ဧည့်သည်တော် (ဆရာကြီးမင်းသုဝဏ်)

နေရောင်ခြည်ထိုး၊ လုပ်ငန်းပျိုးခိုက်
မိုးတိုးမတ်တတ်၊ သူလာရပ်၍

စပ်မိစပ်ရာ၊ ပြောပြီးခါလျှင်
လာရာဝင်းဝ၊ နေခြည်လှသို့

နှုတ်မျှမဆက်၊ သူခွာထွက်ခဲ့။

အလုပ်ပါးမှ၊ သတိရလျက်
ရွာမရှေ့နောက်၊ ရွာ့တောင်မြောက်ကို

အိမ်ပေါက်အစေ့၊ ထွက်ဝင်၍လျှင်
တွေ့လိုတွေ့ငြား၊ ငါရှာသွားသည်

ကြိုးကြားမကြွင်း၊ ရောက်တုံလျှင်းခဲ့။

ထန်းဖျားသာသာ၊ ဈေးစည်ခါမို့
တွေ့ပါလိမ့်နိုး၊ မျှော်ခေါ်ကိုးလျက်

တိုးကာဝှေ့ကာ၊ လှည့်လည်ရှာလည်း
ဈေးသာကွဲ၍၊ ရှာမတွေ့ခဲ့။

လှည်းဆိပ်လှေဆိပ်၊ ပြည်ညောင်ရိပ်နှင့်
ရွာထိပ်နတ်စင်၊ ရေအိုးစင်က

ရွာဝင်တံခါး၊ မုန့်ဖိုများလည်း
တစ်ပါးမလပ်၊ ခြေရာထပ်ခဲ့။

မြင်ယောင်လျက်သာ၊ သူ့မျက်နှာတည့်
ကြားပါလျက်ပင်၊ သူ့သံလွင်တည့်

သို့လျှင်တစေ၊ ငါရှာဖွေလည်း
အမွေအစ၊ မတွေ့ရဘဲ

ချမ်းမြနေခြည်၊ နောက်သို့လည်ခဲ့။

မိုးသောက်ထလျှင်၊ လုပ်ငန်းခွင်၌
ငါလျှင်စူးစိုက်၊ လုပ်ဆောင်ခိုက်ကို

စိုက်စိုက်ဝင်ကာ၊ ရောက်ပြန်လာ၍
ထွေရာလေးပါး၊ သူပြောကြားလျက်

ထွက်သွားပြန်သည်၊ ဝင်းနေခြည်သို့။

သူ၏သဘော၊ သူ့အကြောကို
သိသောခုခါ၊ အိမ်ဦးမှာ၌

ကွမ်းယာအသင့်၊ ဖျာအသင့်နှင့်
စောင့်လင့်ကြိုတင်၊ ငါပြင်ဆင်သည်

လာလျှင် သွားပြန်ဦးတော့မည်။
နေခြည်ထဲက ကိုဧည့်သည်။

သွားလျှင် လာပြန်လိမ့်ဦးမည်။
နေခြည်ထဲက ကိုဧည့်သည်။

~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

image