Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

1. ဆရာ သမီးနာမည်က့ ပါ။ ကိုယ်ဝန်က ၄ လရှိပါပြီ။ သူများတွေကပြောတယ် နွားနို့သောက်ရင် အထဲကကလေး မွေးလာရင် အသား

October 25, 2014
Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

Pregnancy Myths

1. ဆရာ သမီးနာမည်က့ ပါ။ ကိုယ်ဝန်က ၄ လရှိပါပြီ။ သူများတွေကပြောတယ် နွားနို့သောက်ရင် အထဲကကလေး မွေးလာရင် အသားဖြူ တယ်ဆိုတာဟုတ်ပါသလားဆရာ။
2. ကျွန်မအသက်က၂၃ နှစ်ပါဆရာ အခုကိုယ်ဝန် လွယ်ထားပါတယ်ဆရာ။ မီးတွင်းထဲမှာ ဘယ်လို နေထိုင်သင့်လဲဆိုတာ သိချင်လို့ပါဆရာ။ လူကြီးတွေကပြောတယ် တစ်လတိတိ ခေါင်းမလျှော်ရဘူး ပြောတော့တော်တော်စိတ်ညစ်ရပါတယ်။ ရေကိုင်ရင်တောင် ရေနွေးကိုပဲကိုင်ရမယ်၊ ဆပ်ပြာဆိုလည်း ကာဘော်လစ် ဆပ်ပြာ ပဲကိုင်ရမယ်၊ အဲကွန်းခန်းထဲမနေရဘူး၊ အစားအသောက်ကအစ အစုံမစားရဘူး ပြောပါတယ်။ အဲ့ဒါတွေကအမှန်တွေပဲလားဆရာ။ ပြီးတော့ သွေးသားသန့်အောင် ဘယ်လိုအရာတွေ လုပ်ပေးသင့်ပါသလဲရှင်။ မီးတွင်းထဲမှာ သွေးသန့်အောင် အရက် နဲ့ဆေးနဲ့ပါသောက်ရမယ်တဲ့ဆရာ။
3. ဆရာရှင့် သမီး ကိုယ်ဝန်က ၅ လနီးပါးရှိနေပြီလို့ ကိုယ်ဝန်သွားအပ်တော့ Doctor ပြောပါတယ်၊ ကလေး နှလုံးခုန်သံပါ ကြားရပါတယ်တဲ့ဆရာ။ သမီးသိချင်တာ ကိုယ်ဝန်ဆောင်တဲ့သူတွေ ညနေ ၅ နာရီ ကျော်ရင် ရေမချိုးရဘူးလို့ ပြောကြပါတယ်။ သမီး အလုပ်ချိန်က နေ့လည် ၂ နာရီကနေ ည ၁၁ ထိ မို့လို့ပါ။ ညနေ ၅ နာရီကျော်ရင် ရေမချိုးရဘူးဆိုတာ ဟုတ်ပါသလား ဆရာ။ နောက် ငှက်ပျောသီးကို ကိုယ်ဝန်ရင့်လာရင် မစားရဘူးတဲ့၊ ကလေးက အထဲမှာထွားနေရင် မွေးရခက်လို့တဲ့ ဟုတ်ပါသလားဆရာ။

မဟုတ်ပါ။ မဟုတ်ပါ။ မဟုတ်ပါ။

ကိုယ့်ကလေးတွေ နွားနို့သောက်ချင်အောင် လှည့်ပါတ်လိမ်ညာပြောခဲ့ရတာတွေကို အမှတ်ရလာတယ်။ ဆေးပညာစာကိုတော့ ဆန်းစုမှုတွေလုပ်ထားတဲ့ သူများနိုင်ငံကအထောက်အထားတွေကိုသာရေးပါမယ်။ ကျွန်တော်တို့နိုင်ငံမှာက ပိုပြီးထူးထူးဆန်းဆန်းတွေပြောကြတယ်။

ကိုယ်ဝန်အတွက် ရေးချိုးတာကို ဆရာဝန်တွေက ကန့်သတ်မှုမလုပ်ပါ။ ရေချိုးတာက အကျင့်လိုလဲဖြစ်သလို အကျင့်မဟုတ်ဘဲ ရေချိုးလို့လဲ ဘာမှ မဖြစ်စေပါ။ ချိုးတဲ့ရေရဲ့ အပူချိန်ကိုသာ ကြည့်စရာလိုပါမယ်။ ကိုယ်အပူချိန်နဲ့ တူလေကောင်းလေပါ။ ခပ်နွေးနွေးချိုးတတ်သူတွေက ၁ဝဝ ဒီဂရီ (အက်ဖ်) ရှိတဲ့ရေနဲ့ ချိုးသင့်ပါတယ်။ ရေချိုးရခြင်းရဲ့ အကျိုးကျေးဇူးတွေကို အားလုံးသိပါမယ်။ သန့်ရှင်းရေးအပြင် ပင်ပန်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေပါမယ်။ ခြေထောက်ရောင်နေသူတွေလဲ သက်သာစေနိုင်တယ်။ ရေမြွာရည်နည်းနေသူတွေမှာ တိုးလာစေမယ်။ စောမွေးမှာကိုပါ တားနိုင်လောက်ပေါသေးတယ်။ စိုးရိမ်ှုတွေ သက်သာစေမယ်။ ရေကူးချင်သူတွေ ကူးပါလေ။

