ပုံဆောင်ခဲနှင့် ရေတို့ကို ဥပမာပေးပြီး ဟောပြောပို့ချနေသည့် မြန်မာလူမျိုး သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်။ ဓာတ်ပုံ • ရှင်မိုးမြင့်
Myanmar Astronomy Science Enthusiasts Society Videos A Talk with Dr. Padaythar Tin
နာဆာလို့ လူသိများတဲ့ အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန(National Aeronautics and Space Administration)) မှာ၂၆ နှစ်ကြာ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာလူမျိုးသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ဟာ ရန်ကုန်မြို့ကို ရောက်နေခိုက် ဟောပြောပွဲကျင်းပမယ်လို့ ကြားသိရချိန်မှာပဲ တက်ရောက်နားထောင်ဖို့ ညတွင်းချင်း စာရင်းပေးခဲ့ပါတယ်။
ဒေါက်တာပဒေသာတင်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က ရူပဗေဒနဲ့ဆိုင်တဲ့ စမ်းသပ်မှုတွေအတွက် ခေတ်မီသင်ထောက်ကူပစ္စည်း တွေတောင် အလုံအလောက်မရှိတဲ့ မြန်မာနိုင်ငံမှာ ရူပဗေဒသင်ပြသူ ဆရာတစ်ယောက်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။
အာကာသကို ရှေးအကျဆုံး ခြေဆန့်နိုင်ခဲ့ပြီး လေကြောင်းနှင့်အာကာသဆိုင်ရာ သုတေသနတွေနဲ့ လေ့လာစူးစမ်းမှုတွေကို ထဲထဲဝင်ဝင်လုပ်နေတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်တဲ့ နာဆာမှာ အကြီးတန်းသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာတဲ့အထိ သူ့ရဲ့ကြိုးစားရုန်းကန်မှုတွေကို ရူပဗေဒနဲ့ နက္ခတ္တဗေဒကို စိတ်ဝင်စားတဲ့ လူငယ်တော်တော်များများက နားထောင်ချင်ကြပါတယ်။ နာဆာက လွှတ်တင်တဲ့ အပြည်ပြည်ဆိုင်ရာအာကာသစခန်းထဲမှာ အံ့မခန်း အလုပ်လုပ်နေကြတဲ့ အာကာသယာဉ်မ·းတွေရဲ့ နက်နဲတဲ့ စူးစမ်းလေ့လာမှုတွေကို နာဆာကသိပ္ပံပညာရှင်ကိုယ်တိုင်က ပြောပြမှာဖြစ်လို့ လေ့လာလိုကြတာလည်း ဖြစ်ပါတယ်။
နာဆာရဲ့Glenn Research Center မှာ အကြီးတမ်း သိပ္ပံပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒေါက်တာပဒေသာတင်ဟာ အာကာသခရီးစဉ်တွေမှာ လိုက်ပါသွားတဲ့ ယာဉ်မှုးတွေ အန္တရာယ်ကင်းကင်းနဲ့ သုတေသနလုပ်နိုင်အောင် အကြံတွေ ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် နာဆာက ချီးမြှင့်ပေးတဲ့ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
မြန်မာနက္ခတ်တာရာနှင့်သိပ္ပံဝါသနာရှင်အသင်းက ဟောပြောပွဲကို စီစဉ်တာဖြစ်ပြီး Strategy First ကျောင်းရဲ့ ခန်းမထဲမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။
ပုံဆောင်ခဲနှင့် ရေတို့ကို ဥပမာပေးပြီး ဟောပြောပို့ချနေသည့် မြန်မာလူမျိုး သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်
"Physical Sciences Research onboard International Space Station" ခေါင်းစဉ်နဲ့ ပို့ချမယ့် ဆရာပဒေသာတင်ရဲ့ ဟောပြောပွဲကို ရူပဗေဒဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ နက္ခတ္တဗေဒကို ဝါသနာအရ လိုက်စားသူ အများစုက စိတ်ဝင်တစား တက်ရောက်လာတာ တွေ့ရပါတယ်။
