Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄)

ရာသီဆိုတာ မမှန်ဖြစ်တာ များပါတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ၁၉ နှစ်မှာ မှန်နေသင့်တာတော့ မှန်ပါတယ်။ ရောဂါရယ်လိ

October 24, 2014
Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄)

Menstruation (4)

ရာသီဆိုတာ မမှန်ဖြစ်တာ များပါတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ၁၉ နှစ်မှာ မှန်နေသင့်တာတော့ မှန်ပါတယ်။ ရောဂါရယ်လို့ မဟုတ်လောက်ပါ။ အလွယ်ဆုံးနည်းကတော့ ကိုယ်ဝန်တားဆေး (ဆောရီး) သောက်ရတယ်။ တနေ့ ၁ လုံး၊ တလ ၂၈ လုံးပါတာကိုပြောတာပါ။ အပျိုတွေလဲ ပေးပါတယ်။ သံသယအထင်မခံရအောင် သူများမမြင်အောင် ပေးရ-သောက်ရပါတယ်။ ရာသီလာရက်ကို မများစေသင့်ပါ။ များရင် သွေးအားနည်းမယ်။ ဆင်းသင့်တာသာ ဆင်းပါမယ်။ ကျန်နေတာမျိုးမဖြစ်ပါ။ တားဆေးသောက်ရင် (၁) လမှန်မယ်။ (၂) ဆင်းတာနည်းမယ်။ (၃) နာတာကိုက်တာ သက်သာမယ်။ ရာသီဆိုတာ အသက်အရလဲပြောင်းတယ်။ စိတ်ဖိအားအရလဲပြောင်းမယ်။ အဓိကအားဖြင့် ဟော်မုန်း အပေါ်မူတည်တယ်။ ဟော်မုန်းက တယောက်နဲ့တယောက်မတူပါ။ ရောဂါရှိမနေရင် ဘာမှ ကြောင့်ကျဘို့မလိုပါ။

သမီးက အသက် ၂၃ နှစ်ပါ။ ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။ အရင်ကတော့ အမေက သွေးဆေး အမြဲတိုက်ပါတယ်။ မြန်မာဆေးတွေ။ ခုက ဒီမှာ ဝယ်လို့လည်း မရပါဘူး။ ခု ဝက်ခြံတွေလည်း မျက်နှာမှာရော ကျောမှာပါ ပိုပေါက်လာပါတယ်။ သူငယ်ချင်းကပြောလို့ ချင်းပြုတ်ရည်လည်း သောက်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါရှင်။

ရာသီမမှန်တာ မိန်းကလေး အတော်များများမှာ ဖြစ်ကြလေ့ရှိတယ်။ ၂ လမှ တခါ လာယုံနဲ့ ဘာမှ စိုးရိမ်စရာ မလိုပါ။ ဝက်ခြံလဲ ပေါက်တယ်ဆိုရင် အပျိုဖြစ်မှာပေါ့။ သိပ်ရင်းနှီးလွန်းတဲ့ သမီးရည်းစားတောင် ထားပုံမရဘူး။ ဆေးပညာအရ ဖြစ်ဘို့ များတာကို ပြောတာပါ။ ကိုယ်ရေးကိုယ်တာ စပ်စုတာ မဟုတ်ပါ။ ဗေဒင်ဟောတာလဲ မဟုတ်ဘူး။ မမှန်ရင်လဲ “မှားသော ဆေးသမား ရှိ၏” လို့ မှတ်ပါ။

ဗမာသွေးဆေးတွေကလည်း အသုံးတည့်သူတွေမှာ တည့်တယ်။ ချင်းပြုတ်ရည်ကလည်း တချို့အတွက် အလုပ် ဖြစ်တတ်ပါတယ်။ မိန်းကလေးရဲ့ ကျန်းမာရေးကို ပိုပြီးသိရရင် ပိုကောင်းမယ်။ “ပိန်သလား၊ ဝသလား၊ ပိန်လာနေသလား။ ကျန်းမာရေး နောက်ကြောင်းမှာ ထူးခြားတာ ရှိသလား။ ဆေးရုံတက်ရဘူးတာ၊ ဓါတ်မှန်ရိုက်တာ”။ မသိတာ အသာထားပြီး ယေဘုယျ ဖြေပါ့မယ်။

