လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu
အပိုင်း(၄)
ခိုင့် ဈာပနကို ကျွန်မတို့အိမ်မှာပင် လုပ်လိုက်ပါသည်။ တကယ်တော့ ကျွန်မတို့အိမ်ဟု ဆိုသော်လည်း ခိုင့်အိမ်ဟုသာ ဆိုရပါမည်။ ခိုင်သည် ကျွန်မတို့အိမ်၊ ကျွန်မတို့လက်ထဲမှာပင် ဆုံးပါးသွားခဲ့သည် မဟုတ်ပါလား။ ခိုင်သည် အမေ့သမီးတစ်ယောက်ပင် မဟုတ်ပါလား။
ဟုတ်ပါသည်။ ခိုင့်တွင် မိခင်ရင်းချာ မရှိသည်နှင့် ဘာများခြားသလဲ။ သူ့မှာ နှမြောတမ်းတ ငိုကြွေးမည့် မိခင်ရင်းမှ မရှိဘဲ။ သူ့အမေသည် သူ့ကို အမွေပြတ်သာ မဟုတ်။ သေခန်းပြတ် စွန့်လွှတ်ရက်သည်။
“အစ်ကို့အမေမှာ လူသားတစ်ယောက်ရဲ့ အသည်းနှလုံးမှ ရှိသေးရဲ့လား ဟင်၊ သမီးအရင်းတစ်ယောက်လုံး သေတာတောင်မှ လာမကြည့်အောင်များ အံ့ပါရဲ့ အစ်ကိုရယ်၊ ရက်စက်လိုက်တာနော်“
“မေမေလည်း သိပ်စိတ်ထိခိုက်နေပါတယ်၊ သမီးနဲ့အမေ မာနာပြိုင်ကြလို့ ဒီလို ဖြစ်ကြရတာပါ။ မေမေဟာ ခိုင့်ကို သိပ်ချစ်တယ် ယု၊ မေမေ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ဖုံးကွယ်လို့ မရဘူး၊ အခု မေမေ အိပ်ရာထဲ လဲနေပြီ။ ဒီသာ လိုက်ခဲ့ရင် မေမေ ပေါက်ကွဲထွက်ပြီး ချက်ချင်း ထိခိုက်သွားမှာပဲ၊ ဒါကြောင့် မလိုက်တာ အကောင်းဆုံးမို့ တမင် ထားခဲ့ရတာပါ”
အစ်ကို ပြောတာ မှန်ချင်လည်း မှန်ပါမည်။ သူ့အမေ အပြုအမူနှင့် ပတ်သက်၍ အရုပ်မဆိုးစေရန် ကာကွယ်ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။
အဖြစ်ဆိုးရှာသော သူငယ်ချင်းအတွက် ကြေကွဲဝမ်းနည်းရသည်နှင့်အမျှ ကုသိုလ်ဆိုးရှာသော ကလေးငယ်ကို အသနားပိုရပါသည်။ မိတဆိုးလေး၏ရှေ့ရေးကို တွေးကြည့်လျှင် ရင်လေးစရာကောင်းပါဘိ။ အဖေတစ်ယောက်လုံး ရှိသေးသည် ဆိုသော်လည်း အဖေ ဆိုသည်က ခြေသလုံးအိမ်တိုင်သမား၊ စစ်ထွက်ယောက်ျား။ သမီးမိန်းကလေးကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါမည်နည်း။ ပြီး ကိုအောင်ဆွေက အိမ်ထောင်သစ် မပြုဘဲနေမည် မဟုတ်။ အရွယ်ကောင်းသေးသည်။ ဆွေ မရှိ၊ မျိုး မရှိရသည့်အထဲ မိထွေးနှင့်များ ပြဿနာဖြစ်ရလျှင် …
* * *
“ကံဆိုးတဲ့ သမီးလေး၊ အမေက အမိအဖ အသက်ထင်ရှားရှိလျက်နဲ့ စွန့်ပစ်ခံရတဲ့သူ၊ သမီးက လူ့ပြည်ရောက်တယ် ဆိုကတည်းက မိတဆိုး ဖြစ်ရတယ်၊ ကံဆိုးလိုက်တဲ့ သမီးလေးပါလားကွယ်”
ကိုအောင်ဆွေသည် သူ့သမီးလေးကို တင်းတင်းပွေ့ချီရင်း မချိတင်ကဲ ပြောလိုက်သည်။ သူသည် ခိုင့်ကိစ္စအတွက် ခွင့်ယူထားစဉ် တစ်ချိန်လုံးမှာလည်း သူ့သမီးကို လက်က မချ။ တပွေ့တပိုက်ပိုက်နှင့် သမီးလေးမျက်နှာကိုသာ တစိမ့်စိမ့် ကြည့်နေပါသည်။ သူ့အဖြစ်ကို ကြည့်ကာ ကျွန်မတို့ ပို၍ရင်နင့်ကြရသည်။
“သမီးကို ဒီမှာ ထားဖို့ကောင်းတယ် ကိုအောင်ဆွေ … ”
ကျွန်မသည် အမေနှင့် တိုင်ပင်ကာ ပြောလိုက်ပါသည်။ အမေကလည်း ဝင်ရောက် တိုက်တွန်းသည်။ သူသည် ရုတ်တရက် တွေသွားကာ ချက်ချင်းပင် ခပ်လေးလေး ခေါင်းခါလိုက်သည်။
“နေပါစေ ယုရယ်၊ ယုတို့ကိုလည်း ဒုက္ခမပေးချင်ပါဘူး၊ ကျွန်တော်ပဲ ခေါ်ထားပါ့မယ်”