ဒေါက်တာပဒေသာတင်က လူငယ်များ ကိုယ်ချင်းစာသည့်စိတ်၊ စဉ်းစားချင်သည့်စိတ်များ ထားရန် ဟောပြောပွဲတွင် ထည့်သွင်းဟောပြောနေစဉ်။ ဓာတ်ပုံ • ရှင်မိုးမြင့်
ပွဲစတင်ချိန် စင်မြင့်ပေါ်တက်လာတဲ့ နာဆာက မြန်မာလူမျိုး သိပ္ပံပညာရှင်ရဲ့ အသွင်အပြင်ဟာ ရိုးစင်းလို့နေပါတယ်။ ပင်နီတိုက်ပုံကို သပ်သပ်ရပ်ရပ် ဝတ်ထားပြီး ပုဆိုးခပ်တိုတိုနဲ့ မျက်နှာထားချိုလှတဲ့ ဒေါက်တာပဒေသာတင်ရဲ့ အမူအရာဟာ ပရိသတ်တွေ သူ့ကို ရှိန်မနေစေပဲ သူနဲ့တစ်သားတည်း ဖြစ်သွားစေ ပါတယ်။
"အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆိုတာ အမေရိကန်နိုင်ငံရဲ့ အာကာသစခန်းမဟုတ်သလို ဂျပန်ရဲ့ အာကာသစခန်းလည်း မဟုတ်ပါဘူး။ အဲဒီအာကာသစခန်းကို တည်ဆောက်ရတာဟာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၅၀ ကုန်ကျပါတယ်။ ဒီလောက်ကုန်ကျတဲ့ စရိတ်ကို သိပ်တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံတည်းက မတတ်နိုင်ပါဘူး။ နိုင်ငံတော်တော်များများက ထည့်ဝင်ကြတဲ့ပိုက်ဆံနဲ့ နှစ်ပေါင်း ၂၀ လောက် ဒီအာကာသစခန်းကို ဆောက်ယူခဲ့ကြပါတယ်။ အဲဒီထဲမှာ သုတေသနဓာတ်ခွဲခန်းတွေ အများကြီးပါတယ်။ အာကာသယာဉ်မှုး ရှစ်ယောက်လောက်က ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဆေးဝါးနဲ့ ဇီဝနည်းပညာနဲ့ဆိုင်တဲ့ စမ်းသပ်မှုတွေကို တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်လုံးလုံး တောက်လျှောက် သုတေသနလုပ်နေခဲ့တယ်။ အဲဒါဘာကြောင့်လဲဆိုတော့"ချင်စိတ်" ကြောင့်ပါပဲ။ သိချင်တဲ့စိတ်၊ လိုချင်တဲ့စိတ်ကြောင့်ပဲ။ အဲဒီချင်စိတ် တွေကြောင့် ကျွန်တော်တို့ ဒီနေ့အသုံးပြုနေတဲ့ ဆယ်လူလာဖုန်းတွေ၊ လက်ပ်တော့တွေ ဖြစ်လာကြတာပါ။ ]ချင်စိတ်}မရှိရင်တော့ အဲဒီလူဟာ အသုံးမတည့်ဘူး" လို့ စပြောလိုက်တော့ ခန်းမထဲထိုင်နေတဲ့ လူငယ်တချို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားသလိုပါပဲ။
အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာပဒေသာတင်ဟာ နာဆာမှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်ပါတယ်။ သုတေသနလုပ်တဲ့အချိန်မှာ အိုင်ဒီယာတစ်ခုရပြီဆို စနေ၊ တနင်္ဂနွေ နေ့တွေမှာပါ အလုပ်လုပ်တယ်လို့ သူကပြောပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေက အာကာသသိပ္ပံ၊ ဆေးပညာနဲ့physical science စတာတွေကို သုတေသနလုပ်ချင်တဲ့ သုတေသီတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ နာဆာကသိပ္ပံပညာရှင် တွေနဲ့ အတူတွဲပြီး အလုပ်လုပ်ကြရပါတယ်။