ရာသီမမှန်တာမှာ ပတ်ဝန်းကျင်လို့ ခေါ်လေ့ရှိတဲ့ အကြောင်းခံရှိတတ်တယ်။ နေမကောင်းတာ ဥပမာ တီဘီ၊ စိတ်ဖိစီးမှု များတာ၊ အာဟာရ မပြည့်တာ၊ သွေးအားနည်းတာ၊ လေ့ကျင်ခန်း အလုပ် များလွန်းတာ၊ ခရီးထွက်ရဖန် များတာတွေ ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ပြင်ပါ-ကုပါ။

နောက် အကြောင်းခံ တမျိုးကတော့ ဇီဝကမ္မ အပြောင်းအလဲ ရှိလို့ပါ။ ရာသီဆင်းတာကို ထိန်းပေးနေတာ သုံးခုဟာ အထာမကျရင် ရာသီလာ မမှန်ဘူး။ နောက်ဆုံး အကြောင်းခံတခုကတော့ Polycystic ovarian syndrome (PCOS) ရောဂါပါ။ (ရေးထားပါတယ်။) လိုမယ် ထင်ရင် OG ပြပါ။ Oligomenorrhea ခေါ်တဲ့ ရာသီနည်းလွန်းရင် သားသမီး မရနိုင်တာ ဖြစ်စေတတ်တယ်။ ဒါတွေ ထည့်ရေးတာက ဆရာဝန်တယောက်အနေနဲ့ မပြည့်မစုံရေးလို့ မကောင်းတဲ့ အတွက်ပါ။ လူ ၁ဝဝ-၁ဝဝဝ မှာ ၁ ယောက် ဖြစ်တာလဲ ပါရတယ်။

ဝက်ခြံဆိုတာ ရာသီဆင်းတာလိုဘဲ ဟော်မုန်းဓါတ် အပြောင်းအလွဲကြောင့် ဖြစ်စေတာပါ။ လူတိုင်းမှာ ကျား-မ ဟော်မုန်း ၂ မျိုးလုံး ရှိကြတယ်။ Androgens ကျားဟော်မုန်းက ပိုကဲနေရင် ရာသီနည်းတာ ဖြစ်စေတယ်။ အရေပြား မသန့်ရှင်းတာ၊ လေထု မသန့်တာကြောင့်လဲ ဖြစ်စေနိုင်သေးတယ်။

သနပ်ခါးအစစ် သဘာဝဖြစ် အလှအပ အသုံးအဆောင်သာ သုံးပါ။ ကြော်ညာကောင်း (ကော့စ်မက်တစ်) တွေ မသုံးသင့်ပါ။ အဆီ-အငန်များ အစားအစာ ရှောင်ပါ။ တကယ်လို့ အနာရင်းသလို ဖြစ်လာရင်၊ ပြည်တည်ရင် Tetracycline, Erythromycin ၂၅ဝ မီလီဂရမ် ၆ နာရီခြား၊ ဒါမှမဟုတ် Doxycycline ၁ဝဝ မီလီဂရမ် ၁၂ နာရီခြား၊ ၄-၅ ရက် သောက်ပါ။

ဝက်ခြံကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့။ မျက်မှာမှာ ပေါက်တဲ့ ဘာအနာဖြစ်ဖြစ် မမှည့်သေးခင် ညှစ်မထုတ်ရပါ။ သွေးအားအတွက် Ferrous ဆေး၊ Folic acid ဆေးတွေသောက်ပါ။ ဝက်ခြံအတွက် ဗီတာမင် B အပြင် A သောက်ဘို့ လိုတယ်။ Zinc ဓါတ်များတဲ့ အစားအစာ (ပင်လယ်စာ၊ အစေ့အဆံ၊ အသဲ၊ ငါး၊ ဥ၊ ဂျုံ၊) နဲ့ Chromium ဓါတ်များ အစားအစာ (သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ စပျစ်သီး၊ အာလူး၊ အမဲသား၊ မုံလာဥစိမ်း၊ ကြက်သွန်ဖြူ၊) စားပါ။ တကိုယ်ရေ သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ် ၂ ရက်တခါ လဲပါ။ မျက်နှာကို ဆံပင်က လာလာမထိစေသင့်ပါ။