“ဘယ်ဖြစ်မလဲ … ၊ ကလေးက ငယ်သေးတယ် ကိုအောင်ဆွေ၊ အရိပ်တကြည့်ကြည့် ပြုစုနေရမယ့်အရွယ်”
“ကျွန်တော့်သမီးလေးဟာ အမေ့ရင်ခွင် နွေးနွေးထွေးထွေးနဲ့ ကင်းဝေးရပြီး အဖေ့ရင်ခွင်နဲ့လည်း ကင်းမနေစေချင်ဘူး ယုရယ်၊ ဖြစ်နိုင်ရင် ကျွန်တော့်ရင်ခွင်ထဲမှာ အမြဲ ပွေ့ထားချင်တယ်”
သူတို့သားအဖအဖြစ်ကို ကျွန်မ ရင်နာမိပါသည်။ သို့သော်လည်း လက်တွေ့မှာ မလွယ်နိုင်ဟု ကျွန်မ ထင်ပါသည်။
“ဒီလိုလည်း မဟုတ်သေးဘူး ကိုအောင်ဆွေ၊ ကလေးနဲ့ပတ်သက်လို့ လေးလေးနက်နက် စဉ်းစားရမယ်။ ဒီမှာ ဆိုရင် အမေလည်း ရှိတယ်၊ ယုလည်း ရှိတယ်၊ ပြီးတော့ အားနာရမယ့် သူတွေလည်း မဟုတ်ဘူး။ ပဲခူးနဲ့ သနပ္ပင်ကလည်း ဝေးတာမှ မဟုတ်ဘဲ၊ သမီးဆီကို ကိုအောင်ဆွေ အချိန်မရွေး လာနိုင်တာပဲ၊ ဒီမှာပဲ ထားဖို့ ကောင်းပါတယ်”
“ဟုတ်ပါတယ်ကွယ် … ဟိုမှာဆို ဘယ်သူက အနီးကပ် စောင့်ရှောက်နိုင်မလဲ၊ မောင်အောင်ဆွေ့မှာ ဆွေမျိုးရင်းချာရှိတယ် ဆိုရင်တော့ ဟုတ်တာပေါ့။ ကလေးကို ထိန်းကျောင်းတယ် ဆိုတာ လွယ်တာမှ မဟုတ်ဘဲ၊ မောင်အောင်ဆွေ အလုပ်သွားတဲ့အခါ ကလေး ဘယ်သူ ကြည့်မလဲ”
“ဟုတ်တာပဲ၊ အမေတို့ကို အားနာလို့ပါ … ၊ ဒီလိုဆို သမီးကို ဒီမှာပဲ ထားရမှာပေါ့”
“ဒီမှာတော့ အစစ စိတ်ချပါ၊ ခိုင့်ကိုယ်စား သမီးလေးကို ယုတို့ အစွမ်းကုန် ပြုစုမှာပါ”
“သိပ်စိတ်ချတာပေါ့ ယုရယ်”
သမီးလေးကို ကျွန်မတို့အိမ်မှာပင် ထားပါသည်။ အလုပ်အားသည့်အချိန်တိုင်း သူ့သမီးဆီသို့ ရောက်လာတတ်ပါသည်။
“ကျွန်တော့်သမီးလေးဟာ ကျွန်တော့်လောက် ကံမဆိုးသေးပါဘူး၊ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက မိဘကို မမြင်ဖူးခဲ့တဲ့သူပါ၊ ဆွေမျိုးလည်း မရှိဘူး၊ ခိုင်တို့အမေ ပြောတဲ့ တစ်ကောင်ကြွက်မှ တစ်ကောင်ကြွက် အစစ်”
သူသည် သူ့ဘဝကို နာကြည်းစွာ ပြောပြပါသည်။
“ကျွန်တော့်အဖေက ကျွန်တော် ကိုယ်ဝန်ရှိနေတုန်းမှာ လှေမှောက်ပြီး သေတယ်တဲ့၊ အမေကတော့ ကျွန်တော် မွေးပြီး တစ်ပတ်လောက်မှာ သွေးတက်ပြီး သေတယ်လို့ ပြောကြတယ်။ ကျွန်တော့်ကို အဖေနဲ့ ဆွေမျိုးမကင်းတဲ့ ဘုန်းကြီးတစ်ပါးက ကောက်မွေးလာခဲ့တာ၊ ဒီဘုန်းကြီးပဲ အဖေဆိုလည်း ဟုတ်၊ အမေဆိုလည်း ဟုတ်၊ ဆွေမျိုးဆိုလို့လည်း သူတစ်ယောက်တည်းပဲ။ ကျွန်တော့်ကို တစ်ကောင်ကြွက် တစ်မျက်နှာမို့ ဒုက္ခရောက်မှာစိုးတယ် ထင်ပါရဲ့၊ ဘုန်းကြီးက စာကောင်းကောင်း သင်ပေးတယ်။ ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ်မှာပဲ ရုတ်တရက် ဘုန်းကြီးက ပျံလွန်တော်မူပါရော၊ ကျွန်တော့်မှာ အရွယ်နဲ့ မလိုက်အောင် ငိုလိုက်ရတာ၊ ရှိစုမဲ့စု ဆွေမျိုးရယ်လို့ ဆိုစရာလည်း မရှိတော့ဘူး၊ အဲဒီတုန်းက ကျွန်တော် အားငယ်လိုက်တာဗျာ၊ လောကမှာ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့သလိုပဲ”
သူသည် သူ့အတိတ်ကို ပြန်တွေးရင်း ကြေကွဲလာဟန် တူပါသည်။ သူ့အသံမှာ လှိုက်လှဲတုန်ခတ်နေသည်။
