Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း

၁။ ဆရာရှင့် ကျွန်မခံစားနေရတဲ့ မိန်းမကိုယ်ပိုးဝင်ခြင်းနှင့် ယားယံခြင်းတို့ကို ဆရာညွှန်ကြားတဲ့ဆေးအတိုင

Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း

၁။ ဆရာရှင့် ကျွန်မခံစားနေရတဲ့ မိန်းမကိုယ်ပိုးဝင်ခြင်းနှင့် ယားယံခြင်းတို့ကို ဆရာညွှန်ကြားတဲ့ဆေးအတိုင်း ဝယ်ယူ သုံးလိုက်တာ တစ်ပတ်အတွင်း သက်သာပျောက်ကင်းသွားပါပြီ။ ကျေးဇူးများစွာတင်ရှိပါတယ်ရှင်။ ဆရာတယောက် ကျန်းမာပျော်ရွှင်ပါစေ။ နောက်တခုလောက် မေးခွင့်ပြုပါ။ ကျွန်မ အသက် ၃၅ နှစ်၊ အိမ်ထောင်ကျတာ ၁၁ နှစ် ကြာပြီဆိုတော့ ကလေးအရမ်းလိုချင်ပါတယ်။ အိမ်ထောင်ကျစကတော့ ၃ လခံ ထိုးဆေး ၄ ကြိမ် ထိုးခဲ့ဖူးပါတယ်။ Folic acid သောက်နေတာလည်း ၄ နှစ်လောက်ရှိပါပြီ။ ဒီမှာ ဆရာဝန်ကိုပြတော့ ပထမအကြိမ် OVINUM - 50 mg ပေးပါတယ်။ Ovalution test နဲ့မျိုးဥကြွေတဲ့နေ့မှာ အတူနေပါတယ်။မရပါ။နောက်ထပ် တစ်ကြိမ် OVINUM-100 mg ပေးပါတယ်။ မရပါ။ ယောက်ျား အသက် ၃၄ နှစ်ပါ၊သုက်ပိုးစစ်ပြီးတာလည်း ကောင်းပါတယ်။ ကလေးရဖို့ ဘာတွေထပ်လုပ်ဖို့လိုသလဲ ဆိုတာ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့်။

ပဌမမေးတာအတွက် ပြန်ပြောလို့ ကျေးဇူးတင်ပါတယ်။ ကလေးရဘို့မှာ ရာသီမှန်ရမယ်။ မျိုးဥထွက်ရမယ်။ သုက်ပိုး အရေအတွက် + အရည်အသွေးမီရမယ်။ သားအိမ်ပြွန် ပိတ်နေ မနေ စစ်သင့်တယ်ထင်ပါတယ်။ မျိုးပွါးလမ်းကြောင်း ပိုးဝင်ဘူးသူတွေမှ ပြွန်လမ်း ကျဉ်း-ပိတ်နေတတ်တယ်။ စာတပုဒ်ပို့လိုက်ပါတယ်။

အမျိုးသမီးတိုင်းမှာ သားအိမ်ပြွန် ဘယ်နဲ့ ညာ နှစ်ခုရှိကြတယ်။ တခြားအချိန်တွေ အရေးကိစ္စတွေမှာ ဒီပြွန်လေးတွေက ဘာမှ အသုံးကျစရာမရှိဘူးလို့ ပြောရမယ်။ ဆိုးတာက သူ့အနီးအနားမှာ ဥပမာ သားအိမ်၊ မျိုးဥအိမ်လေးတွေမှာ ရောဂါ ရရင် သူ့ဆီကိုပါ ရောဂါကူးစက်လာစေတယ်။

သူတို့ရဲ့ တကယ်အသုံးကျမှုကတော့ ကိုယ်ဝန်ဆောင်နိုင်စေဘို့ရာ Egg မျိုးဥကနေ Sperm ကျားသုက်ပိုးတွေရှိရာကို သွား၊ Fertilized egg သန္ဓေဥက သားအိမ်ဆီကို ပြန်လာနိုင်စေဘို့ရာ သူထဲကနေ သွားလာကြရတယ်။ အသွားရော အပြန်ပါ လမ်းပွင့်နေမှသာ အောင်မြင်စေနိုင်တယ်။ ကလေးမရနိုင်သေးသူတွေမှာ အကြောင်းခံတခုက Fallopian tube blockage ဒီပြွန်လေးတွေမှာ ပိတ်နေတာ ဖြစ်လာတယ်။

