TB အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ

(တီဘီ) မှာ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါရှိနေရတာ နှစ်မျိုး နှစ်စား။ သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပ

October 22, 2014
TB အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ

TB

(တီဘီ) မှာ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါရှိနေရတာ နှစ်မျိုး နှစ်စား။ သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပိုးမတွေ့သူ။ Positive နဲ့ Negative ခေါ်သလို Open Case နဲ့ Close Case လို့လဲ ခေါ်တယ်။

အဲဒီရောဂါက ဆိုးလို့ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေကြတာ ကြာပါပြီ။ ဆိုးတယ်ပြောတာက ကူးလို့၊ အဖြစ်များလို့၊ သေစေလို့ပါ။ ပိုဆိုးတယ်လို့ ပြောနိုင်ပြန်ပြီဗျ။ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေတာတောင်မှ ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေပါတယ်။ ခေါင်းလဲ မာသလားမမေးနဲ့။ သူ့အကြောင်းသိလို့ ဆေးကို အနည်းဆုံး ၂ မျိုးပေးကုတယ်။ ဒါလဲ မရဘူးဗျ။ ကုနေကြဆေးတွေကို မမှုတော့၊ မဖြုံတော့ဘူး။ Multi-Drug Resistant Tuberculosis ခေါ်တယ်။

ကလေးတွေ ဖွါးပြီးတာနဲ့ ဘယ်ဘက် လက်မောင်းမှာ ထိုးပေးတာ TB ကာကွယ်ဆေးပေါ့။ (ဘီစီဂျီ) လို့ ခေါ်တာ။ သြကာသ လောကကြီးထဲ မရောက်ခင်၊ လူတွေနဲ့ မထိမတွေ့ခင် ကလေးကို ဦးအောင် ထိုးပေးရတာပါ။ ဘာလို့လဲဆိုတော လူတောထဲမှာ ပိုးတွေ ရှိနေလို့၊ ပိုးနဲ့မတွေခင် ရောဂါပြီးစေမဲ့ သတ္တိတွေကလေး ကိုယ်မှာ ဖြစ်လာနှင့်အောင် ကာကွယ်ဆေးကို ထိုးပေးရတာပါဘဲ။ အရင်ကတော့ ကလေးတွေ ကလေးမျိုးစုံနဲ့ ကစားရ၊ အတူနေရတော့မှာမို့ ကျောင်းထားခါနီး တခါထပ်ထိုးရတယ်။ အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမထားခင် ကတည်းက ကလေးတွေဟာ ပိုးရှိသူတွေနဲ့အတူ နေခဲ့ပြီးဖြစ်တာမို့ပါ။

ကာကွယ်ဆေးရဲ့ သဘောက ရောဂါပိုး ဝင်လာရင် ကိုယ်ထဲမှာ ဒီပိုးကို တိုက်ဖျက်နိုင်စွမ်းတွေ အလိုလို ထွက်စေတာမို့ နောက်ထပ် ဝင်လာတဲ့ပိုးကို ပြန်ချဘို့ ကိုယ့်မှာ ခံနိုင်ရည် ရှိနေစေအောင် စီမံတာပါ။ ရောဂါပိုးကို ရောဂါအထိ မဖြစ်စေဘဲ၊ ပိုးအစွမ်းသတ္တိ ကလေးသာ ကျန်နေအောင် အဲဒီပိုးကို နှိပ်ကွပ်ပြီး၊ သေးသိမ်အောင် လုပ်ထားတာလေးကို ကာကွယ်ဆေး အဖြစ် သုံးတာပါ။ BCG ထိုးလိုက်တဲ့ နေရာလေးမှာ အနာလာဖြစ်တယ် မဟုတ်လား၊ အဲဒါက အဲဒီ နေရာလေးမှာ ကွက်ပြီး TB ဖြစ်စေတာပါ။ ဒါ့ကြောင့် ကလေးက နည်းနည်း ကိုယ်ပူ လာတာပေါ့။ အဲလို ဖြစ်နေတုံး ကလေးကိုယ်ထဲမှာ ဒီပိုးကို ပြန်ချမဲ့ သတ္တိတွေက သူ့ဖါသာ ထွက်လာစေတော့တယ်။ အဲ့ နောက်တခါ TB ပိုး ဝင်လာလို့ကတော့ ဒီသတ္တိက ပြန်ချနိုင်အောင် စီမံထားလိုက်တာပါဘဲဗျာ။ အကြံ မကောင်းပါလား။ (အင်တီဘော်ဒီ) လို့မှတ်ရတာ အောက်တယ်၊ “အတွင်းအား”လို့ မှတ်ပါဗျာ။