“ဒီလိုနဲ့ ကျွန်တော် စစ်ထဲ ရောက်လာတယ်၊ တွယ်တာစရာ မရှိတဲ့သူ ဆိုတော့ တစ်ယောက်ယောက်ကို တွယ်တာမိရင် နင့်နင့်သည်းသည်း ဖြစ်တတ်တယ် ထင်ပါရဲ့။ တပ်ထဲ ရောက်ခါစက ကျွန်တော့်တပ်ရင်းမှူးကို အဖေအရင်းလို သိပ်ချစ်တယ်၊ တပ်ရင်းမှူး တိုက်ပွဲမှာ ကျသွားတော့ ငိုလိုက်ရတာ၊ ဘုန်းကြီး ပျံတော်မူတုန်းကအတိုင်းပါပဲ။ ကျွန်တော်ဟာ တစ်ကောင်ကြွက်သာ ဖြစ်တယ်၊ တစ်ယောက်တည်း တစ်ဘာသာ မနေတတ်ခဲ့ဘူး၊ သိပ်တွယ်တာတတ်တယ်၊ သိုင်းသိုင်းဝိုင်းဝိုင်း နေချင်တတ်တယ်၊ ဆွေမျိုး မရှိတော့ တွေ့ရာကြုံရာ ဆွေမျိုးလို ခင်တတ်တယ်၊ ဒါကြောင့် ခိုင်နဲ့ ကျွန်တော့်ကို သူ့အိမ်က သဘောမတူတော့ မိဘအသိုင်းအဝိုင်းကို စွန့်ပြီး ကျွန်တော့်နောက် လိုက်ဖို့ ကျွန်တော် မတိုက်တွန်းခဲ့ဘူး။ အခုတော့ ကျွန်တော့်ကြောင့် ခိုင့်မှာ မျက်နှာငယ်ငယ်နဲ့ သေရရှာတယ်၊ ဒါကို တွေးမိရင် ကျွန်တော် ရင်နာလို့ မဆုံးဘူး ယုရယ်”
“ဒါတွေ ပြောမနေပါနဲ့တော့ ကိုအောင်ဆွေရယ်၊ အဖြစ်အပျက်တွေက မြန်လွန်းလို့ပါ၊ ခိုင်သာရှိရင် တဖြည်းဖြည်း အားလုံး ပြေလည်သွားမှာပါ”
“အခုတော့ … မလိုတော့ပါဘူးဗျာ၊ ကျွန်တော်ဟာ တစ်ကောင်ကြွက်လည်း မဟုတ်တော့ဘူး၊ ကျွန်တော့်မှာ သမီး ရှိပြီ၊ သမီးနဲ့ ကျွန်တော် ပေါင်းရင် နှစ်ကောင်ကြွက်ပေါ့ ဟား … ဟား”
သူသည် အသက်မပါဘဲ ရယ်ပစ်လိုက်ပါသည်။ သူ့ရင်ထဲတွင် မည်မျှ နာကြည်း ကြေကွဲဖြစ်မည်ကို ကျွန်မ နားလည်နိုင်ပါသည်။
သူသည် မပြောလို၍သာ မပြောသော်လည်း ခိုင့်အသိုင်းအဝိုင်းကို ယခုအခါ ခါးခါးသီးသီး နာကြည်းမည်မှာ အမှန်ပင်။ တကယ်တော့လည်း သူ့အနေနှင့် ပြောမည်ဆိုက ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြောနိုင်ပါသည်။ ခိုင်နှင့် ဆက်စပ်၍ တော်ရမည့် ဆွေရိပ်မျိုးရိပ်လည်း ကင်းခဲ့ပြီ။ သူစိမ်းပြင်ပြင် ဖြစ်နေပြီ။
သို့သော် … သမီးလေး ရှိသေးသည်။ ခိုင့်အဆက်အနွယ်က ကျန်သေးသည်။ အကိုင်းအခက်တစ်ခုကို ဖြတ်တောက်လိုက်၍ ထွက်လာသော အညွန့်အတက်ကလေးသည် ပင်မကြီးနှင့် အဆက်အသွယ် မပြတ်သင့်ဟု ကျွန်မ ယူဆပါသည်။ ထို့ကြောင့်လည်း ကိုအောင်ဆွေ့ကို ပြောလိုက်မိပါသည်။
“ဒီလိုလည်း အပြတ်မပြောပါနဲ့ ကိုအောင်ဆွေရယ်၊ ခိုင့်မိဘ ညီအစ်ကိုမောင်နှမဟာ ကိုအောင်ဆွေနဲ့ သူစိမ်း ဖြစ်ပေမဲ့ သမီးလေးနဲ့တော့ အရင်းအချာတွေပါ။ ဘာပဲဖြစ်ဖြစ် သွေးသား ဆိုတာတော့ ကင်းကွာလို့ မရကောင်းပါဘူး”
“ဒီသွေးသားဟာ ခိုင့်လက်ထက်ကတည်းက အပြတ်ဖြတ်ခဲ့ပြီပဲ၊ မလိုတော့ပါဘူးဗျာ။ သမီးလေးဟာ ကျွန်တော့်သမီး ဆိုတာက လွဲလို့ ဘယ်သူနဲ့မှ မပတ်သက်ဘူး”
သူသည် ရုတ်တရက် ပေါက်ကွဲထွက်လာကာ အံကို ကြိတ်၍ ပြောလိုက်ပါသည်။ သူ့ရင်ထဲမှာ ဘယ်လောက်ခံစားနေရသည်ကို ကျွန်မ နားလည်ပါသည်။
“ဒီလိုဖြင့် ယုတို့ သားအမိကိုလည်း သမီး ဘယ်လို နားလည်စေချင်သလဲ”
ကျွန်မအမေးကြောင့် ရုတ်တရက် သူ ကြောင်သွားပါသည်။ ပြီးမှ ခံစားမှုအလျောက် ပြောလိုက်သော သူ့စကားမှာ ပြင်းထန်သွားကြောင်း နားလည်လိုက်ဟန် တူပါသည်။ သူက မျက်စိမျက်နှာပျက်နှင့် ကျွန်မကို တောင်းပန်သည်။
