်းကားပါတယ်။ နောက်တစ်ယောက်ကလဲ PCOS ဖြစ်နေပါတယ်။ သူလဲအိမ်ထောင်ကျတာ ၅ နှစ်ရှိပြီး ကလေးမရသေးပါဘူး။ ကျွန်မ အခုလက်ရှိ တစ်နေ့ကို diane35 နဲ့ metformin 500mg ၁ လုံးစီ သောက်နေပါတယ်။ ဆရာရေးတဲ့စာထဲမှာ clomid ကိုသုံးရမယ်လို့ဖတ်ဘူးပါတယ်။ ကျွန်မအမ ရန်ကုန်မှာဆေးခန်းပြတော့ PCOS ရှိသူတွေကို သားဥကြွေဆေးသောက်ခိုင်းလို့မရဘူးလို့ သူ့ပြတဲ့ OG ကပြောပါတယ်။ အဲဒါဘာဖြစ်လိုပါလဲ။ ကျွန်မ ရန်ကုန်မှာ နေတုန်းကလဲ OG ၂ ယောက် ၃ ယောက်နဲ့ပြဖူးပါတယ်။ သူတို့လဲ ကျွန်မကို သားဥကြွေဆေးမပေးပါဘူး။ သန္ဓေတားဆေး Diane35 တွေ metformin နဲ့ carbagolin တွေ တလှည့်စီပေးပြီး ဆေးရပ်ပြီး စောင့်ကြည့်ရင် ကောင်းသွားလိမ့်မယ်။ ကလေးရလိမ့်မယ်လို့ပဲပြောပါတယ်။ ဒါပေမဲ့ မကောင်းလာပါဘူး။ သန္ဓေတားဆေး မသောက်ရင် လုံးဝရာသီမလာပါဘူး။ ၃ လ ၄လ ရပ်ပြီးစောင့်ကြည့်လဲ မထူးပါဘူး။ ကျွန်မအဓိကသိလိုတာက ကလေးလိုချင်ပါတယ်။ ဘာလုပ်သင့်ပါသလဲ။ သားဥကြွေဆေးသောက်လို့ရပါသလား။ သန္ဓေတားဆေးကို ရပ်လိုက်ရင် ရာသီ ထိန်နေတဲ့အတွက် သားဥကြွေဆေးကို ဘယ်အချိန်တွေမှာ ဘယ်လိုသောက်သင့်ပါသလဲ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။

Clomid (Clomiphene citrate or Serophene) ဆေးဟာ ကလေးမရသေးသူတွေအတွက်ပေးတဲ့ မျိုးဥထွက်ဆေး ဖြစ်တယ်။ မျိုးဥမထွက်တာကို Anovulation ခေါ်တယ်။ အများဆုံးဖြစ်စေတာက polycystic ovarian syndrome (PCOS) ခေါ် မျိုးဥအိမ်ထဲမှာ အိတ် (အလုံး) လေးတွေ များနေလို့ဖြစ်တယ်။

အဲလိုအမျိုးသမီးတွေကို ဒီဆေးပေးနည်းနဲ့ကုသရင် ကိုယ်ဝန်ရလမ်း ကောင်းပါတယ်။ အသက် ၃၅ နှစ်အောက်ဆိုရင် အခွင့်အလမ်းပိုကောင်းတယ်။ လူတိုင်းတော့ မကောင်းပါ။ ၄ ယောက်ကိုပေးရင် ၁ ယောက်မှာ မျိုးဥထွက်တာတွေ့ရတယ်။ အသက် ၃၅ နှစ်အောက်ကို Clomid ဆေး ၃-၄ လပေးရင် လစဉ် ၏ကိုယ်ဝန်ရလမ်း ၁၅% ရှိတယ်။ သူတို့မှာ သားအိမ်ပြွန် ပိတ်မနေရဘူး။ ခင်ပွန်းရဲ့သုက်ရည်ကလည်း အရေအတွက် + အရည်အသွေးမီရမယ်။ ဆေးပေးလို့ မျိုးဥထွက်သူတွေထဲက ၅ဝ% ကိုယ်ဝန်ရတယ်။

PCOS ရှိတဲ့ အသက် ၃၅ နှစ်အောက်အမျိုးသမီးတွေကို IVF နည်းနဲ့ကလေးရအောင်လုပ်တာမှာ တကြိမ်လုပ်ရင် ၇ဝ% အောင်မြင်တယ်။ ၆ဝ% ကလေးအကောင်းမွေးတယ်။ ကိုယ်ဝန်ပျက်တဲ့နှုန်းက ကွဲပြားတာ တွေ့ရတယ်။