Anovulation ခေါ်တဲ့ ကလေးမရစေတဲ့ တခြားအကြောင်းတခုဖြစ်တဲ့ ရာသီလာပေမဲ့ မျိုးဥမထွက်တာမျိုးလို သားအိမ်ပြွန် ပိတ်နေသူတွေမှာ ဘာမှ ထူးပြီးခံစားမနေရပါ။ ကလေးမရနိုင်သေးတာသာရှိမယ်။ Hydrosalpinx ဆိုတာဖြစ်နေရင်တော့ ဗိုက်နာနိုင်တယ်။ တချို့မှာ တခုခုဆင်းနိုင်တယ်။ Endometriosis သားအိမ်-တစ်ရှူးတွေ တခြားနေရာရောက်နေတဲ့ ရောဂါနဲ့ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ ရှိသူတွေမှာလဲ ဗိုက်နာမယ်။ ဆက်ဆံချိန်မှာ နာစရာ မဟုတ်ဘဲ နာနိုင်သေးတယ်။ သားအိမ်ပြွန်ပိတ်စေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းကတော့ (PID) ဖြစ်တယ်။ ဒီလိုဖြစ်တိုင်း STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဟုတ်ချင်လဲဟုတ်မယ်။

တခြားအကြောင်းခံတွေကတော့ -
- Chlamydia (ကလာမိုင်ဒီးယား)၊ Gonorrhea (ဂနိုးရီးယား) စတဲ့ လိင်ကတဆင့် ကူးစက်ရောဂါ ရှိဘူးခြင်း-ရှိနေခြင်း၊
- ကိုယ်ဝန်ပျက်လို့ ဖျက်လို့ကြောင့် သားအိမ် ပိုးဝင်ဘူးခြင်း၊
- အူအတက် ပေါက်ထွက်ခြင်း၊
- ဗိုက်ခွဲဘူးခြင်း၊
- သားအိမ်ပြင်ပ သန္ဓေတည်ဘူးခြင်း၊
- အရင်က သားအိမ်ပြွန်ကို ခွဲစိတ်ဘူးခြင်း၊
- Endometriosis သားအိမ်-တစ်ရှူးတွေ တခြားနေရာမှာ ရောက်နေခြင်းတွေ ဖြစ်ကြတယ်။

Hysterosalpingogram (HSG) ဓါတ်မှန်နည်းနဲ့ ရောဂါသေခြာစေရတယ်။ သားအိမ်အဝထဲမှာ ဆေးသွင်းပြီး ရိုက်ယူရတယ်။ Laparsocopy ကရိယာနဲ့ကြည့်နိုင်တယ်။

Surgery ခွဲစိတ်ကုသနည်းနဲ့ ပြန်ကောင်းလာအောင် ကြိုးစားနိုင်တယ်။ ဘယ်နေရာမှာ ဘယ်လောက်အထိ ပိတ်နေသလဲ အပေါ်မူတည်တယ်။ နည်းတခုထဲမက သုံးရတာလဲ ရှိနိုင်တယ်။ Microsurgical techniques အနုစိတ်ခွဲစိတ်နည်း သုံးနိုင်တယ်။ Open abdominal surgery ဗိုက်ကိုဖွင့်ပြီး လုပ်တဲ့နည်းနဲ့ Laparoscopy ကရိသာသုံးနည်းတွေ ရှိတယ်။ ခွဲစိတ်နည်းကို Tubal reanastomosis လို့ခေါ်တယ်။ Tubal ligation ကလေးမရချင်လို့ သားအိမ်ပြွန်ကို ဖြတ်ထားသူက ကလေးပြန်လိုချင်တဲ့အခါ လုပ်ပေးရတာမျိုး အတူတူ ဖြစ်တယ်။ မကောင်းတဲ့နေရာ အစိတ်အပိုင်းကို ဖြတ်ထုတ်ပြစ်လိုက်ပြီး အကောင်းနှစ်စကို ဆက်ယူရတာဖြစ်တယ်။