“ကျွန်တော် စကားလွန်သွားတယ် ယု၊ သမီးဟာ ကျွန်တော်က လွဲရင် အားကိုးတွယ်တာစရာဆိုလို့ ယုတို့ပဲ ရှိပါတယ်၊ ဒါဟာ သမီးရဲ့ ဆွေမျိုးအရင်းတွေပါပဲ”
“ယုဟာ ခိုင့်ကိုကိုနဲ့ လက်ထပ်မယ့်သူ ဆိုတော့ကော … ”
မလွတ်အောင် ဖမ်းနေသော ကျွန်မစကားကြောင့် သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ကျွန်မသဘောဆန္ဒကိုလည်း ရိပ်မိသွားဟန် တူပါသည်။ ကျွန်မ မျက်နှာကို စေ့စေ့ကြည့်ကာ ခပ်လွယ်လွယ်ပင် သူက ဆိုပါသည်။
“ရှင်းရှင်းပဲ ပြောပါ … ယုရာ၊ ယု ဘာလုပ်ချင်သလဲ”
“သမီးကို သူ့ဆွေမျိုးတွေနဲ့ အဆက်မဖြတ်စေချင်ဘူး”
“ကောင်းပြီလေ … ကျွန်တော်ကတော့ တမင်မဖြတ်ပါဘူး၊ ဒါပေမဲ့ ပြန်ဆက်ရအောင်တော့ ဘယ်တော့မှ မကြိုးစားဘူး၊ ဒီလောက်ဆို ယု ကျေနပ်ပြီလား”
ကျွန်မက ဝမ်းသာအားရ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါသည်။ သည်လောက်ဆို ကျွန်မ ကျေနပ်ပါပြီ။ ရင်ထဲမှာလည်း အနည်းငယ် ပေါ့ပါးသွားသည်။
ခိုင့်လက်ထက်က မပြေလည်ခဲ့သောကိစ္စမှာ သမီးလက်ထက်တွင်မူ ပြေလည်ကောင်းပါရဲ့။
ယု …/
အရေးကြီးတဲ့ကိစ္စ ရှိလို့ အစ်ကို လာခဲ့မယ်။
ဒီတနင်္ဂနွေ စောင့်နေပါ။
/အစ်ကို
အစ်ကို့ထံမှ စာတိုကလေးရ၍ ကျွန်မရင်မှာ လှုပ်ရှားနေမိသည်။ အစ်ကို ရောက်လာလျှင် ခရီးရောက်မဆိုက်ပင် ကျွန်မ မေးလိုက်မိသည်။
“အရေးကြီးတဲ့ကိစ္စ ဆိုတာ ဘာလဲ အစ်ကို”
“မေမေ လွှတ်လို့ လာခဲ့တာ”
မေမေ ဆိုသော အသံကြားလျှင်ပင် ကျွန်မရင်မှာ တဒိတ်ဒိတ် ခုန်လာသည်။ ဘာကိစ္စများပါလိမ့်။
“ကိစ္စကတော့ ခိုင့်သမီးလေးကိစ္စပဲ ယု၊ မေမေက သူ့မြေးကို တွေ့ချင်တယ်တဲ့”
“ဟာ … ဟန်ကျတာပေါ့၊ အစ်ကို့ကို ခေါ်ခိုင်းလိုက်တာလား”
“ဟုတ်တယ် ယု၊ ခဏ ခေါ်ခိုင်းတာ မဟုတ်ဘူး၊ အပြီး ခေါ်ခိုင်းလိုက်တာ”
“ဘာရယ်”
ကျွန်မသည် အံ့သြတုန်လှုပ်စွာ အော်လိုက်မိ၏။ အစ်ကိုက ကျွန်မ နားလည်အောင် ရှင်းလင်းပြသည်။
“ခိုင် ဆုံးပြီးကတည်းက မေမေ တရှောင်ရှောင် ဖြစ်နေတာ ကြာပြီ၊ သူ သိပ်စိတ်ထိခိုက်နေတယ် ယု၊ သမီးကို စိတ်နာလွန်းလို့သာ တင်းထားပေမဲ့ ရင်ထဲမှာ သိပ်ခံစားနေရပုံပါပဲ၊ တစ်နေ့ကတော့ ကောက်ကာငင်ကာ သူ့မြေးအကြောင်း မေးတာပဲ”
“အစ်ကိုက ယုတို့အိမ်မှာ ထားတဲ့အကြောင်း ပြောပြလိုက်သလား”
“ပြောပြလိုက်တယ်လေ၊ မေမေဟာ သိပ်စိတ်ထိခိုက်သွားပုံရတယ်၊ ရှိုက်ကြီးတငင် ငိုပြီး သူ့မြေးကို ခေါ်ခိုင်းတယ်၊ သူ့သမီးကိုယ်စား သူ မွေးမယ်တဲ့၊ ဟုတ်တာပဲ၊ ဒီကလေးနဲ့ ပတ်သက်လို့ မေမေတို့ အစ်ကိုတို့အပေါ်မှာ တာဝန်ရှိတာပဲ ယု၊ ခိုင် မရှိတော့ ပိုပြီး တာဝန်ရှိတာပေါ့”
“ယုတို့အိမ်မှာ ထားပေမဲ့ သူစိမ်းလို သဘောမထားကြပါဘူး အစ်ကိုရာ၊ အမေဟာ သူ့မြေးအရင်းအချာလို ပြုစုနေတာပါ”
ကျွန်မသည် ရုတ်တရက် လှိုက်လှဲဝမ်းနည်းလာကာ တုန်တုန်ယင်ယင် ပြောလိုက်မိသည်။ အစ်ကိုက ကျွန်မစကားကြောင့် စိတ်မကောင်းဖြစ်သွားကာ ပျာပျာသလဲ ပြောပါသည်။
