လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #khinhlaingkyu
အပိုင်း - ၅
တစ်ရက်၊ နှစ်ရက် မိုးဆက်ရွာလိုက်သည် ဆိုလျှင်ပင် ကျွန်မတို့အိမ်နောက်ဖေးမှ မြောင်းကြီးသည် ချောင်းငယ် ဖြစ်သွားပါပြီ။ မိုးစဲသွားလျှင်ပင် ကျွန်မသည် သမီးလေး တာရာကို ချီပိုးကာ ချောင်းစပ်မှ မန်ကျည်းပင်ကြီးအောက်သို့ လာခဲ့သည်။
“လှေလွှတ်ရအောင် သမီးရေ”
အမေသည် စိတ်ရှည်လက်ရှည်နှင့် သမီးအတွက် စက္ကူလှေကလေးများ ချိုးပေးထားသည်။ စက္ကူလှေ တစ်ပွေ့တစ်ပိုက်နှင့် အိမ်ပြင် ထွက်ခဲ့ရကတည်းက သမီးက မြူးကြွနေသည်။ သူ့လက်ထဲမှ လွှတ်ချလိုက်သော စက္ကူလှေများ ရေစီးနှင့် မျောသွားသည်ကို တခစ်ခစ်နှင့် သဘောကျစွာ ရယ်မောနေသည်။
ကျွန်မသည် သမီးကို ကြည့်ကာ ခိုင့်ကို သတိရနေမိပါသည်။ ကျွန်မနှင့်အတူ ထိုင်ရင်း ခိုင်က သူ့ခင်ပွန်း စစ်ထွက်သွားသည်ကို တမ်းတခဲ့ဖူးပါသည်။ ယခုလည်း ကိုအောင်ဆွေ စစ်ထွက်သွားပြန်ပါသည်။ သမီးလေး တာရာလည်း စကားကောင်းကောင်း ပြောတတ်ပြီ ဆိုလျှင် စက္ကူလှေ စီးကာ သူ့အဖေဆီ သွားချင်သည်ဟု ပူဆာလေဦးမည်လား မသိ။
လေက တိုက်နေသည်။ စက္ကူလှေကလေးများလည်း အရှိန်နှင့် ရေစီးတွင် မျောပါနေသည်။
ဘာလိုလိုနှင့် ခိုင် ကွယ်လွန်ခဲ့သည်မှာ တစ်နှစ်ပင် ပြည့်ခဲ့ပြီ။ ခိုင့်သမီးလေး ‘တာရာ’ သည် ကျွန်မတို့လက်ဝယ် ကြီးပြင်းလာခဲ့ပါပြီ။ သားအမိ နှစ်ယောက်သာ ရှိ၍ တိတ်ဆိတ်ငြိမ်သက်ခဲ့သော ကျွန်မတို့အိမ်မှာ သမီးကလေး အသံဖြင့် ညံညံစာ သာယာလျက် ရှိနေသည်။ အမေသည် နေ့လည်ဘက်တွင် ကလေး ဗာဟီရနှင့် မအားလပ်အောင် ရှိနေသည်။ ပျင်းရိငြီးငွေ့စရာပင် အချိန်မရှိတော့။ ညဘက်တွင်မူ သမီးက ကျွန်မနှင့် အိပ်သည်။ စကားပြောတတ်စ ပြုပြီ ဖြစ်၍ ‘မေ’ ‘ဖေ’ လောက် ခေါ်တတ်ပါပြီ။ ကျွန်မက အမေ့ကို အမေဟု ခေါ်စေပြီး ကျွန်မကို ‘အန်တီယု’ ဟု ခေါ်တတ်အောင် သင်ပေးသည်။ မပီမသနှင့် သမီးက ‘တီးယု’ ဟု ခေါ်သည်ကိုပင် သဘောကျကာ မပြင်ဘဲ ထားလိုက်တော့သည်။
သမီးသည် အလုပ်တာဝန်များ၍ ရံဖန်ရံခါမှ လာနိုင်သော သူ့အဖေကို အမြင်နည်း၍ ကျွန်မတို့ကို ခင်သလောက် ခင်ဟန် မတူပါ။ သူ့အဖေကမူ တိုက်ပွဲထွက်ခါနီးတိုင်းလိုလို သမီးကို ဝင်ရောက် နှုတ်ဆက်ကာ အားရအောင် နမ်းတတ်သည်။