ငှက်ပျေားသီးလဲ စားနိုင်ပါတယ်။ ကလေးထွားတာ ကောင်းပါတယ်။ ကလေးဟာ အချိုးအစားကျကျထွားလို့ အမွေးခက်တာ မဟုတ်ပါ။ ခေါင်းက ရှိသင့်တာထက် ပိုကြီးနေရင်သာ ခက်နိုင်ပါတယ်။

၁။ အတူနေတဲ့အနေအထားအရ ကလေးဟာ ယောက်ျားလေး၊ မိန်းကလေးဖြစ်တယ်။ မဟုတ်ပါ။ ဖခင်ဆီကလာတဲ့ X နဲ့ Y (ခရိုမိုဇုမ်း) တွေကနေသာ ကလေးရဲ့လိင်ကိုသတ်မှတ်တယ်။
၂။ ကလေးနှလုံးခုန်သံကနေ ယောက်ျားလေး၊ မိန်းကလေးခွဲသိမယ်။ မဟုတ်ပါ။ ဘယ်လိင်ဖြစ်ဖြစ် နှလုံးခုန်နှုန်းဟာ တမိနစ်မှာ ၁၂ဝ ကနေ ၁၆ဝ ရှိတယ်။
၃။ လက်ကိုခေါင်းပေါ်မြှောက်တင်ရင် ကလေးကို ချက်ကြိုးပတ်နေတတ်တယ်။ မဟုတ်ပါ။ အထဲကကလေး လှုပ်ရှားမှုကြောင့်သာ အဲလိုဖြစ်နိုင်တယ်။
၄။ ကိုယ်ဝန်ပေါ်ရင် ကလေးက ကြီးမယ်။ မဟုတ်ပါ။ ကိုယ်ဝန်တိုင်းမှာ အဲလိုမဟုတ်ပါ။ အရပ်မြင့်သူတွေက ကိုယ်ဝန်သိပ်မပေါ်တတ်ပါ။ ရေမြွာရည်များတာနဲ့ အမွှာကိုယ်ဝန်ကြောင့် ကိုယ်ဝန်က သူများထက်ကြီးမယ်။
၅။ ကိုယ်ဝန်ဆောင်တုံး မျက်နှာမှာ တင်းတိတ်ပေါ်တာဟာ (ကိုယ်ဝန်မျက်နှာဖုံး) ရာသက်ပန်ကျန်မယ်။ မဟုတ်ပါ။ မွေးပြီး ပြောင်း၊ ပျောက်ပါမယ်။
၆။ ကိုယ်ဝန်ဆောင်နေတုံး အတူနေတာ အန္တရာယ်ကြီးတယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)
၇။ ကိုဝန်ရှိစ အိပ်ရာထေဈေဒနာတွေက မနက်ထမှာသာဖြစ်တယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)
၈။ ကိုယ်ဝန်ဆောင်ရင် ရေမချိုးနဲ့။ မမှန်ပါ။ ရေချိုး သန့်ရှင်းဘို့ အရေးကြီးပါတယ်။
၉။ Linea nigra ခေါ်တဲ့ ချက်ကနေ ဆီးစပ်အထိတန်းနေတဲ့ အရောင်ရင့်မျဉ်းကြောင်းကနေ ယောက်ျားလေး-မိန်းကလေး သိတယ်။ ဖြောင့်ရင် ယောက်ျားလေး၊ ကောက်ရင် မိန်းကလေး။ ချက်အထက်ရောက်ရင် ယောက်ျားလေး။ မဟုတ်ပါ။
၁ဝ။ အသားအရေနူးညံရင် မိန်းကလေး၊ ခြောက်နေရင် ယောက်ျားလေး။ မဟုတ်ပါ။
၁၁။ ဆံပင်ပါးပြီး မွဲခြောက်ရင် မိန်းကလေး။ များပြီး အဆီပြန်နေရင် ယောက်ျားလေး။ မဟုတ်ပါ။
၁၂။ အချိုကြိုက်နေရင် မိန်းကလေး။ အငန် နဲ့ အချဉ်ကြိုက်ရင် ယောက်ျားလေး။ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/pregnancy-myths.html


Healthy Life

253 Blog posts

Comments