“အို … ယုတို့အိမ်မှာ ထားလို့ ခေါ်တာမျိုး မဟုတ်ပါဘူး၊ ယုတို့ မိခိုင်အပေါ်မှာရော သူ့သမီးလေးအပေါ်မှာရော ဘယ်လို စေတနာထားတယ်ဆိုတာ အစ်ကို မသိဘဲနေမလား၊ အခုဟာက သမီးလေး ရှေ့ရေးအတွက် ကောင်းဖို့ ပြောနေတာပါ၊ ယုပဲ အစ်ကို့ကို ခဏခဏ ပြောတယ် မဟုတ်လား၊ သမီးလေးကို ဆွေမျိုးတွေနဲ့ အဆက်မပြတ်စေချင်ဘူးဆို၊ အခုလို မေမေကိုယ်တိုင်က သမီးလေးအပေါ်မှာ ဒီလို သဘောထားလာတာ ဘယ်လောက် ဝမ်းသာစရာကောင်းသလဲ”
“အင်းလေ … ဟုတ်တော့လည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ဒီကိစ္စက ယုမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာမှ မဟုတ်ဘဲ၊ ကလေးအဖေရင်းက အဓိက ဖြစ်ရမှာပေါ့”
“ဒါပေါ့၊ သူ့အဖေနဲ့ ပြောရဆိုရမှာပေါ့၊ ယုက ကြားဝင် တိုက်တွန်းပေးဖို့ လိုသေးတယ်၊ မေမေကတောင် ပြောသေးတယ်၊ ယုအနေနဲ့ မေတ္တာရပ်ခံရင် ရမှာပါတဲ့”
အစ်ကို့အမေထံမှ ကျွန်မနာမည်ကို သုံး၍ ပြောသည်ဆိုသော စကားကို ဒီတစ်ခါပဲ ကြားဖူးပါသည်။ ကျွန်မသည် ကျေနပ်အားရဖြစ်ရမည့်အစား စိတ်ရှုပ်နောက်သွားမိသည်။
ကိုအောင်ဆွေ့အနေနှင့် သူ့သမီးအပေါ် ဘယ်လောက်တွယ်တာသည်ကို ကျွန်မ မသိမဟုတ်။ သူ့ခမျာ သည်သမီးလေးတစ်ယောက်သာ တစ်ကမ္ဘာ ထင်နေသည် မဟုတ်ပါလား။ ကျွန်မတို့အိမ်မှာ ထားဖို့ကိုပင် သူ အများကြီး စဉ်းစားပြီးမှ လက်ခံခဲ့သည်။ ယခုလို တကွဲတပြား ဖြစ်ရမည့်ကိစ္စကို ကျွန်မ မည်သို့တိုက်တွန်းရက်ပါမည်နည်း။
အဖေရင်း မဆိုထားနှင့်။ ပြုစုစောင့်ရှောက်ခွင့်ရခိုက် ချစ်နေသော ကျွန်မပင် သမီးငယ်နှင့် ခွဲရမည်ကို မတွေးရဲပါပေ။
အစ်ကိုကမူ သည်နေရာမှာ ကျွန်မ စွမ်းဆောင်ချက် ပြလိုက်စေချင်ပုံ ရပါသည်။ သူ့အမေ စိတ်ချမ်းသာဖို့အတွက် ကျွန်မ ဆောင်ရွက်ပေးလိုက်ခြင်းဖြင့် သူနှင့် ကျွန်မကိစ္စမှာ တနည်းတစ်ဖုံ ရာသီဥတုသာယာနိုင်မည့်သဘော ရှိဟန်တူပါသည်။ ပွဲအလန့်မှာ ဖျာခင်းသည့်သဘောမျိုးများ တူမလား။
“အစ်ကိုတို့ချင်း ပြောကြဦးပေါ့၊ ယု ကိုအောင်ဆွေ့ကို မှာခိုင်းလိုက်ပါ့မယ်”
ဒါပဲ ကျွန်မ တတ်နိုင်သည်။ လူကြုံလွှတ်ကာ ကိုအောင်ဆွေ့ကို ခေါ်ခိုင်းလိုက်ရသည်။
* * *
“သမီး … သမီး ဘာဖြစ်လို့လဲ ယု၊ သမီးကောဟင်”
ကိုအောင်ဆွေသည် အိမ်ပေါ် တက်လာလျှင်ပင် သူ့သမီးကို အမောတကော မေးလိုက်သည်။
“သမီး အိပ်နေပါတယ်၊ အမေလည်း အနားမှာ ရှိပါတယ် ကိုအောင်ဆွေ၊ သမီး ဘာမှမဖြစ်ပါဘူး”
“ယုက မှာလိုက်တယ် ဆိုတော့ သမီးများ တစ်ခုခု ဖြစ်သလားလို့ဗျာ၊ ဪ … ဆရာလည်း ရောက်နေတာကိုး”
သမီးဇောနှင့် ဧည့်ခန်းတွင် ထိုင်နေသော အစ်ကို့ကို ယခုမှ မြင်သွားသည်။ သူသည် အစ်ကို့ကို သည်အိမ်မှာ သုံး၊ လေးခါ ဆုံဖူးသည်။ အမှန်အားဖြင့် ခိုင့်အစ်ကို ဖြစ်၍ ယောက်ဖတော်သူကို သူ အခေါ်ရ ခက်ဟန်တူပါသည်။ လက်ရမ်းလက်ဆ ပြောရာမှ နောက်ဆုံးတွင် အလုပ်သဘော အခေါ်အဝေါ် ‘ဆရာ’ ဟုပင် ခေါ်ပါသည်။
“အစ်ကိုက တိုင်ပင်စရာလေး ရှိလို့ ခေါ်ခိုင်းလိုက်တာပါ ကိုအောင်ဆွေ၊ ထိုင်လေ”