သည်တစ်ခေါက် ကိုအောင်ဆွေ တိုက်ပွဲထွက်သွားသည်မှာ အတန်ကြာခဲ့ပြီ။ ခါတိုင်းဆိုလျှင် ရောက်ရာ တပ်စခန်း တစ်နေရာရာမှ မာကြောင်းသာကြောင်းနှင့် သမီးကို သတိရကြောင်း စာရေးတတ်သည်။ ယခု စာမလာ သတင်းမကြားသည်မှာ ကြာပြီဖြစ်၍ အမေက စိတ်ပူနေသည်။ သူ့တပ်ရင်းမှာ သတင်းစုံစမ်းခိုင်းဖို့ ကျွန်မကို ပြောနေသည်။ ကျွန်မမှာလည်း သူကလွဲ၍ သူ့တပည့်လေး ဗိုလ်တင်ဝင်းကိုသာ သိသည်။ သူလည်း ကိုအောင်ဆွေနှင့်အတူ တိုက်ပွဲပါသွားသည်။
“အကြောင်းတစ်ခုခု ရှိရင် လာပြောမှာပါ အမေရယ်၊ ဒီအိမ်မှာ သူ့သမီးတစ်ယောက်လုံး ရှိနေတာပဲ”
အမေ စိတ်မပူစေရန် ပြောလိုက်ရသော်လည်း အမေ့နည်းတူ သူ့သတင်းကို ရင်တထိတ်ထိတ်နှင့် နားစွင့်နေရသည်။ သမီးလေး တာရာကမူ ဘာမျှ မသိရှာ။ စက္ကူရွက်လှေကလေးများကို တစ်ခုပြီး တစ်ခု ပစ်ချကာ မျောပါသွားရာကို စိတ်ဝင်စားစွာ လိုက်ကြည့်နေသည်။
လေက ခပ်ပြင်းပြင်း တစ်ချက်ဝှေ့လိုက်သည်။ ချောင်းရေမှာ လှိုင်းထသွားသည်။ သမီးလေး၏ စက္ကူလှေကလေးများ ကတိမ်းကပါး ဖြစ်ကုန်ကြသည်။
“သမီး ယုရေ၊ ခဏ လာပါဦး၊ ဒီမှာ ကိစ္စရှိလို့”
အမေ့အော်ခေါ်သံကြောင့် သမီးကို ပွေ့ချီကာ အိမ်ရှေ့ဘက်သို့ ကွေ့ထွက်လာလိုက်သည်။ ရုတ်တရက် စစ်ဝတ်စုံနှင့်လူတစ်ယောက် အမေ့နားတွင် ရပ်လျက် တွေ့ရသည်။
ကျွန်မ ရင်မှာ လှိုက်ဖိုသွား၏။
“ဗိုလ်တင်ဝင်းပါလား၊ ကိုအောင်ဆွေကော”
“ဗိုလ်ကြီး မင်္ဂလာဒုံ ဆေးရုံမှာပါ ဆရာမ၊ ဒဏ်ရာ နည်းနည်းရလာလို့”
“ဟင် … ဘယ်ထိသွားသလဲ၊ တော်တော်များသလား၊ စိုးရိမ်ရသလား”
“ဘယ်ဘက် လက်ပြင်မှာပါ၊ ဒဏ်ရာသိပ်မပြင်းပါဘူး၊ ကျည်ဆန် ဖောက်ထွက်သွားပါတယ်၊ အရေးကြီးတဲ့နေရာတွေနဲ့ လွတ်ပါတယ်၊ မစိုးရိမ်ရတော့ပါဘူး”
“ဖြစ်မှဖြစ်ရလေ၊ အခု သူ ပြောခိုင်းတာလား”
“စိတ်ပူနေကြမှာစိုးလို့ မပြောနဲ့လို့ ပြောပါတယ်၊ ကျွန်တော်က ကျွန်တော်တို့တပ်တွေ ပြန်ရောက်ပါလျက်နဲ့ သတင်းမပေးဘူး ဆိုတော့ ဆရာမတို့ တစ်မျိုးတမည် တွေးပြီး စိတ်ပူနေမှာ စိုးလို့ လာပြောတာပါ၊ သူ ဆေးရုံမှာ တစ်လလောက်တော့ အနည်းဆုံး နေရလိမ့်မယ် ထင်ပါတယ်“