လစဉ် ရာသီလာနေသူများလဲ ဝက်ခြံပေါက်တတ်တယ်။ တရားခံက Androgens ပါဘဲ။ ဝက်ခြံမှာ ခေါင်းဖြူ-ခေါင်းမဲ ၂ မျိုး ရှိတယ်။ အဖြူက အရေပြားထဲ မြုတ်နေပြီး၊ အမဲက အပေါ်မှာ။ ပြည်ဖြစ်လာရင် ဝါလာမယ်။ သန့်ရှင်းရေး လုပ်တာက အပြင်းစားမဟုတ်တဲ့ ဆပ်ပြာ၊ ဗက်တီးရီးယားသေစေနိုင်တဲ့ Neem soap တမာဆပ်ပြာလဲကောင်းတယ်။ မျက်နှာ အဆီမပြန်စေနဲ့။ မိတ်ကပ်သုံးစရာရှိရင် နဲနဲ-ပါးပါးသာသုံးပါ။ အရေပြားက (ဆဲလ်)တွေ လေဝအောင်လို့။ သေသွားတဲ့ (ဆဲလ်) ခပ်ညိုညိုတွေကို အသာအယာ ဖယ်ထုတ်ပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ ရေများများသောက်ပါ။ နံ့သာဖြူလိမ်းတာလဲ ကောင်းပါတယ်။

ရာသီမှန်လာမယ်ဆိုရင် ဝက်ခြံပါ သက်သာလာမယ်။ အိမ်ထောင်ရက်သား ကျသွားသူများ ပျောက်သွားတယ်။ အိမ်ထောင် မရှိသေးသူကို ရှိအောင် အားပေးတာ မဟုတ်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ “နောင်ပြင်ရန် ခက်သည့်အမျိုး သုံးပါး” ထဲမှာပါလို့ ဝက်ခြံ ပျောက်ချင်တာလေးနဲ့ မမြန်ဆန်လေနဲ့။

အပျိုလေး-အပျိုကြီးများလည်း ကိုယ်ဝန်ဆောင် တားဆေး (အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေး) ကို သောက်ရင် ရာသီလာရက် မှန်စေတယ်။ ၂၈ ပြားပါတဲ့ ဆေးကပ်မှာ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး လာလေ့ရှိတယ်။ အဖြူရောင် ၂၁ လုံး သောက်နေတုံး ရာသီမလာဘဲ၊ ဒီဆေးလုံးတွေ ကုန်တာနဲ့ ရာသီလာမယ်။ ဒီဆေးကပ်ကို အနည်းဆုံး ၃-၄ လ ဆက်သောက်လိုက်ရင် သူ့ဖါသာသူ ရာသီလာရက် မှန်စေနိုင်တယ်။

ပုံမှန်ရာသီက ၂၈ ရက် ၁ ခါ လာပါတယ်။ ဒါပေမယ့် ရာသီလာပြီး ၁ဝ ရက် ၂ ပတ်လောက်နေရင် နဲနဲ ပြန်လာနေတတ်တယ်။ ပုံမှန်လိုတော့ မဟုတ်ဘူး။ အပေ့ါသွားရင် ထွက်လာတာမျိုး အဖြူနဲ့ ရောပြီး ထွက်လာတာမျိုး။ Daily pad အသေးလေးတွေ သုံးရတာပေါ့။ အဲဒါဘာလို့ ဖြစ်တာလဲ။ တခုခုများ အထဲမှာ ဖြစ်နေလို့လား။ အရင်က မဖြစ်ဖူးပါဘူး ဒီလိုဖြစ်တာ ၃-၄ လ လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၁ ပတ်က အိမ်ထောင်ကျပါတယ်။ မင်္ဂလာဦးည ပြီးတော့ နောက် ၃-၄ ရက် လောက်မှာ အဲလိုမျိုး ဆီးသွားတဲ့ အချိန် လေလည်တဲ့အချိန်မျိုးမှာ အနီထွက်လာတယ်။ အဲဒါက ပုံမှန်ပဲလား။ အဲလိုဖြစ်တဲ့ ဒီအပတ်မှာ ပြန်နေဖြစ်တော့ စ စခြင်းတော့ ဘာမှ မဖြစ်ပေမယ့် နောက်တော့ အနီနဲနဲ ဆင်းလာတယ်။ သမီးတို့ အသက် ၂၈ ကိုယ်စီပါ။ ယောက်ျားကတော့ ဘာမှ မဖြစ်ပါဘူး။ ကျန်းမာပါတယ်။ နောက်ပိုင်းမှာ နာကျင်မှုတော့ မရှိပါဘူး။ ကိုယ်ဝန်တားဆေး မသုံးပါဘူး။ ယားတာတော့ မဖြစ်ပါဘူး။ အရင်ထဲက အဖြူကတော့ တခါတလေ ဆင်းတယ်။ အိမ်ထောင်ကျတာ ပြီးခဲ့တဲ့ အပတ်ကမှပါ။ အိမ်ထောင်မကျခင် ၄-၅ လ လောက်မှာ အဲလို ဖြစ်တာကို သတိထားမိတာပါ။ အနီသက်သက် ဆင်းလာတာမျိုး အဖြူနဲ့ ရောပါလာတာမျိုးပါ။ သူလဲ လန့်နေသလို သမီးလဲ လန့်နေတယ်။