“ကျွန်တော်နဲ့ တိုင်ပင်ချင်တာလား၊ ခဏနော် ဆရာ၊ သမီးကို သွားနှုတ်ဆက်လိုက်ဦးမယ်“
သူသည် ကမန်းကတန်း သမီးရှိရာ အပေါ်ထပ်သို့ ပြေးတက်သွားသည်။ သူ့သမီးထက် မည်သည့်ကိစ္စမှ အရေးမကြီးဟု သဘောထားလေသလား မသိ၊ သူ လာတိုင်း သည်လိုပင် သမီးကို ဦးစွာ တွေ့ရမှ ကျေနပ်တတ်၏။
“သမီးက နိုးနေတာ ဘယ်လောက် ကြာပြီလဲ မသိဘူး၊ မျက်လုံးကြီးကို ပြူးလို့၊ သူ့အမေကြီးက ပုခက်လွှဲရင်း ပုတီးစိပ်နေတာကို ဇိမ်လုပ်နေတာ ယုရဲ့”
သူသည် သမီးကို ပွေ့ချီလာခဲ့သည်။ လေးလတင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သော သမီးသည် ပါးစုန့်ကြီးများ ဖောင်းကာ မျက်လုံးဝိုင်းကြီးများနှင့် ချစ်စရာကောင်းလှသည်။ ကျွန်မနှင့် မလှမ်းမကမ်းတွင် သူ့အဖေက ထိုင်လိုက်လျှင်ပင် သမီးက ကျွန်မကို မြင်သွားပါသည်။ သူ့လက်ထဲမှ လူးလွန့်ကာ ကျွန်မဆီကို လက်ကမ်းလိုက်သည်။
“သမီးကလည်းကွာ၊ ဖေဖေ ချီထားတာ နေပါဦး၊ သမီး အန်တီယုက အမြဲချီနေရတာ၊ ဖေဖေက တစ်ခါတလေ လာတုန်း ချီရတာ၊ ချီလို့တောင် မဝသေးဘူးကွာ”
သူသည် သူ့သမီးကို လွတ်ထွက်သွားမှာ စိုးသည့်အလား တင်းတင်းပွေ့လိုက်ရင်း တရှုပ်ရှုပ် နမ်းနေသည်။
ကျွန်မက အစ်ကို့ကို လှမ်းကြည့်လိုက်မိသည်။ အစ်ကို့မျက်နှာမှာ စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သူ့ခမျာလည်း စိတ်ပါလက်ပါ ရှိဟန်မတူပါ။ အပြောရ ခက်နေဟန် တူပါသည်။
“ကဲ … ကျွန်တော့်ကို တွေ့ချင်တဲ့ကိစ္စ ပြောပါ ဆရာ”
အစ်ကိုက ကျွန်မကို လှမ်းကြည့်လိုက်သည်။ သူ အပြောခက်သည်ကို ကျွန်မက စပေးစေချင်ဟန် တူသည်။ ကျွန်မလည်ချောင်းဝတွင် တစ်ဆို့တစ်ဆို့ ဖြစ်လာသည်။ ပြောရမည့်စကားအတွက် နှုတ်ထွက် ခက်ပါဘိ။ ကိုအောင်ဆွေက မျက်စိမျက်နှာပျက်နေသော ကျွန်မကို ကြည့်ကာ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်သွားဟန်တူသည်။ မျက်မှောင်ကုပ်ကာ စောင့်လင့်နေသည်။
“ကိစ္စက … ”
“ပြောပါ … ယု၊ ကျွန်တော့်ကို အားနာစရာ ဖြစ်နေလို့လား၊ အားမနာပါနဲ့၊ ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
“ကိစ္စက သမီးကိစ္စပဲ ကိုအောင်ဆွေ”
“သမီးကိစ္စ … ဘာဖြစ်လဲ”
“သမီးကို သူ့အမေ … မေမေကြီးက ခေါ်ခိုင်းတယ်တဲ့”
“ဪ … ဒါလား၊ ယုကို ကျွန်တော် ကတိပေးထားပြီပဲ၊ သမီးနဲ့ သူ့ဆွေမျိုးတွေနဲ့ အဆက်အသွယ်လုပ်နိုင်ပါတယ်၊ ကျွန်တော်ကသာ မကြိုးစားဘူးလို့ ယုကို ပြောထားတယ် မဟုတ်လား”
“အဆက်အသွယ် လုပ်နိုင်တယ် ဆိုတာ ဘယ်အတိုင်းအတာအထိလဲ ကိုအောင်ဆွေ”
သူ မျက်မှောင် ကုပ်သွားသည်။ ကျွန်မစကားကို နားလည်ပုံမရ။ ကျွန်မက ရှင်းရှင်းပင် ဇွတ်မှိတ် ပြောလိုက်ရသည်။
“ဒီလို ကိုအောင်ဆွေ၊ အခု အစ်ကို လာတာက သူ့အမေက လွှတ်လိုက်လို့တဲ့၊ အစ်ကိုတို့အမေက သမီးလေး တာရာကို ခေါ်ထားချင်တယ်တဲ့”
“ခေါ်ထားချင်တယ်“
“ဟုတ်တယ် ကိုအောင်ဆွေ၊ မေမေလည်း သူ့သမီး ဆုံးသွားတဲ့အတွက် သိပ်စိတ်ထိခိုက်နေပါတယ်၊ သူ့သမီးကို အလွမ်းပြေ မြေးကလေး ခေါ်ထားချင်တယ် ထင်ပါရဲ့”