“မသေကောင်း မပျောက်ကောင်းကွယ်”
အမေက စိတ်မကောင်းစွာ တတွတ်တွတ် ပြောနေသည်။
“ကျေးဇူးပါ ဗိုလ်တင်ဝင်းရယ်၊ သူ့ကို သတင်းမေးသွားချင်ပါသေးတယ်၊ မင်းတို့ တစ်ခုခု စီစဉ်ပေးနိုင်မလား”
“ကျွန်တော်တို့ သွားဦးမှာပါပဲ၊ ဆရာမ သွားမယ်ဆိုရင် စီစဉ်ပေးမှာပေါ့”
နောက်တစ်နေ့တွင် ဗိုလ်တင်ဝင်းနှင့်အတူ သမီးကိုပါ ခေါ်သွားကာ ဆေးရုံကို ကျွန်မ လိုက်ခဲ့သည်။ အိပ်ရာပေါ်တွင် မှိန်းနေသော ကိုအောင်ဆွေသည် သမီးငယ်နှင့် ကျွန်မကို မြင်လိုက်လျှင်ပင် အံ့သြဝမ်းသာသွားပါသည်။
“ယု လိုက်လာတာကိုး၊ ဒုက္ခရှာလို့ဗျာ၊ ကျွန်တော် နေကောင်းပါတယ်”
“သမီးနဲ့လည်း တွေ့ရအောင်လို့ပါ”
သမီးသည် သူ့အဖေကို ကောင်းကောင်း မှတ်မိသည်။ ကျွန်မလက်ပေါ်မှ ‘ဖေ … ဖေ’ နှင့် လက်ကမ်းလိုက်သည်။
“သမီးရယ်၊ ဖေဖေ ချီလို့ မရသေးဘူးကွာ။ ဖိုးတင်ဝင်း ကိုယ် မှီထိုင်လို့ ရပါတယ်၊ နည်းနည်း ထူပေးစမ်းပါ၊ ဟော … ဆရာမ လာနေပြီ၊ အတော်ပဲ”
ဆရာမလေးနှင့်အတူ သူ့တပည့်က ခေါင်းအုံးနှစ်လုံး ဆင့်ထပ်ကာ မှီလှဲပေးလိုက်သည်။ သူ့မျက်နှာမှာ လူမမာနှင့် မတူဘဲ ရွှင်လန်းတက်ကြွနေသည်။ ဆရာမလေးက သူ့မျက်နှာကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။
“ဒီနေ့ ဗိုလ်ကြီးမျက်နှာကို ရွှင်နေတာပဲ၊ ဇနီးနဲ့ သမီး လိုက်လာလို့ အားရှိသွားတယ် ထင်ပါရဲ့”
မြတ်စွာဘုရား …။ ကျွန်မသည် ယောင်ယမ်း၍ ဘုရားတ,မိမတတ် ဖြစ်သွားပါသည်။ တစ်ကိုယ်လုံးမှာလည်း ရှိန်းခနဲ ဖြစ်သွားကာ တစ်မျက်နှာလုံး ထူပူလာပါသည်။ ဗိုလ်တင်ဝင်းလည်း ပါးစပ်ဟသွားသည်။ ကိုအောင်ဆွေလည်း ရုတ်တရက် ကြောင်သွားပြီးမှ ကမန်းကတန်း ပြောလိုက်ပါသည်။
“ဟာ … ဒါ ကျွန်တော့်သမီးနဲ့ သူ့အဒေါ်ပါ”
“အို … ဟုတ်လား၊ ဆောရီးပါပဲရှင်”
ဆရာမလေးက အားတုံ့အားနာနှင့် တောင်းပန်ကာ ချာခနဲ လှည့်ထွက်သွားသည်။ ကျွန်မမှာသာ မျက်နှာ ဘယ်လို ဆက်ထားရမည် မသိ။ သူ့ဒဏ်ရာအခြေအနေကို မေးမြန်းပြောဆိုနေသော်လည်း ကျွန်မ မျက်စိမျက်နှာပျက်နေဟန် တူပါသည်။ သူက အလိုက်သိစွာ ပြောလိုက်ပါသည်။