- Salpingectomy သားအိမ်ပြွန်ဖြတ်ခြင်း ခွဲစိတ်နည်းကို (IVF) အပြင်မှာ သန္ဓေဖြစ်အောင်လုပ်ယူနည်း လုပ်တဲ့အခါ ပိုပြီး အောင်မြင်စေချင်လို့လဲ လုပ်ရတယ်။
- အထူးသဖြင့် သားအိမ်ပြွန်မှာ Hydrosalpinx အရည်တွေ အောင်းနေတာမျိုး ရှိနေရင် လုပ်ပေးရတယ်။
- IVF မလုပ်ခင် သားအိမ်ပြွန်မှာ အရည်တွေအောင်းနေတာ ရှိနေသူတွေကို Salpingostomy ခေါ်တဲ့ နည်းထက် Salpingectomy နည်းကို ပိုလုပ်တယ်။
- Salpingostomy ဆိုတာက အရည်နဲ့ပိတ်နေတဲ့ ပြွန်မှာ အပေါက်လေးဖေါက်ပေးတာဖြစ်တယ်။ မျိုးဥအိမ်နဲ့ အနီးနေရာမှာ လုပ်တယ်။ မသေခြာတာက အမာရွတ်ဖြစ်ရာကနေ ပိတ်နိုင်တယ်။
- Fimbrioplasty နည်းဆိုတာ မျိုးဥအိမ်နဲ့နီးရာ သားအိမ်ပြွန်မှာ အမာရွတ်ကြောင့် ကျဉ်းနေရင် မျိုးဥကို ဝင်မလာနိုင်တာ မဖြစ်ရလေအောင် လုပ်ပေးရတယ်။ လက်ချောင်းပုံ အဖျားနေရာ အသစ်လုပ်ပေးတာဖြစ်တယ်။
- ပိတ်တဲ့နေရာက သားအိမ်နဲ့ နီးနီးမှာဆိုရင် Selective tubal cannulation နည်းလုပ်တယ်။
- Fluoroscopy ဒါမှမဟုတ် Hysteroscopy ကရိယာသုံးပြီး Catheter ပိုက် ဒါမှမဟုတ် Cannula ကတော့ကို မွေးလမ်း၊ သားအိမ်ဝ၊ သားအိမ်ကနေ ပြွန်ထဲအထိ ထည့်သွင်းပေးရတယ်။

ဒီလိုခွဲစိတ်နည်းတွေမှာ သတိထားစရာတွေရှိတယ်။ Pelvic infection ပိုးဝင်တာ၊ Scar tissue အမာရွတ်ဖြစ်တာ၊ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာဖြစ်နိုင်တယ်။ Hysterosalpingography နည်းကို နောက်ထပ် ၃-၆ လနေရင် ထပ်လုပ်နိုင်တယ်။ ခွဲစိတ်ပြီးလို့ ၁၂-၁၈ လနေလို့မှ ကိုယ်ဝန်မရသေးရင် Laparoscopy သုံးပြီး ပြန်စစ်မယ်။ (IVF) ကို လွဲမလား စဉ်းစားနိုင်တယ်။

- သားအိမ်ပြွန် တဖက်ပွင့်နေသေးရင် ကလေးရလမ်း ရှိသေးတယ်။ လိုအပ်ရင် မျိုးဥထွက်ဆေး ပေးမယ်။ ပြွန်နှစ်ဘက်လုံး ပိတ်နေရင်တော့ ဆေးနဲ့မရနိုင်ပါ။
- Proximal occlusion ခေါ်တဲ့ သားအိမ်နဲ့ နီးနီးမှာ ပိတ်တာမျိုးကို ခွဲစိတ်ရတာ ပိုအောင်မြင်လမ်း များတယ်။ ၆ဝ% အောင်မြင်တယ်။ အကျိအချွဲနဲ့သာ ပိတ်နေတတ်ပြီး အမာရွတ်သဘော နည်းလို့ဖြစ်တယ်။
- အဖျားနေရာမှာ ပိတ်နေတာကို ခွဲစိတ်ရရင် ၂ဝ-၃ဝ% အောင်မြင်တယ်။
- သားအိမ်ပြွန်ကို ဘယ်လောက်အထိ ရှည်ရှည် ကျန်နေသလဲက အရေးကြီးတယ်။ ရှည်လေ ကောင်းလေ။
- တချို့လူတွေက အမာရွတ်ဖြစ်တာ၊ တွယ်ကပ်မှုဖြစ်တာ များတတ်တယ်။ နည်းသူတွေမှာ ပိုကောင်းတယ်။
- ခွဲစိတ်နည်းဟာ အသက်ငယ်ရင် အောင်မြင်လမ်း ပိုများတယ်။
- ဗိုက်ဖွင့်ခွဲနည်း လုပ်ရရင် ဆေးရုံမှာ ၂-၃ ရက်နေရမယ်။ ၄-၆ ပတ်နေရင် အလုပ် ပြန်လုပ်နိုင်တယ်။ Laparoscopic surgery ခွဲစိတ်နည်းသုံးရရင် ဆေးရုံမှာ မကြာဘူး။