အတွင်းအားတွေနဲ့ အစွမ်းကောင်းလှတဲ့ သိုင်းကား ရုပ်ရှင်တွေလဲ ကြာတော့ ရိုးလာသလိုဘဲ၊ ပိုးဆိုတဲ့ အကောင် သေးမွှားမွှားလေးတွေက ကိုယ်ထက် ငယ်တော့ ကိုယ့်ထက်လည်တယ် ဆိုတာမျိုးလို၊ အခု ရောဂါကို ခံချမဲ့ ကိုယ့် အတွင်းအားတွေကို မဖြုံချင်တော့ဘူး။

(တီဘီ) ဟာ လေကနေ သယ်ပို့တဲ့နည်းနဲ့ ကူးတာဖြစ်လို့ လေထုပတ်ဝန်းကျင် သိပ်မကောင်းတဲ့ နေရာမျိုးမှာ ကူးစက်ပါတယ်။ ရုပ်ပတ်ဝန်းကျင် မကောင်းတာမျိုးကလည်း ဆင်းရဲတာနဲ့ တိုက်ရိုက် အချိုးကျတယ် မဟုတ်လား။ ကွင်းဆက်သဘောအရ ဆင်းရဲတော့ စီမံကိန်း လုပ်တာတွေက အညံ့စား၊ အပေါစားတွေ ဖြစ်တတ်တယ်။ စီမံကိန်းခေတ်က ကျွန်တော်တို့ တိုင်းပြည်မှာ ၂၆ နှစ် ကြာခဲ့ပါတယ်။ စာရင်းဇယားကို “အောင်မြင်နေပါတယ်၊” “တိုးတက်နေပါတယ်၊” ဆိုပြီး လိမ်ပြတာ အကျင့်ပါတဲ့ အုပ်ချုပ်ရေးစနစ်မျိုးလဲ ဖြစ်ခဲ့တယ်။ (တီဘီ) ပိုးက သင်္ချာမတတ်ဘူး။ သူနည်းသွားပြီလို့ လူတွေကို ညာပြောနေတာကို နားမလည်ခဲ့ဘူး။

အဲဒီခေတ်မှာပါဘဲ ကျွန်တော်တို့ ဆေးပညာ သင်နေရင်း၊ တိုင်းပြည်ကလဲ တရားဝင် အဆင်းရဲဆုံး နိုင်ငံ LDC ဘဝကို ရောက်ခဲ့ရတယ်။ “ကူးစက်ရောဂါများသည် Social-economic condition လူမှု-စီးပွါးရေး မကောင်းပါသဖြင့် ပို၍ ဖြစ်ရသည်။” ဆိုတဲ့ ကောက်ချက်ကို မချရဘူးတဲ့။ မခက်ဘူးလား။ နှိမ်နင်းရေးတွေ အောင်မြင်နေပါတယ်လို့ အစီရင်ခံစာမှာ ပြရတော့ (တီဘီ) က ရီတာပေါ့။ အဲဒါ ကျန်းမာရေး ရာဇဝတ်မှုဘဲ။

HIV က နှိပ်စက်လာချိန် TB က ခေါင်း ပြန်ထောင်လာတာပါ။ ဒီနှစ်မျိုး တွဲလို့ကတော့ ၄ ပုံ ၁ ပုံက အသေစာရင်းထဲ ရောက်သွားတယ်။ မသူတော်အချင်းချင်း ပေါင်းဖေါ်လွေ့ကြတာ။ ဒုတိယ ကမ္ဘာစစ်တုံးက နာဇီဂျာမဏီ၊ မူဆိုလီနီ အီတလီ၊ နဲ့ ဖက်ဆစ် ဂျပန်တို့ ဝန်ရိုးတန်းနိုင်ငံတွေ လုပ်ကြတုံးက Unholy alliance of power and pelf လို့ Franklin Delano Roosevelt (ရုစ်ဗဲလ်တ်) ကနေ ပြောခဲ့ဘူးတယ်။ TB နဲ့ HIV ကို Co-Infection လို့ ပြောနိုင်ပါတယ်။

အဲဒီခေတ်က ပြီးခဲ့ပြီဆိုပေမဲ့၊ အခုထိလဲ TB ဟာ လူတွေကို ကူးဆဲ၊ သတ်ဆဲ၊ ဖြစ်နေပါတယ်။ အရာရာတိုင်းကို ညာမရပါ။ ဘယ်အရာမဆို အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ။ မဟာမိတ်များလို စုပေါင်း တွန်းလှန်၊ တိုက်ထုတ်၊ အနိုင်ယူကြမှ ရပါမယ်ခင်ဗျား။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/tb.html


Healthy Life

253 Blog posts

Comments