“ယု … ပြန်ချင်ပြန်တော့လေ၊ ယုလည်း အလုပ်တစ်ဖက်နဲ့ သတင်းမေးလာရတာ အားနာပါတယ်၊ မကြာခင် ကျွန်တော် ကောင်းသွားမှာပါ၊ အမေ့ကိုလည်း စိတ်မပူဖို့ ပြောပါ”
ကျွန်မ အိမ်ပြန်ရောက်သောအခါ သူနာပြုဆရာမလေး မဆင်မခြင် ပြောသည်ကို မကျေမနပ်နှင့် အမေ့ကို ပြောပြလိုက်ပါသည်။ အမေက ပြုံး၍ နားထောင်ရင်း ပြောပါသည်။
“ခိုင်တို့အဒေါ်တောင် အမေနဲ့ တွေ့လို့ မောင်အောင်ဆွေ ဆေးရုံတက်ရတဲ့အကြောင်း ပြောပြလိုက်သေးတယ်”
“ယုတို့ သွားတာကော ဘာပြောသေးလဲ အမေ”
“အခု သမီး ပြောတာ ကြားရင်တော့ သူ တစ်ခုခု ပြောမှာပေါ့”
“နောက်တစ်ခါ ကြုံရင် ပြောလိုက်ပေါ့ အမေရယ်”
ကျွန်မက ခပ်သောသော ရယ်ကာ အမေ့ကို လှမ်းပြောလိုက်ပါသည်။ ဟုတ်ပါသည်။ သည်အဖြစ်ကို ဒေါ်ဒေါ်ခင်သာ သိလျှင် ပြောမဆုံးပေါင်၊ တောသုံးထောင် ဖြစ်တော့မည်။
* * *
“ဟင် … အစ်ကို”
မီးဖိုဆောင်မှအထွက် ရုတ်တရက် ဧည့်ခန်းတွင် အစ်ကို့ကို မြင်လိုက်ရသောအခါ ကျွန်မ အံ့သြသွားမိ၏။ အစ်ကိုက ကုလားထိုင်တွင် မထိုင်ဘဲ ခြေစုံ ရပ်နေသည်။
“ထိုင်လေ … အစ်ကို၊ လာမယ်ဆို ကြိုပြောမထားတော့ ယုဖြင့် အံ့သြသွားတာပဲ”
ကျွန်မသည် ဟန်ပင် မဆောင်နိုင်ပဲ ဝမ်းသာသွားပါသည်။ အစ်ကို မလာသည်မှာ ကြာပြီပဲ။
အစ်ကိုက ဧည့်ခန်းတွင် ဝင်ထိုင်လိုက်သည်။ အစ်ကို့မျက်နှာမှာ သုန်မှုန်နေသည်။ ခရီးရောက်မဆိုက်ပင် ကောက်ကာငင်ကာ အစ်ကိုက မေးသည်။
“ယု … ရန်ကုန်ရောက်သေးတယ် မဟုတ်လား”
“ရောက်တယ် အစ်ကို၊ ကိုအောင်ဆွေ ဒဏ်ရာရလာလို့ ဆေးရုံတက်နေရတယ်၊ အဲဒီကို ယု သတင်းသွားမေးတာ အစ်ကို၊ သမီးလေး တာရာလည်း ပါလာလို့ အစ်ကို့ဆီတောင် မဝင်ဘဲ တန်းပြန်ခဲ့ရတယ်၊ အစ်ကို ဘယ်က သတင်းကြားလဲဟင်”
အစ်ကိုက ကျွန်မ မေးသည်ကို မဖြေ။ ကျွန်မ မပြောရသေးဘဲ အစ်ကို့ကို ဘယ်သူများ သတင်းပေးလိုက်ပါလိမ့်။ ကျွန်မ မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ကာ မာဆတ်ဆတ် ပြောလိုက်သည်။
“ယုက ဘာဆိုင်လို့လဲ”
“အစ်ကို ပြောပုံကလည်း တစ်မျိုးကြီးပဲ၊ သေရေး ရှင်ရေးကိစ္စ ဆိုတာ မေးရမြန်းရမှာပေါ့၊ ဘာဖြစ်လို့လဲ”