ရာသီပထမနေ့ဆိုတာ သွေးစဆင်းတဲ့နေ့ကိုခေါ်တယ်။ ရာသီမလာတဲ့အမျိုးသမီးဆိုရင် ရာသီလာအောင် ဆေးပေးရတယ်။ Provera (medroxyprogesterone acetate) 5 or 10mg ကိုနေ့စဉ် ၅ ရက်ကနေ ၁ဝ ရက်အထိ ပေးတယ်။ ဆေးနောက်ဆုံးရက်နောက် ၂ ရက်ကနေ ၇ ရက်မှာရာသီဆင်းမယ်။

Clomid ဆေးကို ရာသီလအစပိုင်းရက်ကနေစပေးတယ်။ တတိယနေ့ကနေ ၅ ရက်ဆက်တိုက်ပေးတယ်။ သတ္တမနေ့အထိ ဖြစ်တယ်။ ၅ ရက်မြောက်နေ့ကနေစပေးရင် ၉ ရက်မြောက်နေ့အထိဖြစ်မယ်။ Clomid 50mg နေ့စဉ်ပေးတာနဲ့စတယ်။ ရာသီမလာသူတွေကို Provera ဆေးနဲ့ ရာသီလာစေပြီးနောက် Clomid 100mg ကို အဲဒီရက်တွေအတိုင်းပေးမယ်။ အဲတာလည်းမရသေးရင် Clomid 150mg ကိုပါပေးသေးတယ်။ မျိုးဥက Clomid ဆေး ၅ ရက်ပေးပြီးနောက် ၈ ရက်နဲ့ ၁ဝ ရက်တွေမှာထွက်တယ်။ ဆိုလိုတာက ရသီလရဲ့ ၁၅ ရက်မြောက်နဲ့ ၂ဝ ရက်မြောက်မှာ မျိုးဥထွက်မယ်။ တယောက်နဲ့ တယောက် မတူတာလည်းရှိတယ်။ ဒုတိယနဲ့ တတိယပါတ်ရောက်မှထွက်သူလည်းရှိတယ်။ အသက် ၄ဝ ကျော်သူတွေကို ဆေးပေးတာ မထူးလှပါ။

PCOS ရောဂါရှိသူတွေအတွက် Clomid နဲ့ Metformin ဆေး၂ မျိုးတွဲပေးနည်း
Metformin (Glucophage) ဆေးကို ဆီးချိုအတွက်အများဆုံးသုံးတယ်။ Metformin တမျိုးတည်းပေးနည်းလည်း လုပ်တယ်။ မရရင် ဆေး ၂ မျိုးတွဲနည်းနဲ့ကုသမယ်။

Metformin ဆေးပေးပြီး တလနေမှသာအစွမ်းသိရတယ်။ ရက် ၃ဝ ကနေ ၉ဝ အထိပေးရတတ်တယ်။ Metformin 500 mg ကို တရက် ၁ ကြိမ် တပါတ်၊ နောက် ၂ ကြိမ်တပါတ်၊ နောက် ၃ ကြိမ်တပါတ်ပေးတယ်။ ၃ ကြိမ်ကိုမခံနိုင်ရင် ၂ ကြိမ်သာ ပေးမယ်။

Clomiphene 50 mg ကို နေ့စဉ် ၅ ရက်ပေးမယ်။ တတိယရက်ကနေ သတ္တမရက်အထိ။ (သို့) ပဉ္စမရက်ကနေ နဝမရက်အထိ။ ရာသီမလာသူဆိုရင် Provera ပေးပြီးရာသီလာစေမယ်။ Clomiphene ကို 50mg နဲ့မရရင် 100 mg ပေးမယ်။ 150 mg အထိပေးနိုင်တယ်။ အောင်မြင်မှုနှုန်းကွဲပြားတယ်။ အသပ် ၃၇ နှစ်အောက်ဆိုရင် ၁ဝ-၁၅% ရှိတာတွေ့ရတယ်။ IUI နည်းဆိုရင် ၁၅-၂ဝ% ရှိတယ်။

Glucophage / Metformin and Clomid ဘေးထွက်ဆိုးကျိုး = ဗိုက်အောင့်မယ်။ ဝမ်းပျက်မယ်။ ပျို့မယ်။

သားသမီးရတနာတွေ ထွန်းကားပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၅
http://www.advancedfertility.com/clomid-metformin-pcos.htm

Credit Source: https://doctortintswe.blogspot.com/2015/08/pcos-and-clomid.html


Healthy Life

253 Blog posts

Comments