ဖိုးမောင်လာပြီ (ဆရာကြီးမင်းသုဝဏ်)

မှိုင်းညိုညဉ့်ရိပ် ၊ လူခြေတိတ်၍
ရေဆိပ်အနား ၊ ရွာတံခါးမှ

ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ' ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား

ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင့်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း ၊ ဝဲတက်ချောင်းနှင့်

ခါးတွင်ကိုယ်ကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်

လူပင်လေလား ၊ တစ္ဆေလား။
တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ

တစ်ယောက်တည်းပင် ၊ ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ ၊ မကျွေးပါက

ထိုရွာသူသား ၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍

ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ

မောင်းကိုထုပါ ၊ လူစုပါဟေ့။
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့။

ဓားပြငါ့အား ၊ ဖမ်း၍ထား ဟု

စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ ၊ ရွာလုံးညံသည်

ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍

ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်။

ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ် ၊ လူခြေတိတ်၌

ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်

ဖိုးမောင်လာပြီ ဆိုဆဲပင်။

~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

image