“မိခိုင် မရှိတော့တဲ့နောက်မှာတော့ ဒီလူနဲ့ ပတ်သက်စရာ မလိုတော့ပါဘူး”
“ဘယ်လိုပြောလိုက်တာလဲ အစ်ကိုရယ်၊ ခိုင် မရှိပေမဲ့ ခိုင့်သမီးလေး ရှိသေးတယ်လေ၊ သမီးလေးမျက်နှာ ရှိပါသေးတယ်”
“အဲဒီ သမီးကို အကြောင်းပြုနေတာကြောင့် ခက်နေတာပေါ့”
လွှတ်ခနဲ ပြောလိုက်သော အစ်ကို့စကားကြောင့် ကျွန်မ တုန်လှုပ်သွားမိသည်။ သည်စကားမျိုး အစ်ကို မပြောဖူးပါ။ သည်အိမ်မှာ ကိုအောင်ဆွေ ဝင်ထွက်နေသည်မှာ ယခုမှ မဟုတ်။ ဟိုတုန်းကတည်းက ပြောမည်ဆိုလျှင် ပြောနိုင်ပါလျက် ယခုမှ ကောက်ကာငင်ကာ ဘာကို သဘောမကျဖြစ်လာပါလိမ့်။ ဘယ်သူက ဘာများ ပြောလိုက်ပါလိမ့်။
“ဒါကတော့ အစ်ကိုရယ်၊ သမီးလေးကို အိမ်မှာ ထားတာကိုး”
“ဒီကလေးကို သူ့အဘိုးအဘွားဆီ ပို့ထားပါ ဆိုတော့ မထားနိုင်ဘူး”
“ဒါကတော့ အစ်ကိုရယ်၊ သူ့ခမျာလည်း သမီးလေးတစ်ယောက်ပဲ သူ့အတွက် ဖြေစရာရှိတာ ဆိုတော့ မပေးလိုက်နိုင်ဘဲကိုး။ နီးနီးနားနားဆိုလို့ ယုတို့ကိုပဲ အားကိုးစရာရှိလို့ သမီးလေးကို အပ်ထားတာပါ။ သူ့ကလေးကို သူ ထိန်းကျောင်းနိုင်တဲ့အချိန်၊ ဒါမှမဟုတ် သူ ဆန္ဒရှိတဲ့အချိန်မှာ ပြန်ခေါ်နိုင်တာပါပဲ။ ယုတို့အနေနဲ့ကတော့ ခိုင့်မျက်နှာ၊ ကလေးသံယောဇဉ်နဲ့ အစ်ကို ပြောသလို ပစ်ပစ်ခါခါ မပြောနိုင်ပါဘူး”
ကျွန်မသည် ပြောရင်းပြောရင်း လှိုက်လှဲဝမ်းနည်းလာကာ အသံတုန်လာပါသည်။ အထင်နှင့် စွပ်စွဲပြောဆိုခြင်း ခံရသည်လောက် ရင်နာစရာကောင်းသည် မရှိ။ ချစ်သူချင်းမှာ ဒီလောက်တောင် နားလည်မှုကင်းရတော့မည်လား။
“အစ်ကိုကလည်း မစွပ်စွဲသေးပါဘူး၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ၊ ဒါကို ထည့်တွက်ဖို့ ပြောနေတာ”
“ပတ်ဝန်းကျင်ဆိုတာ မင်နှိပ်စက္ကူသဘောမျိုးပါ အစ်ကို၊ မင်နှိပ်စက္ကူဟာ သူ့အပေါ် ကျလာတဲ့ မင်စက်ကလေး တစ်စက်ကို အဆမတန် ကြီးမားတဲ့ပမာဏ ဖြစ်အောင် စုပ်ယူဖြန့်ပစ်လိုက်သလို ပတ်ဝန်းကျင်ရဲ့ အမြင်ဟာလည်း တစ်ခါတလေ ပုံကြီးချဲ့တတ်တဲ့သဘောရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အထင်အမြင်ထက် အစ်ကို့အနေနဲ့က ကိုယ့်ချစ်သူကို နားလည်ဖို့၊ အမှန်အတိုင်း မြင်တတ်ဖို့ လိုပါတယ် အစ်ကိုရယ်၊ ပြီးတော့ ယုဟာ တိမ်းလွယ်ယိမ်းလွယ်တတ်တဲ့ ဆယ့်လေးငါးခြောက်နှစ် အရွယ်လေး မဟုတ်ပါဘူး”
