သားသုံးယောက်နဲ့အဖိုးအို

ဒီပုံပြင်လေးက ကျောင်းသင်ခန်းစာမှာ ငယ်ငယ်လေးထဲက ဖတ်ဖူးတဲ့ပုံပြင်လေးပါ။ ခုချိန်မှာ သားသမီးတွေကို ပြန်လည်ပြောပြပေးဖို့သင့်တဲ့ပုံပြင်လေးမို့ ပြန်ပြီး ဖတ်ရှုနိုင်အောင်တင်ပြပေးလိုက်ပါတယ်။
တစ်နေ့တော့ ရွာတစ်ရွာမှာ မိန်းမကြီးသုံးယောက်က ရေခပ်လာကြပါတယ်။ ရေတွင်းမှာ ရေခပ်ကြရင်း သူမတို့ရဲ့ သားတစ်ယောက်ချင်းကို ချီးမွမ်းပြောဆိုကြပါတယ်။ ပထမမိန်းမကြီးက သူ့သားက အလွန်အပြေးမြန်ကြောင်း၊ သူနဲ့သာပြိုင်မယ်ဆိုရင် အကုန်လုံး ရှုံးကြမယ်ဆိုတဲ့အကြောင်း ပြောရင်း သူ့သားအကြောင်းကို သူဂုဏ်ယူစွာနဲ့ အခြားသောမိန်းမကြီးနှစ်ယောက်ကို ပြောပြနေပါတယ်။

ဒုတိယမိန်းမကြီးကတော့ သူ့သားရဲ့အသံကဘယ်လောက်ကောင်းကြောင်း၊ ဒီရွာမှာ သူ့သားရဲ့အသံလောက်ဘယ်သူမှ နားထောင်ကောင်းအောင် သီချင်းတစ်ပုဒ်လုံးသီဆိုနိုင်မှာ မဟုတ်ကြောင်း ကျန်မိန်းမကြီးတွေကို ပြောပြပါတယ်။

တတိယမိန်းမကြီးကတော့ ဘာမှမပြောဘဲ ပြုံးလို့သာ နားထောင်နေပါတယ်။ ထိုမိန်းမကြီး သုံးယောက်ရဲ့အနီးအနားမှာ တောင်ဝှေးတစ်ချောင်းနဲ့ အဖိုးအိုတစ်ယောက် ခရီးတစ်ထောက်နားနေပါတယ်။ ထိုမိန်းမကြီး သုံးယောက်ရဲ့စကားတွေကိုလည်း အဖိုးအိုက အစအဆုံးကြားနေခဲ့ပါတယ်။ မကြာခင်မှာဘဲ ရေအိုးကိုယ်စီရွက်လို့ မိန်းမကြီးသုံးယောက်က လာလမ်းအတိုင်း အိမ်ကိုပြန်လာကြပါတယ်။ ထိုမိန်းမကြီးသုံးယောက်နောက်ကနေ အဖိုးအိုကလည်း ဖြေးညင်းစွာလမ်းလျှောက်ရင်း လိုက်ပါလာခဲ့ပါတယ်။

လမ်းတစ်ဝက်ခန့်အရောက်မှာတော့ မိန်းမကြီးသုံးယောက်က ရေအိုးရွက်ရတာ လေးလာတဲ့အတွက် ခဏတဖြုတ်နားကြပါတယ်။ ထိုအချိန်မှာ ရွာထဲဘက်မှ ကလေးသုံးယောက်ပြေးထွက်လာကြပါတယ်။ ပထမမိန်းမကြီးရဲ့ကလေးက မိခင်အနားရောက်တဲ့အခါ သံခွေလိမ့်ရင်း ပြေးကစားနေပါတယ်။ ဒုတိယမိန်းမကြီးရဲ့ကလေးကတော့ သာယာချိုမြိန်တဲ့အသံနဲ့ သီချင်းတစ်ပုဒ်ကို ကောင်းမွန်စွာသီဆိုရင်း အမေရှိရာဆီ ဖြေးညင်းစွာလမ်းလျှောက်လာနေပါတယ်။ တတိယမိန်းမကြီးရဲ့ကလေးကတော့ အမေရှိရာသို့ပြေးလာပြီး အမေချထားသော ရေအိုးကို ကောက်ယူသယ်ဆောင်က ရွာထဲဘက်ကို ပြန်သွားပါတော့တယ်။

ပထမမိန်းမကြီးနဲ့ ဒုတိယမိန်းမကြီးက အဖိုးအိုဘက်ကိုလှည့်ပြီး သူတို့သားများ ဘယ်လောက်တော်ကြောင်းပြောဖို့အတွက် စကားပြင်တဲ့အနေနဲ့ “အဘရေ…ကျွန်မတို့သားများတွေ့လိုက်ပါသလား….” ဆိုပြီး စကားစပါတော့တယ်။ ထိုအခါမှာ အဖိုးအိုက “ဘယ်ကသားကိုပြောတာလဲ။ ငါတွေ့တာတော့ ရေအိုးကို သယ်ပြီး ရွက်သွားတဲ့သားလိမ္မာလေးတစ်ယောက်သာ တွေ့လိုက်တယ်ကွယ်” ဆိုပြီး တတိယမိန်းမကြီးရဲ့သားကို ချီးကျူးလိုက်ပါတော့တယ်။

ဒီပုံပြင်လေးကတော့ ပြင်ပလောကနဲ့အနီးစပ်ဆုံးဖြစ်ပါတယ်။ လောကမှာ မိဘတိုင်းက သားသမီးတွေရဲ့အတော်ဆုံးအရာတွေကို သူတစ်ကာသိအောင် ကြွားချင်ပြောပြချင်ကြပါတယ်။ တကယ်တမ်းအရေးကြီးတာကိုကျတော့ မေ့နေတတ်ကြပါတယ်။ သားလိမ္မာလေးဖြစ်အောင် ပျိုးထောင်ပြုစုကြဖို့ပါ။ မိဘကို သိတတ်လိမ္မာတဲ့သားလိမ္မာလေးမျိုးဖြစ်ဖို့ကသာ အရေးကြီးပြီး ဘယ်နေရာရောက်ရောက် လူရာဝင် ပွဲလယ်တင့်နေမှာဖြစ်ပါတယ်။ အဲဒီ့အတွက် ပျိုးထောင်တဲ့မိဘတွေမှာလည်း အရေးကြီးသလို၊ သင်ပေးသမျှ သင်ယူနေတဲ့သားသမီးမှာလည်း အရေးကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပုံပြင်လေးကနေပြီး မိမိသားသမီးကို အခြားတတ်သင့်တဲ့ပညာတွေ သင်ပေးသင့်သလိုပဲ မိဘအပေါ်သိတတ်တဲ့သားလိမ္မာလေး၊ လူယဉ်ကျေးလေးဖြစ်အောင်လည်း သင်ပေးသင်တယ်ဆိုတာကို သိလိုက်ရမှာပါ။

Credit: Original Author #baby #kiddy #education #bright #clever #smart #learn

image