October 24, 2014
Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃)
၁။ Amenorrhea ရာသီမလာတာလား၊
၂။ Heavier Than Normal ရာသီလာတာများနေသလား၊
၃။ Bleeding In Between Periods ကြားရက် သွေးဆင်းသလား၊
၄။ Painful Period ရာသီလာလို့ တအားနာသလား၊
မိန်းကလေး-အမျိုးသမီးတိုင်းဟာ သီးသန့်သဘောဆောင်တယ်။ သူ့သဘာဝနဲ့သူရှိတယ်။ ရာသီ ရက်တိုမယ်၊ ရှည်မယ်၊ နည်းမယ်၊ များမယ်။ အပျိုဖြစ်ပြီး နှစ်တွေနဲနဲကြာရင် ကိုယ့်သဘာဝကိုယ် သိမှတ်ထားနိုင်ပြီ။ ငါ့ရာသီဟာ ဒီလိုဘဲလို့။ အများဆုံးက တလ ဆိုတာ ၂၈ ရက်၊ တလလာရင် ၃-၅ ရက်။ အဲလိုကနေ ထူခြားတာဖြစ်လာရင်တော့ သတိထားစရာတွေ ရှိလာမယ်။
၁။ Amenorrhea ရာသီမလာရင် -
• အသက် ၄၅-၅ဝ အရွယ်မှာ ရာသီမလာတော့တာက မတူးဆန်းပေမဲ့ အသက် အစိတ်မှာ ရာသီမလာတော့ရင် တခုခု ဖြစ်နေနိုင်တယ်။ အသက် ၂ဝ-၃ဝ ဆိုတာ မျိုးပွါးကိစ္စအတက်ကြွဆုံးအချိန်တွေဘဲ။ ဘယ်လိုဘဲ Protected sex အကာအကွယ် လုပ်ပါတယ် ဆိုနေနေ ကိုယ်ဝန်ကို ပဌစဉ်းစားတာ မမှားဘူး။
• ၄ဝ-၄၅ ဆိုရင် အရင် စဉ်းစားရမှာက Perimenopause သွေးဆုံးတော့မလို့လား။ မရပ်ခင်မှာ မ-မျိုးဥအိမ်ကနေ Estrogen (အီစထိုဂျင်) ထုတ်တာ နည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာ မလာတော့ရင်တော့ ဆရာဝန်တွေကနေ Menopause ပါလို့သတ်မှတ်တယ်။
• Excessive exercise ကိုယ်လက်လေ့ကျင့်ခန်း သိပ်များသူတွေမှာလဲ ရာသီ မလာတာမျိုး ဖြစ်နိုင်တယ်။ အမျိုးသမီး အားကစားမယ်တွေ ၅-၂၅% မှာအဲလိုဖြစ်ကြတယ်။
• Eating disorders အစားအသောက်နဲ့ဆိုင်တာလဲ ရှိသေးတယ်။ Anorexia nervosa ဘာဆိုဘာမှ စားချင်စိတ် မရှိလို့ မစားမသောက်ရောဂါ ဖြစ်နေသူတွေ ရာသီမလာဘဲ နေတတ်တယ်။
• Other possible causes တခြားဖြစ်နိုင်ခြေတွေကတော့ -
- Thyroid or pituitary gland disorders (သိုင်းရွိုက်) လည်ပင်းကြီး နဲ့ ဦးနှောက်က (ပစ်ကျူထရီ-ဂလင်း) ရောဂါ၊
- Hypothalamus ဦးနှောက်က (ဟိုက်ပိုသဲလ်မတ်စ်) နေရာ ရောဂါ၊
- Breastfeeding ကလေးနို့တိုက်နေချိန်၊
- Obesity လူအဝလွန်ခြင်း၊
- Oral contraceptives ကိုယ်ဝန်တားဆေး၊ (တချို့မှာသာဖြစ်တယ်)၊
- Stress စိတ်-ရုပ် ဖိအားများခြင်း၊
- Polycystic ovarian syndrome and other hormone imbalances ဟော်မုန်းမညီမျှခြင်း၊ မ-မျိုးဥအိမ် အကျိတ်ရောဂါ၊
- Ovarian failure မ-မျိုးဥအိမ် အလုပ်မလုပ်တော့ခြင်း၊
- Disease of the uterus သားအိမ်ရောဂါ။
၂။ Heavier Than Normal ရာသီလာတာများနေရင် -
• အမျိုးသမီးအများစုဟာ တလမှာ ဟင်းခပ်ဇွန်း ၂-၃ ဇွန်းစာသွေးဆင်းကြတယ်။ ၅ ဇွန်းကျော်ရင် Menorrhagia များတယ်လို့ ပြောနိုင်တယ်။ များတာကြာရင် Anemia သွေးအားနည်းတာဆက်ဖြစ်လာနိုင်တယ်။ ဘာလို့များနေလဲ -
• Uterine fibroids or polyps သားအိမ်အလုံး-အကျိတ်၊
• Miscarriage ကိုယ်ဝန်ပျက်ခြင်း၊
• Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊
• Blood thinners သွေးကျဲဆေး၊ Steroids (စတီရွိုက်) ဆေးသောက်နေရခြင်း၊
• Birth control pills ကိုယ်ဝန်တားဆေး ပြောင်းသောက်ခြင်း၊
• Clotting disorders သွေးမခဲရောဂါ၊ ဥပမာ Willebrand's disease ရောဂါ၊
• Cancer of the uterus သားအိမ်-ကင်ဆာ၊
• အကြောင်းခံရောဂါမရှိသူတွေမှာ ရာသီဆင်းတာ သူများထက်များနေရင် Oral contraceptives ကိုယ်ဝန်တား စားဆေး သုံးနိုင်တယ်။
• IUD သားအိမ်ထဲပစ္စည်းထည့်သူဆိုရင် Mirena အမျိုးအစားသုံးရင် နည်းစေတယ်။
• Lysteda ဆေးလဲပေးနိုင်တယ်။ သူကနေ သွေးခဲတာအားပေးတယ်။ ဆရာဝန်ပေးမှသာသောက်ပါ။
၃။ Bleeding In Between Periods ကြားရက် သွေးဆင်းနေရင် -
• ဘာမဟုတ်တာလေးတွေလဲ အရင်စဉ်းစား ပြုပြင်ရမယ်။
- တားဆေးသောက်ဘို့ မေ့သွားတာ။
- မွေးလမ်းမှာ အနာ ဖြစ်နေတာ။
• သိပ်ဆိုးဝါးတာတွေလဲ ရှိတယ်။
- Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊
- Cancer ကင်ဆာ။
၄။ Painful Period ရာသီလာလို့ တအားနာနေရင် -
• ရာသီလာတာ အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ ရာသီလာချိန်မှာနာတာကို Dysmenorrheal ခေါ်တယ်။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
• ရာသီလာချိန်နာတာကို NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။
• သတိထားရမှာတွေကတော့ -
- Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့
- Fibroids (ဖိုက်ဘရွိုက်) သားအိမ် အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။
Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/menstruation-3.html