အိမ်တောင်ကျတာနဲ့ မဆိုင်ဘဲ မကျခင်ကတည်းက ဖြစ်တာမို့ အိမ်ထောင်ဘက်က ပြဿနာ မဟုတ်နိုင်တော့ပါ။ လိင်ကတဆင့် ကူးစက်ရောဂါ STD တွေကိုပါ လက်ညှိုးထိုးစရာ မလိုတော့ဘူးပေါ့။

ဖြစ်တတ်တဲ့ အခြေအနေတခုသာ ဖြစ်တယ်။ မစိုးရိမ်ပါနဲ့။ ရာသီများလာတဲ့သဘော ဖြစ်ဘို့ များတယ်။ ဒီအသက်မျိုးမှာ ရောဂါကြီး မဖြစ်သလောက်ပါ။ ဆီးစပ်နေရာကို ဖိကြည့်လို့လဲ နာပုံမပေါ်ပါ။ နာရင် မျိုးပွါးလမ်းကြောင်း ပိုးဝင်တာမျိုး စဉ်းစားရတယ်။ အခု ဟုတ်ပုံမရပါ။ တခြားနေရာ (နှာခေါင်း၊ သွားဖုံး) ကနေ သွေးမယိုတာ မဖြစ်ဘူးလို့ ယူဆပါတယ်။ ဒီတော့ ရာသီမှန်အောင်လုပ်ဘို့ဘဲ လိုမယ်။ ဘာမှ မလုပ်ဘဲနေရင်တောင် မှန်လာတတ်သေးတယ်။ အိမ်ထောင်ကျ လိုက်တော့ ဟော်မုန်း အချိုးအစားလဲ ပြောင်းလာနိုင်လို့ပါ။

အိမ်ထောင်ကျပြီး ဆက်ဖြစ်နေသေးပြန်တာမို့ OG မပြခင် ဆေးစားကြည့်ပါ။ မွေးလမ်းကြောင်းစမ်းတာ လုပ်ရင် ပိုပြီး ခန့်မှန်းနိုင်တယ်။ အလွယ်ဆိုးနည်းကတော့ ကိုယ်ဝန်တားဆေး သောက်ပါ။ အများဆုံး သုံးနေကြတဲ့ ဟော်မုန်း ၂ မျိုးတွဲဆေးပြား သောက်ပါ။ တနေ့ ၁လုံး ၂၈ ရက် သောက်ရတာမျိုး ပြောတာပါ။ ရှာရတာလဲ အလွယ်ဆုံးဖြစ်တဲ့ဆေးပါ။ ရာသီ တခါဆင်းအောင် စောင့်ပါ။ ဆင်းတာရပ်တာနဲ့ ဆေး တနေ့ ၁ ပြားသောက်ပါ။ ဆေးမကုန်ခင် ရာသီ ပြန်မဆင်းပါ။ အဲလို လမှန်-ရက်မှန်ဖြစ်တာ ၃-၄ လ နောက်မှာ ရပ်လိုက်ပါ။ ဆေးကို မနက်ခင်း သောက်တဲ့အကျင့်လုပ်တာ ကောင်းတယ်။ မေ့သွားရင် နေ့ခင်းသောက်လိုက်လို့ ရတာမို့ ရက်မကျော်တော့ပါ။ အထောက်အကူအဖြစ် သံဓါတ်အားဆေးနဲ့ ဗီတာမင် စီ သောက်ပါ။ ကျန်းမာ-ချမ်းသာကြပါစေ။

မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးရမှာလဲ။ နောက်ဆက်တွဲ ပြဿနာ ရှိလာနိုင်သလား။ သိရင်ဝေမျှပေးပါ။

ရာသီလာရင်နာတာ Dysmenorrhea မှာ နောက်ဆက်တွဲ ပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Ibuprofen, Ketoprofen, Naproxen, Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။ နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။

