Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂)

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရ

Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂)
ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ
• ဆီးသွားတိုင်း ပူပြီး နာမယ်။
• ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။
• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။
• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။
• ဆီးထဲ သွေးလဲပါတတ်တယ်။
• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။
• ကိုယ်ပူမယ်။ ချမ်းမယ်။
• ပျို့ချင်-အန်ချင်မယ်။
• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။

ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ
• ကိုယ်ဝန်ဆောင်၊
• အသက်ကြီးသူ၊
• ဆီးချိုရှိသူ၊
• ကျောက်ကပ်ရောဂါရှိထားသူ၊
• ခုခံအား မကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။
• (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။
• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။
• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။
• အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။
• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

ဘယ်ကနေစသလဲ
• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။
• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

ဖြစ်နိုင်ခြေများသူတွေ
• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊
• ရေ-အရည်သောက်နည်းသူများ၊
• ရေစိမ်ပြီး ခဏခဏချိုးသူများ၊
• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊
• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ရောဂါသေခြာအောင်လုပ်ခြင်း
• Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။
• ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။
• Dipstick test နည်းနဲ့စစ်တာမြန်တယ်။
• (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
• ပိုအဖြစ်များတယ်။
• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။
• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

ယောက်ျားတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။

Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း
• အဖြစ်များတယ်။
• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။
• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။
• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ
• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
• ရေ-အရည်များများသောက်ပါ။
• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။
• ပြန်ပြန်ဖြစ်နေရင် -
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။
• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။
• အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

ဆေးရုံလူနာ
• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်ငယ်လေးတွေ
• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -
• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊
• ဆီးအနံ့မကောင်းဖြစ်မယ်၊
• အစားပျက်မယ်၊ အန်မယ်၊
• အမူအယာ တမျိုးဖြစ်မယ်။
• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။
• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။
• ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကာကွယ်မလဲ
• ရေများများသောက်ပါ၊
• လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊
• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊
• မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။
• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး
ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

Dr. တင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2014/11/urinary-tract-infection.html


Healthy Life

253 Blog posts

Comments