“ဩ … ဒီသဘော ပြောတာလား၊ ကျွန်တော်က အလည်အပတ် သဘောလောက် များလားလို့ပါ”
“ဒီလို ရှိတယ်လေ၊ ခင်ဗျားအနေနဲ့ကလည်း အလုပ်အကိုင်က တစ်ဖက်၊ တိုက်ပွဲကလည်း ထွက်ရသေး ဆိုတော့ ဒီကလေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်၊ ခင်ဗျားအနေနဲ့လည်း သမီးကို ယုတို့ဆီမှာ ထားမယ့်အစား သူ့ဆွေမျိုးတွေ လက်ထဲမှာ အပ်ထားတဲ့သဘော ဆိုပါတော့”
ကိုအောင်ဆွေ့ မျက်နှာမှာ ရုတ်ခြည်းပင် တင်းမာလာသည်။ သူသည် တစ်ခုခုကို လွှတ်ခနဲ ပြောလိုက်မည် ပြင်ပြီးမှ ကျွန်မကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် သူက ပြုံးလိုက်သည်။ ကြိုးစားပြီး ပြုံးလိုက်သော သူ့နှုတ်ခမ်း၏ ထောင့်တစ်နေရာမှာ စောင်းရွဲ့နေပါသည်။
“နေပါဦး ဆရာ၊ သမီးကို ခေါ်ထားမယ် ဆိုတော့ ကျွန်တော်နဲ့ သမီးနဲ့ဆက်ဆံရေးကို ဘယ်လို စဉ်းစားထားပါသလဲ”
ရုတ်တရက် အစ်ကို မဖြေနိုင်ပါ။ မျက်နှာပျက်သွားသည်ကို ကျွန်မ သတိထားမိလိုက်ပါသည်။ အတန်ကြာမှ အစ်ကိုက စကားကို မတင်မကျ ပြောလိုက်သည်။
“ဒါကတော့ မေမေ့အနေနဲ့ကလည်း သူ့မြေးကို တွေ့လိုက်ရရင် အာဃာတတွေ အားလုံး ပြေပျောက်သွားမှာပါပဲ”
“ဝမ်းနည်းပါတယ် ဆရာ၊ ကျွန်တော့်သမီးကို ပိုင်ဆိုင်ထိုက်တယ် ဆိုတဲ့ သဘောနဲ့ပဲဖြစ်ဖြစ်၊ သနားချစ်ခင်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး။ ကျွန်တော့်သမီးကို ဘယ်သူ့မှ မသနားရင် နေ၊ မချစ်ရင် နေပါ၊ သူ့မှာ အသည်းရော၊ နှလုံးရော၊ အသက်ရော ပုံပြီးချစ်မယ့် အဖေတစ်ယောက်လုံး ရှိပါတယ်။ သူ့ဘဝရှေ့ရေးအတွက် သူ့အဖေမှာပဲ လုံးဝတာဝန်ရှိပါတယ်”
သူသည် အံကို တင်းတင်းကြိတ်ကာ ပြတ်သားသော သူ့သဘောထားကို ပြောချလိုက်ပါသည်။ အခြေအနေမှာ တင်းတင်းမာမာဖြစ်သွားမည်ကို ကျွန်မ စိုးရိမ်မိသည်။ အစ်ကိုသည် ကိုအောင်ဆွေ့စကားကြောင့် အောင့်သက်သက် ဖြစ်သွားပေလိမ့်မည်။ သို့သော် အစ်ကိုက ဣနြေ္ဒမပျက် အေးအေးဆေးဆေးပင် ဆက်ပြောသည်။
“ဖြည်းဖြည်း စဉ်းစားပြီး ဆုံးဖြတ်ဖို့ကောင်းပါတယ် ကိုအောင်ဆွေ၊ သမီးရဲ့ နောင်ရေးကို အများကြီး ထည့်တွက်ဖို့ လိုမယ် ထင်တယ်”
“သမီးရဲ့ နောင်ရေးဟာ ဘာမှပူစရာမလိုပါဘူး။ ပြောပြီကော ဆရာ၊ သမီးမှာ အမေ မရှိပေမဲ့ အဖေတစ်ယောက်လုံး ရှိပါသေးတယ်၊ သူ့အဖေဟာ သူ့သမီးကို လူစဉ်မှီအောင် ကျွေးနိုင်ပါတယ်”
“ခင်ဗျားက ဒီအတိုင်း နေသွားမှာလား၊ အိမ်ထောင်သစ် မထူဘဲ နေမလား၊ ကလေးဟာ မိထွေးနဲ့ နေရတာထက် သူ့အဘိုးအဘွားလက်ထဲမှာ နေရတာက လုံခြုံမှု မရှိနိုင်ဘူးလား၊ ကျွန်တော် ဒါကို ရိုးရိုးသားသား ပြောတာပါ”
“သမီးအတွက် မိထွေးဆိုတာ ဘယ်တော့မှ ပေါ်လာမှာမဟုတ်ပါဘူး ဆရာ၊ အမေစားပဲ ပေါ်လာကောင်း ပေါ်လာပါလိမ့်မယ်။ ကျွန်တော် အိမ်ထောင်ပြုမယ်ဆိုရင် သမီးအတွက်ပဲ ဖြစ်ရမယ်၊ သမီးကို အမေအရင်းတစ်ယောက်လို ချစ်နိုင်တဲ့သူပဲ ဖြစ်ရမှာပဲ”