သည့်ထက်ပို၍မူ ကျွန်မ မပြောတတ်ပါပြီ။ သည်နေရာမှာ ခိုင်သာ ဆိုလျှင် အချက်နှင့်အလက်နှင့် ကက်ကက်လန်အောင် ပြောတတ်လိုက်မည့်ဖြစ်ခြင်း။ ကျွန်မသည် ကွယ်လွန်သူ ခိုင့်ကို သတိရလိုက်မိသည်။
“အေးလေ … အစ်ကိုက အဝေးမှာနေတဲ့သူ မဟုတ်လား၊ သူများက မြင်တာ ကြားတာ ပြောလာတော့လည်း တုန်လှုပ်မိတာပဲ ယု၊ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူကို လက်လွှတ်ရမှာ စိုးရိမ်တတ်ကြတာပဲ၊ ဒါကို ယု နားလည် သဘောပေါက်ရင် ပြီးတာပါပဲ … ”
အစ်ကို့လေသံ ပျော့ပျောင်းလာသည် ဆိုလျှင်ပင် ကျွန်မ ဝမ်းသာပါပြီ။
အစ်ကို ပြန်သွားသောအခါ ကျွန်မရင်မှာ လေးလံ၍ ကျန်ခဲ့သည်။ ခိုင် မကြာခဏ ပြောတတ်သော ကျွန်မတို့၏ ‘ဇာတ်မျော’ ကြီးမှာ တစ်နည်းတစ်ဖုံ လှုပ်ရှားလာသည်ဟု ဆိုရမည် ထင်ပါသည်။ သည်လှုပ်ရှားမှုမှာ နိုးကြားတက်ကြွမှုကို ရှေးရှုမည့် အသွင်လက္ခဏာ ဟုတ်မည် မထင်ပါ။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မုန်တိုင်းဆင်မည့်လက္ခဏာများ ဖြစ်မှာလား။
ကျွန်မသည် မောလျစွာ သက်ပြင်းရှိုက်လိုက်မိ၏။
* * *
တော်သလင်းနေ ပြင်းပြင်းပူလိုက်သည်ဖြစ်၍ ကျွန်မတို့ခြံထဲတွင် ခြောက်ခြောက်သွေ့သွေ့ ဖြစ်လာသည်။ လမ်းလျှောက်စ ပြုနေပြီဖြစ်သော သမီးလေး တာရာကို ခြံထဲမှာ ဆော့ကစားစေချင်နေသော အမေသည် မြေခြောက်လာသည်နှင့် ခြံရှင်းရန် ပြင်ပါတော့သည်။
အခန့်သင့်ပင် ကိုအောင်ဆွေလည်း ရောက်လာ၍ ကျွန်မတို့နှင့် ဝိုင်းကူရှင်းလင်းပေးသည်။ ကိုအောင်ဆွေ မြက်ပေါက်၍ မြေညှိနေစဉ် အမေနှင့် ကျွန်မက ခြံစည်းရိုးမှ ချုံနွယ်များကို ခုတ်ဖြတ်ရှင်းရသည်။ သည်အချိန်တွင် အိမ်ရှေ့မျက်နှာစာတွင် မြက်ရှင်းနေသော ကိုအောင်ဆွေက ကျွန်မကို လှမ်းခေါ်လိုက်သည်။
“ယုရေ … ဒီမှာ ဧည့်သည် ရောက်နေတယ်”
“ဟင် … အစ်ကိုပါလား”