သမီး အသက် ၂၇နှစ်ပါ။ သမီးက အပျိုပါ။ ရာသီလာတာ တလ တခါမဟုတ်ဘဲ ၂ လ တခါ၊ ၃ လ ၂ခါ ဖြစ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ ခု ဒီတခါကျတော့ ရာသီမလာတာ ၃ လ ရှိပါပြီဆရာ။ ဒီရက်ပိုင်း ဆီးစပ်တွေကိုက်ပြီး ရာသီလာရင် ဗိုက်နာသလို နာနေပါတယ်။ ရာသီက မလာသေးပါဘူး။ ဒါနဲ့ ဂျင်းနဲ့ ထန်းလျက်ကြိုသောက်တော့ ဗိုက်က မနာတော့ပါဘူး။ ဒါပေမယ့် ဗိုက်ထဲက နေလို့မကောင်းဘူးဆရာ။ သမီး ရာသီလာတာ ၂ လတခါ လာတာ အန္တရာယ်ရှိလား သိချင်ပါတယ်။ ခုတလော ဗိုက်နာနေတာကိုလည်း သက်သာချင်ပါတယ်ဆရာ။

ကြားရက် သွေးဆင်းနေရင် ဘာမဟုတ်တာလေးတွေလဲ အရင်စဉ်းစား ပြုပြင်ရမယ်။ တားဆေးသောက်ဘို့ မေ့သွားတာ၊ မွေးလမ်းမှာ အနာ ဖြစ်နေတာ။ သိပ်ဆိုးဝါးတာတွေလဲ ရှိတယ်။ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊ ကင်ဆာ။

ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ ရာသီလာချိန်မှာနာတာကို Dysmenorrheal ခေါ်တယ်။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။) ရာသီလာချိန်နာတာကို NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ သတိထားရမှာတွေကတော့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ Fibroids (ဖိုက်ဘရွိုက်) သားအိမ် အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။

ကြားရက် သွေးဆင်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေ အများကြီးရှိတယ်။
- မျိုးဥထွက်ချိန်၊
- ကိုယ်ဝန်တား-စားဆေး၊
- IUCD ကိုယ်ဝန်တား-ပစ္စည်း၊
- လည်ပင်းကြီး-ဟော်မုန်းနဲတာ၊
- သန္ဓေတည်ခါစ၊
- ကိုယ်ဝန်ပျက်တာ၊
- (အီစထိုဂျင်) ဟော်မုန်းဆေးပေးနေသူ အစပိုင်းနဲ့ အဆုံးရက်တွေ၊
- Endometriosis သားအိမ်ရောဂါ၊
- Uterine fibroids သားအိမ်အလုံး၊
- လိင်ကတဆင့် ကူးစက်ရောဂါတွေ၊
- စိတ်ဖိအားများတာ၊
- သွေးဆုံးခါနီး၊
- Cervical polyps သားအိမ်ဝမှာ အညှာပါ-အလုံးရှိတာ၊
- Cervical erosion သားအိမ်ဝရောဂါ၊
- ဗဂျိုင်းနာ၊ သားအိမ်၊ မျိုးဥအိမ်မှာ Cysts အလုံးရှိတာ၊
- မွေးလမ်း ထိခိုက်မိတာ၊
- ဗဂျိုင်းနားထဲ ပစ္စည်းတခုခု ကျန်ရစ်တာ၊
- ကင်ဆာ။

အများဆုံး ဖြစ်တာက Ovulation bleeding မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် Follicle ကနေ မျိုးဥ ပေါက်ထွက်ချိန်မှာ ဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်းနံရံပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။ တခြား အကြောင်းတွေလဲ ရှိနိုင်တယ်။ Progesterone ဟော်မုန်း နဲနေရင် ရက်ကြာကြာ ဆင်းနိုင်တယ်။ အဲလို အမျိုးသမီးတွေဟာ ကလေးရဘို့ အခွင့်အလမ်းနဲပြီး ကိုယ်ဝန်လဲ ပျက်တတ်တယ်။ ကိုယ်ဝန်တားစားဆေးကြောင့် ဆိုရင် အစနဲ့အဆုံးမှာ ဆင်းတတ်တယ်။ များသောအားဖြင့် ဒီဆေးမျိုးကို သောက်ဘူးခါစ ပဌမလတွေမှာ ဖြစ်တယ်။ ဆေးသောက်ချိန် လွဲသွားရင်လဲ ဖြစ်တတ်တယ်။