"ကျွန်တော်ငယ်ငယ်တုန်းက ချို့တဲ့ပါတယ်။ ရွှေဇွန်းလေးကိုက်ပြီး မွေးခဲ့တာမဟုတ်ဘူး။ ကိုယ်သိချင် တတ်ချင်တာတွေကို လေ့လာနိုင်ဖို့ နည်းလမ်းတွေ ရှာတယ်။ သိချင်စိတ်၊ တတ်ချင်စိတ်က အခြေခံပါပဲ။ နိုင်ငံခြားမှာ ပညာသင်နေချိန်မှာလည်း အတော်ချို့တဲ့ခဲ့တယ်။ ထမင်းစရိတ်ကလည်း နည်းနည်းလေးရယ်။ ဒါပေမဲ့ အရမ်းကြိုးစားခဲ့ရ တယ်။ ဘယ်လောက်ထိအောင် ကြိုးစားခဲ့ရသလဲဆိုရင် ကျောင်းသား ဘဝမှာ ဓာတ်ခွဲခန်းကနေ ထမင်းစားချိန်အိမ်ပြန်တော့ အမျိုးသမီးက "ကျွန်မအိမ်ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်"လို့ ပြောတဲ့အထိပဲ။ ကျွန်တော် ရယ်စရာပြောတာ မဟုတ်ပါဘူး။ သိပ်ကိုကြိုးစား ရမယ်ဆိုတာကို ပြောတာပါ" လို့ သူက လူငယ်တွေကို တွန်းတွန်း တိုက်တိုက်နဲ့ ပြောလိုက်ပါသေးတယ်။
ဟောပြောပွဲမှာ နောက်အနှစ်၂၀ မှာ ကမ္ဘာဂြိုဟ်ကနေ မိုင်သန်း ၄၀ ဝေးတဲ့ မားစ်ကို လူတွေ သွားနိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ တွေအတွက် နာဆာက ပြင်ဆင်နေမှုတွေကိုလည်း ဗဟုသုတအဖြစ် အသေးစိတ်ပြောပြခဲ့ပါတယ်။
သူ့ရဲ့ဟောပြောပွဲပြီးဆုံးချိန်မှာတော့ မြေနီကုန်း လမ်းဘေးတစ်နေရာက သူကိုယ်တိုင်ရိုက်ယူလာခဲ့တဲ့ နေစရာမဲ့ မိသားစုလေးတစ်စုရဲ့ ဓာတ်ပုံကို ပြသခဲ့ရင်း လူသားအချင်းချင်း ကူညီဖေးမချင်စိတ်ထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
"လူနဲ့မျောက်ရဲ့ ဒီအင်န်အေက ၉၉ ရာခိုင်နှုန်း တူပါတယ်။ တစ်ရာခိုင်နှုန်းပဲ ကွာတယ်။ အဲဒီကွာခြားမှုက အတွေးအခေါ်ပါပဲ။ အကယ်၍များ စဉ်းစားချင်စိတ်၊ သိချင်တဲ့စိတ်၊ စေတနာစိတ်၊ ကိုယ့်ထက်ချို့တဲ့တဲ့သူကို သနားတဲ့စိတ်တွေ ကိုယ့်မှာမရှိရင် မျောက်နဲ့လူနဲ့ ကွာတာဆိုလို့ အမြီးမရှိတာပဲဖြစ်မယ်။ လူ့တန်ဖိုးဆိုတာ သူများကို ကူညီချင်တဲ့စိတ်၊ သိချင်တတ်ချင်တဲ့စိတ်၊ တတ်ချင်စိတ်ပဲ။ နောက်ပြီး လောကမှာ တန်ဖိုးအရှိဆုံးက အချိန်ပဲ။ အဲဒီလောက်တန်ဖိုးရှိတဲ့ အချိန်နဲ့လူ့ဘဝကို ရပြီးတော့ ညီမျှတဲ့လူ့အဖွဲ့အစည်းကို ကိုယ့်ရဲ့ သိချင်တဲ့စိတ် တတ်ချင်တဲ့စိတ်နဲ့ ဖန်တီးပေးနိုင်ရင် မကောင်းဘူးလား" လို့ သူက ပြောပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတွေက လူတွေရဲ့အသိပညာနဲ့ အတတ်ပညာကိုအခြေခံပြီး တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြပေမဲ့ မြန်မာပြည်မှာတော့ Óဏ်ပညာထက် သယံဇာတတွေကို အားထားနေရတုန်းပဲလို့ ဒေါက်တာပဒေသာတင်က ပြောပါတယ်။
ဒါကြောင့် အချိန်ကိုမဖြုန်းဘဲ လူငယ်တွေ များများကြိုးစားကြဖို့ သူက တိုက်တွန်းသွားခဲ့ပါတယ်။ ဟောပြာပွဲက အချိန်တစ်နာရီခွဲ ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး တက်ရောက်လာတဲ့ လူငယ်တွေရဲ့စိတ်မှာ တွေးစရာတစ်ခုခု ရသွားမှာတော့ သေချာပါတယ်။
ဆရာကြီး ဒေါက်တာပဒေသာတင်ဟာ ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ လကတည်းက ရောက်ရှိခဲ့ပြီး မန္တလေးမြို့မှာလည်း ဟောပြောပွဲတစ်ခု ကျင်းပခဲ့သေးတယ်လို့ သိရပါတယ်။ သူက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ သူနေထိုင်ရာ အမေရိကန်နိုင်ငံကို ပြန်သွားခဲ့ပြီး နာဆာမှာ တာဝန်ကျရာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။
Special Credit: #MMTimes