ကျွန်တော်တို့လို ဆရာဝန်တွေက အာမခံချက်တော့ မပေးနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းတွေကို ခွဲစိတ်နည်းနဲ့ တွဲပါလို့လဲ ရေးကြတယ်။ ပိုအောင်မြင်မယ်လို့ ပြောတယ်။

- Shenzhen Municipal Hospital of Traditional Chinese Medicine (ရှန်ဇင်း) မြူနီစပယ် တရုတ် တိုင်းရင်း ဆေးရုံမှာ သုတေသနတခု လုပ်တယ်။ အမျိုးသမီး ၇၅ ယောက်ကို အုပ်စု ၂ ခုခွဲတယ်။ တစုက ခွဲစိတ်နည်း သက်သက်နဲ့ နောက်တစုက တိုင်းရင်းဆေးနည်းပါတွဲတယ်။ ခွဲစိတ်နည်းသက်သက်ထဲက ၄၆% အောင်မြင်တယ်။ ၂၃% တိုးတက်တယ်။ ၃ဝ% မအောင်မြင်ဘူး။ တိုင်းရင်းဆေးနည်းပါတွဲတဲ့သူတွေထဲက ၅၈% အောင်မြင်တယ်။ ၂၄% တိုးတက်တယ်။ ၁၈% မအောင်မြင်ဘူး။
- Acupuncture အပ်စိုက်ကုသနည်းလဲ လုပ်တယ်။ အမာရွတ်ကို ကုသချင်လို့ဖြစ်တယ်။ သုတေသနရလဒ် မရေရာပါ။
- Reproductive Organ Massage နှိပ်နယ်နည်းလဲ ရှိသေးပြန်တယ်။
- Dietary guidance အစာအာဟာရ လမ်းညွှန်ဆိုတာလဲ ရှိပါတယ်။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း ထဲမှာ ရေးထားတာ ရှိပါတယ်။
ကလေးအမေဖြစ်ချင်သူ

• Foods rich in folic acids (ဖေါလစ်-အက်စစ်) များတဲ့အစားအစာ စားပါ။ Folic acids ဆေးသောက်ပါ။
• Organic foods and green products (အော်ဂဲနစ်) အစားအသောက် ရွေးချယ်စားသောက်ပါ။
• Plastics (ပလပ်စတစ်) ထုပ်ပိုးတာမျိုး ရှောင်ရှားပါ။
• အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက်လေ့ကျင်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။
• Alcohol and caffeine အရက်၊ ကေဖင်း-ဆေးလိမ် ရှောင်ကျဉ်ပါ။

ကလေးအဖေဖြစ်ချင်သူ
• Managing stress စိတ်ဖိအားလျှော့ချနည်း လုပ်ပါ။
• Alcohol and tobacco အရက်၊ ဆေးလိပ် ရှောင်ပါ၊ လျှော့ပါ၊ ဖြတ်ပါ။
• Weight ကိုယ်အလေးချိန် ထိန်းပါ။
• Zinc (ဇင့်) ဓါတ်ပါတဲ့ အသား၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ ပင်လယ်စာ နဲ့ ဥတွေ စားပါ။
• Selenium ပါတဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ အစေ့အဆံတွေ စားပါ။
• Vitamin E (ဗီတာမင် အီး) သောက်ပါ။
• Testicles ကျား-အစိ (တက်စ်တိစ်) ကို အေးနေအောင် သတိထားပါ။

Dr. တင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2015/09/infertility-and-fallopian-tube.html


Healthy Life

253 Blog posts

Comments