အရေးပေါ်ဆေးကုရာတာ ရှားတော့ရှားတယ်။ လိုအပ်ရင်တော့ ဆေးကုရမယ်။
- သွေးဆင်းများသူ တချို့ကို Estrogen (Conjugated) 25 mg IV ထိုးပေးရတယ်။ ဒါမှမဟုတ် စားဆေး 2.5 mg တနေ့ ၄ ကြိမ်ပေးမယ်။ သွေးရပ်သွားရင် Medroxy-progesterone 10 mg/d ကို ၇-၁ဝ ရက် ဆက်ပေးမယ်။
- တချို့ကို အများဆုံးသုံးတဲ့ Combination Oral Contraceptive ဟော်မုန်းနှစ်မျိုးတွဲ ကိုယ်ဝန်တား စားဆေး ပေးတယ်။ ဆေးထဲမှာ 1-0.75 mg Norethindrone နဲ့ 0.035 mg Ethinylestradiol ပါတယ်။ တရက်မှာ ဆေး ၄ ပြား၊ ၇ ရက် ပေးတယ်။ ဒါမှမဟုတ် ၄ ပြား ၂ ရက်၊ ၃ ပြား ၂ ရက်၊ ၂ ပြား ၂ ရက်၊ ၁ ပြား ၂ ရက်နည်းနဲ့ ပေးတယ်။
- Medroxyprogesterone (Provera) ခေါ်တဲ့ Progestin (Progesterone) ဟော်မုန်းဆေးပေနိုင်တယ်။ ဒီဆေးက မျိုးဥ ပုံမှန်ထွက်စေတဲ့ဆေး ဖြစ်တယ်။ 10 mg/day ကို ၁ဝ ရက်ပေးမယ်။ ဒါပေမဲ့ OG ကပေးမှသာ သောက်ပါ။ ဆေးရပ်လိုက်တော့ သွေးဆင်းတတ်လို့။ ကင်ဆာ မရှိတာ သေခြာမှလဲ ပေးရတယ်။
- တချို့ကို D and C သားအိမ်ခြစ်ပေးရတယ်။

အရွယ်ရောက်စ မိန်းကလေးတွေနဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ မျိုးဥအထွက်ဘဲ သွေးဆင်တာ Anovulatory dysfunctional uterine bleeding ဖြစ်တတ်ကြတယ်။ ကုသနည်းတွေကတော့ -
(၁) Estrogen (Conjugated) 2.5 mg တနေ့ ၄ ကြိမ်ပေးပြီ၊ သွေးဆင်းတာရပ်ရင် Medroxyprogestrone 10 mg နေ့စဉ်၊ ၇-၁ဝ ရက်ပေးတယ်။ ဒါမှမဟုတ်
(၂) ကိုယ်ဝန်တားဆေး (Ethyl Estradiol 35 µg + Noresthindrone 1 mg) တနေ့မှာ ၄ ပြား၊ ၇ ရက်ပေးတယ်။ ဒါမှမဟုတ်
(၃) ကိုယ်ဝန်တားဆေး (Ethyl Estradiol 35 µg + Noresthindrone 1 mg) တနေ့ ၃ ပြား၊ ၂ ရက်၊ ဒိနောက်မှာ တနေ့ ၂ ပြား၊ ၂ ရက်၊ ဒိနောက်မှာ တနေ့ ၁ ပြား၊ ၂ ရက်ပေးတယ်။ ဒါမှမဟုတ်
(၄) Medroxyprogesterone 10 mg/day ၁ဝ ရက်ပေးတယ်။

မေးတဲ့သူက အပျို၊ အသက်လဲ ၂၇ နှစ်သာရှိသေးလို့ ကိုယ်ဝန်နဲ့ဆိုင်တာ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေနဲ့ အသက်ကြီးမှ ဖြစ်လေ့ရှိတဲ့ ကင်ဆာတွေကို ဖယ်ထုတ်နိုင်ပါတယ်။ အလွယ်ဆုံးနည်းကတော့ အပျိပေမဲ့ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ၊ အများသုံး၊ ဈေးချို၊ တနေ့ ၁ ပြား၊ တလ ၂၈ ပြားသောက်ရတဲ့ဆေးကို ၃-၄ လ ဆက်သောက်ပါ။ ရာသီလဲမှန်မယ်၊ နာတာလဲ သက်သာမယ်။ ဆင်းတာလဲနည်းမယ်။ အဆင်ပြေရင် OG ကိုပြပါ။ စိတ်ဖိအား များနေရင် လျှော့ချပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/menstruation-4.html


Healthy Life

253 Blog posts

Comments