အိမ်ဝတွင် မားမားရပ်နေသော အစ်ကို့ကို မြင်လိုက်လျှင်ပင် ကျွန်မရင်မှာ လှိုက်ဖိုသွားသည်။ အစ်ကိုနှင့် ကိုအောင်ဆွေ ထိပ်တိုက် တိုးမိပြီ။ ပြဿနာများ တက်ဦးမှာလား။ ကျွန်မသည် အပြစ်ရှိသော ကျောင်းသားငယ်လို အစ်ကို့မျက်နှာကို မရဲတရဲ လှမ်းကြည့်ကာ နှုတ်ဆက်လိုက်သည်။
“လာလေ အစ်ကို၊ ဘယ်တုန်းက ရောက်သလဲ”
မပြုံးမရယ်နှင့် ကျွန်မ မေးသည်ကို မဖြေဘဲ ကျွန်မနှင့် ကိုအောင်ဆွေကို တစ်လှည့်စီ ကြည့်သည်။ အစ်ကို့မျက်နှာရိပ်ကို မြင်လိုက်ကတည်းက အစ်ကို့သဘောထားကို ကျွန်မ အကဲခတ်လိုက်မိပါသည်။
“အိမ်ပေါ်တက်နှင့်လေ အစ်ကို၊ ယု လက်ဆေးပြီး လိုက်လာခဲ့မယ်နော်”
ကျွန်မသည် ဆရာ ရိုက်မည်ကို စိုးရိမ်နေသော တပည့်ကဲ့သို့ မျက်စိမျက်နှာပျက်နေမိသည်။ သည်ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသည့်အဖြစ်။ မကျေမနပ်ဖြစ်သွားသော အစ်ကို့မျက်နှာမှာ ဖုံးမရအောင် ပေါ်နေသည်။ ကျွန်မလက်ကို ကမန်းကတန်း ဆေးကြောပြီး အိမ်ပေါ် တက်လိုက်သွားရသည်။
ဧည့်ခန်းတွင် အစ်ကိုက ရပ်နေသည်။
“ထိုင်လေ အစ်ကို၊ မတ်တတ်ကြီးရပ်လို့”
“ဧည့်သည်ဆိုတာ အိမ်ရှင်က နေရာပေးမှ ထိုင်ရမှာပေါ့”
“ယုတို့အိမ်များ အစ်ကိုရယ် … ၊ ဧည့်သည်လို သဘောထားနေသေးသလား”
“မသိဘူးလေ၊ အိမ်ရှေ့က အိမ်ရှင်ကြီးက ဧည့်သည်လို့ ပြောလိုက်တာကိုး”
စောစောက ကိုအောင်ဆွေ အမှတ်မထင် ပြောလိုက်သောစကားကို အထအန ကောက်နေသည်။ ကျွန်မသည် အစ်ကိုက မမေးဘဲနှင့် ဖြေရှင်းနေမိသည်။
“သူ မနက်ကမှ ရောက်လာတာပါ အစ်ကို၊ ယုတို့ ခြံရှင်းနေတာ တွေ့လို့ အမြင်မတော်တာနဲ့ ဝင်လုပ်ပေးနေတာပါ”
“ဒီအိမ်ဟာ သူ့အိမ်လို ဖြစ်နေပြီ ထင်တယ်”
“သူ့အိမ်လိုတော့ မဟုတ်ပါဘူး အစ်ကို၊ သူ့ဆွေမျိုးအိမ်လို ဖြစ်နေတာပါ၊ သူ့မှာ ဆွေရယ်မျိုးရယ် ရှိတာမှ မဟုတ်ဘဲ၊ ယုတို့ပဲ နီးနီးနားနား သူ့ဆွေမျိုးလို သဘောထားရမှာပေါ့”
“မကြာခင် ဒီအိမ်ရဲ့ အရှင်သခင် ဖြစ်လာဦးမှာလား”
အစ်ကို့အသံက မာဆတ်ဆတ်။ ဘယ်လိုမှ မကျေနပ်သေး။
“အစ်ကိုသာ ဆန္ဒရှိတယ်ဆိုရင် ဒီအိမ်ရဲ့ အရှင်သခင် အချိန်မရွေး ဖြစ်နိုင်ပါတယ် … ၊ ယုကို ဘာဖြစ်လို့ ဒီစကားတွေ ပြောနေတာလဲ အစ်ကို၊ ယု အစ်ကို့ဆီကို စာတွေ ရေးခဲ့ပါတယ်၊ ယုဟာ အချိန်မရွေး အစ်ကို့အတွက် အဆင်သင့် ရှိနေပါတယ်၊ အရာအားလုံးကို စွန့်ပြီး အစ်ကို့နောက်ကို လိုက်ခဲ့ဖို့လည်း အဆင်သင့်ပဲ၊ အခြေအနေတွေ အားလုံးကို ရင်ဆိုင်ဖို့လည်း အဆင်သင့်ပါပဲ၊ အစ်ကိုသာ ယုရဲ့ အရှင်သခင်ပါ”
