မင်းရဲကျော်စွာ (ဆရာကြီးမင်းသုဝဏ်)
လှံ ဓား ဝိုးဝင်း ၊ စစ်မြေခင်းတွင်
ဆင် မြင်း ရံလျက် ထိုနေ့က ။
နေပြည်ရှိရာ ၊ မျှော်ရှုကာလျှင်
အနာသည်းလည်း ၊ ခံသည်းညည်းနှင့်
မညည်းမညူ ၊ ကိုယ်ကိုထူလျက်
ယာမူရွှေဓား ၊ ဝဲရွှေလွှားနှင့်
အားပြုမှီတင်း ၊ နေသည့်ခိုက် ။
ငါရှိပေလျက် ၊ ပြည်ကိုဝက်၍
နန်းထက်မင်းမူ ၊ ငါ၏တူဟု
နိုင်သူမင်းက ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း
တိုင်းပြည်မဲ့သူ မဟုတ်ပါတဲ့။
သမီးတော်နှင့် ဥကင်ဖွင့်၍
အသင့်မင်းမူ ၊ ငါ၏တူဟု
နိုင်သူမင်းက ၊ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ကျေးဇူးငဲ့လည်း
မယားမဲ့သူ မဟုတ်ပါတဲ့ ။
သားတော်ရင်နှစ် ၊သားရင်းစစ်သို့
ထီးလှစ်မင်းမူ ၊ ငါ၏တူဟု
နိုင်သူမင်းက ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း
ဖခင်မဲ့သူ မဟုတ်ပါတဲ့ ။
ငါ၏ထံမှောက် ၊ဆေးဝါးသောက်၍
ထမြောက်ခါမူ ၊ ပြန်လေတူဟု
နိုင်သူမင်းက ဖိတ်ခေါ်သည်
ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း
သေခြင်းမဲ့သူ မဟုတ်ပါတဲ့
လှံဓားကိုလှဲ ၊ စစ်မြေထဲ၌
မင်းရဲကျော်စွာ ၊ စေတီသာကို
ရာဇာဓိရာဇ် ၊ရေစက်ချလိုက်
အမျှယူလေ ၊ သုံးကြိမ်ဝေသည်
မြိုင်ခြေဒလ တောတန်းကြီး ။ ။
~ ဆရာကြီးမင်းသုဝဏ်ကဗျာများ
Credit: Original creator