“အင်းလေ … ဒါကတော့ ခင်ဗျားသဘောပေါ့၊ ဒီကိစ္စမှာ မေမေ စိတ်ချမ်းသာဖို့အတွက် ကျွန်တော် ဝင်ရတာပါပဲ၊ အမှန်ပြောရရင် မေမေ စိတ်ချမ်းသာစေချင်ပါတယ်၊ မေမေ့မျက်နှာရိပ် အခြေအနေကို ကြည့်ပြီး ကျွန်တော်ကလည်း ကျွန်တော်နဲ့ ယုကိစ္စကို ပြောချင်လှပြီ၊ မေမေ စိတ်ချမ်းချမ်းသာသာဖြစ်လာပြီ ဆိုရင် ကျွန်တော်တို့ကိစ္စလည်း အကောင်အထည်ဖော်နိုင်မလားလို့ မျှော်လင့်မိတာပဲ”
အစ်ကိုက တစ်နည်းနှင့်မရ တစ်နည်းနှင့် ရအောင် ပြောလိုက်ဟန် တူပါသည်။ ကိုအောင်ဆွေ ဖျတ်ခနဲ ကျွန်မကို လှမ်းကြည့်လိုက်သည်။ ကျွန်မတို့အချင်းချင်း အကွက်ဖော်ထားကြသည်ဟုများ ထင်သွားမည်လား မသိ။ မျက်စိမျက်နှာပျက်နေသော ကျွန်မ အမူအရာကို သူ နားလည်သလို အဓိပ္ပါယ်ကောက်ပါစေ၊ ကျွန်မက ဘာမျှ ဝင်မပြောဘဲ ခေါင်းငုံ့နေလိုက်သည်။
သူသည် သမီးကို အကြာကြီး စိုက်ကြည့်နေရာမှ သက်ပြင်းကို လေးလေးချလိုက်ပါသည်။
“ကျွန်တော်တို့သားအဖအပေါ်မှာ ယု ကျေးဇူးတွေ အများကြီး ရှိပါတယ်၊ ယုအတွက် ဆိုရင် ကျွန်တော် အချိန်မရွေး အကူအညီပေးရမှာပါပဲ။ ဒါပေမဲ့ သမီးနဲ့ပတ်သက်တဲ့ ဒီကိစ္စမှာတော့ ကျွန်တော့်ကို ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်၊ ကျွန်တော့်သမီးနဲ့ ကျွန်တော် မခွဲပါရစေနဲ့ဗျာ၊ ကျွန်တော့်မှာ တွယ်တာစရာဆိုလို့ ဒီသမီးလေး တစ်ယောက်ပဲ ရှိတာပါ၊ မတတ်သာလွန်းလို့ ခုလို တကွဲတပြား ထားရပေမဲ့ ဖြစ်နိုင်ရင် တိုက်ပွဲထွက်တဲ့နေရာကိုတောင်မှ ကျောပိုးအိတ်ထဲ ထည့်ပြီး ခေါ်သွားချင်ပါတယ်ဗျာ”
မချိတင်ကဲ ပြောလိုက်သော သူ့စကားကြောင့် ကျွန်မလည်း စိတ်ထိခိုက်သွားမိပါသည်။ အစ်ကို့ကို လက်လျှော့လိုက်ပါရန် ကျွန်မ မျက်ရိပ်ပြလိုက်ရသည်။
အစ်ကို ပြန်သွားပြီးနောက် ခိုင့်အဒေါ် ဖြစ်သူ ဒေါ်ဒေါ်ခင်နှင့် အမေတို့ ဈေးမှာ ဆုံခဲ့ကြသည်။ (တကယ်တော့ ပြောစရာရှိသဖြင့် ဒေါ်ဒေါ်ခင်သည် အမေ့ကို ဈေးထဲမှာ မရအရ ရှာ၍ လာတွေ့ဟန်တူပါသည်။) ဒေါ်ဒေါ်ခင်က ကလေးကို ထည့်လိုက်ဖို့ သင့်ကြောင်း၊ သူ့အမေ ရသင့်ရထိုက်သည်များ သမီး ရနိုင်ကြောင်း စကားစုံ ပြောလိုက်သည်ကို အမေက ပြန်ပြောပြ၍ ကျွန်မ စိတ်ပျက်ရသည်။
“သူတို့တွေမှာ မေတ္တာကို စကားထဲ ထည့်မပြောတတ်ကြဘူး ထင်ပါရဲ့ အမေရယ်”
“သမီးကိုလည်း ပြောလိုက်သေးတယ်”
“ဘာလဲ အမေ”
“မောင်အောင်ဆွေတစ်ယောက် သူ့သမီးနဲ့ ပတ်သက်ပြီး ဒီအိမ်မှာ အဝင်အထွက်ရှိနေတော့ ယုအတွက် မတင့်တယ်ဘူးတဲ့”
“ဟင် … ဘာဆိုင်လို့လဲ”
ကျွန်မ အံ့သြတုန်လှုပ်သွားမိပြီး မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အော်လိုက်မိပါသည်။
“သိပ်လည်း မတုန်လှုပ်ပါနဲ့ သမီးရယ်၊ ပတ်ဝန်းကျင် ဆိုတာ ဘယ်အချက်မှာ ဂယက်ထရမလဲ ဆိုတာ စောင့်ကြည့်နေတာ၊ အေး … အဲဒီ လှိုင်းဂယက်က ပုတ်တာခတ်တာတော့ ခံနိုင်ရည်ရှိဖို့ လိုတယ် သမီး”
အမေက သူ့သမီးအကြောင်းကို သိ၍ စောစောစီးစီး မှာထားပါသည်။
အပိုင်း(၅)ဆက်ရန်
--------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။
Credit: သောကြာကြိုက်သောစာစုများ