“ယုက ပြောတော့တစ်မျိုး ဖြစ်နေတာက တစ်မျိုးပဲ၊ ဘာကို ယုံရမှာလဲ၊ ပတ်ဝန်းကျင်က နားမဆံ့မှ ကိုယ်က ကြားရတာ”
“ဟင် … ပတ်ဝန်းကျင်က ဘာတွေ ပြောလို့လဲ၊ ယုက ဘာဖြစ်နေလို့လဲ”
ကျွန်မသည် မျက်လုံးမျက်ဆန်ပြူးနှင့် မေးလိုက်မိ၏။
“ကိုယ်က အဝေးမှာ နေရပေမဲ့ နားမျက်စိက ယုအနားမှာ ရှိနေတာ၊ ရှင်းရှင်းပဲ ပြောစမ်းပါ ယု၊ ကိုယ်က နံပါတ်နှစ်နေရာ ရောက်သွားပြီ မဟုတ်လား”
“ယုမှာ ချစ်ရမယ့်သူ ဆိုလို့ အစ်ကို တစ်ယောက်တည်းပဲ ရှိပါတယ်၊ နံပါတ်တစ်အပြင် ရေစရာ မရှိတော့ပါဘူး အစ်ကို။ ယု အချစ်ကို အထင်မသေးပါနဲ့ အစ်ကိုရယ်၊ ယု ပြောခဲ့ပြီကော၊ ယုဟာ အစ်ကိုက လက်ထပ်မယ် ဆိုတဲ့ ရက်ကို စောင့်နေတာပါ၊ ယု တာဝန်ကုန်ပါပြီ”
“ကိုယ်လည်း ဒီကိစ္စ ကြိုးစားနေတာပဲ၊ ဒီကြားထဲမှာ ဒီပြဿနာက ဝင်လာတော့ …”
“ဒါဟာ ပြဿနာမဟုတ်ပါဘူး အစ်ကို၊ အစ်ကိုနဲ့ ယုနဲ့ လက်ထပ်လိုက်ရင် ရှင်းရှင်းလေးပါ၊ အစ်ကို ပြောသလို ပတ်ဝန်းကျင်က အထင်အမြင်လွဲတာရှိရင်လည်း ရှင်းသွားမှာပါ”
“ဘယ်လို ရှင်းသွားမှာလဲ”
“သူတို့ ထင်တာတွေ မဟုတ်ဘူး ဆိုတာပေါ့ အစ်ကို”
“ယုတို့ ဆက်ဆံရေးကကော …”
ကျွန်မက သက်ပြင်းရှိုက်မိပါသည်။ ဘာလိုလိုနှင့် သံသယသည် အစ်ကို့ရင်ထဲမှာ ထိထိမိမိ ငြိတွယ်နေပြီကော။
တကယ်တော့ ကျွန်မနှင့် ကိုအောင်ဆွေတို့၏ဆက်ဆံရေးမှာ မိတ်ဆွေအဆင့်ထက် မပိုပါ။ သူ့သမီးကို အကြောင်းပြု၍ အဝင်အထွက်ရှိသည်မှာ မှန်ပါသည်။ ပတ်ဝန်းကျင် မျက်စိနောက်လောက်အောင်လည်း ယောက်ယက်ခတ်မိသည် မထင်ပါ။ နဂိုကပင် ကျွန်မသည် ပတ်ဝန်းကျင်ကို လေးစားတတ်သူ ဖြစ်ပါသည်။ ကိုယ့်လိပ်ပြာ ကိုယ်လုံ၍လည်း သည်အထိ ပြဿနာဖြစ်လာလိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ။
အပိုင်း (၆) ဆက်ရန်
--------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။
Credit: သောကြာကြိုက်သောစာစုများ

