blank  الف را به اشتراک گذاشت  پست
4 سال

ဝတ္ထု​တွေဖတ်ကြမယ် 🥰

လှိုင်းပုတ်သည့် လှေ - ခင်လှိုင်ကြူ #KhinHlaingKyu

အပိုင်း(၁)

ခိုင် လက်ထပ်သည့် သတင်းကို သတင်းစာထဲတွင် တွေ့လိုက်ရလျှင်ပင် ကျွန်မရင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားမိသည်။

ခိုင်သည် ကျွန်မ၏ အချစ်ဆုံး၊ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပါသည်။ သူ လက်ထပ်မည့် အချိန်အခါကို ကျွန်မ ကြိုတင် မသိခဲ့ရသော်လည်း မကြာမီ သူ လက်ထပ်တော့မည်ကိုမူ ကျွန်မ သိနေပါသည်။ လွန်ခဲ့သည့်အပတ်က သူ ရေးလိုက်သော စာလေးကို ကျွန်မ သတိရလိုက်ပါသည်။

“အိမ်က သဘောထားကတော့ သိပ်ပြင်းထန်လာပြီ ယုရေ …၊ ခိုင်ကတော့ ပြတ်ပြတ်သားသား လုပ်ရတော့မှာပဲ၊ မောင်ကတော့ ခိုင့်ကို ညှာပြီး ပြေပြေလည်လည်ဖြစ်အောင် ထပ်ကြိုးစားဦးမယ်လို့ ပြောပါတယ်၊ ခိုင်ကတော့ ရလိမ့်မယ်လို့ မမျှော်လင့်ပါဘူး”

သူ့စာထဲမှာ ရေးခဲ့သည့်အတိုင်း ခိုင်တစ်ယောက် ပြတ်ပြတ်သားသား လုပ်လိုက်ပါပြီ။ ကျွန်မသည် သတင်းစာကို ကိုင်ကာ အမေ့ဆီ ထလာခဲ့ပါသည်။

“အမေ … ခိုင်နဲ့ ကိုအောင်ဆွေ လက်ထပ်လိုက်ကြပြီ၊ နှစ်ဦးသဘောတူ ရုံးမှာ လက်ထပ်လိုက်ကြတယ် အမေရဲ့”

အမေသည် ခိုင့်ကို သိသကဲ့သို့ ခိုင့်ချစ်သူ ကိုအောင်ဆွေကိုလည်း ကောင်းကောင်းသိပါသည်။ ကိုအောင်ဆွေတို့တပ် သနပ္ပင် ပြောင်းလာပြီးနောက် ရန်ကုန် သွားသည့်အခါတိုင်း ကျွန်မတို့အိမ်သို့ သူ ဝင်လာတတ်ပါသည်။ တစ်အိမ်လုံးတွင် သားအမိနှစ်ယောက်သာ စကားပြောဖော် ရှိသောကြောင့် အမေသည် ကျွန်မအပေါင်းအသင်း၊ ကျွန်မ ပတ်ဝန်းကျင်အကြောင်းကို နေ့စဉ်နဲ့အမျှ ကြားသိနေခဲ့ပါသည်။

အမေက ကျွန်မလက်ထဲမှ သတင်းစာကို တစ်ချက် လှမ်းကြည့်လိုက်ကာ အေးအေးဆေးဆေးပင် ပြောလိုက်ပါသည်။

“မနက်က ခိုင်ခိုင့်အဒေါ်နဲ့ စျေးမှာ တွေ့လို့ အမေ့ကို ပြောလိုက်တယ်၊ အမေ သိခဲ့ပြီးပါပြီ”

“ဟင် … အမေ သိတယ်၊ ယုကိုတော့ ဘာဖြစ်လို့ မပြောတာလဲ”

ကျွန်မသည် အလွန်အမင်း အံ့ဩသွားမိ၏။ ကျွန်မနှင့် ခိုင် မည်မျှ ရင်းနှီး ချစ်ခင်ကြောင်း အမေ သိပါလျက် သည်လို ထူးထူးခြားခြား သတင်းကို ဘာကြောင့် ထုတ်မပြောပါလိမ့်။

“အမေက သူ့ကို မမြင်ပါဘူး၊ သူက တကူးတက လာနှုတ်ဆက်ပြီး ခိုင်ခိုင် သူ့အဆက်နဲ့ အိမ်က သဘောမတူလို့ လိုက်သွားတယ်တဲ့၊ ခိုင်ခိုင် သိပ်မိုက်တယ်၊ ဒီသူငယ်ထက် သာတာတွေ အများကြီး ရနိုင်တယ်တဲ့”

“ကိုအောင်ဆွေကလည်း မနိမ့်လှပါဘူး အမေရာ၊ စစ်ဗိုလ်တစ်ယောက်ပဲ”

“အေးလေ … သူတို့အမြင်မှာတော့ ဒီထက်မက ရှိနေလို့ပေါ့။ ဆွေမရှိ မျိုးမရှိ နောက်ခံမရှိတဲ့ တစ်ကောင်ကြွက် တစ်မျက်နှာတဲ့၊ ခိုင်ခိုင့်ကို ဘယ်လိုလူမျိုးတွေက လာတောင်းကြတယ် ဆိုတာတွေလည်း ပါရဲ့၊ စုံနေတာပါပဲ သမီးရယ်”

“အမေ့ကို ဒါတွေ ဘာဖြစ်လို့ လာပြောနေရတာလဲ”

ကျွန်မသည် စိတ်ပျက်စွာ ရေရွတ်လိုက်မိသည်။ ကိုယ့်အမေအကြောင်း ကိုယ်သိ၍လည်း အမေ မည်မျှ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရမည်ကို ခန့်မှန်းမိပါသည်။ အမေသည် အေးအေးဆေးဆေးနှင့် စကားနည်းသူတစ်ယောက်ဖြစ်၏။ သူတစ်ပါးအကြောင်းကို စပ်စပ်စုစု စုံစမ်းနေတတ်သူ မဟုတ်။ သူတစ်ပါးကို နစ်နစ်နာနာ ပြောနေသံ ကြားလျှင် မျက်နှာပျက်နေတတ်သူ ဖြစ်၏။ ခိုင့်အဒေါ် စကားများသည် မည်မျှ အမေ့စိတ်ကို အနှောင့်အယှက်ပေးခဲ့သည် မသိ၊ အမေသည် ဒေါ်ဒေါ်ခင်နှင့် တွေ့ခဲ့ရသည့် အကြောင်းကို ကျွန်မကိုပင် ပြောလိုစိတ် မရှိတော့ပေ။

“ဒေါ်ဒေါ်ခင်ကတော့ ထုံးစံပဲ အမေ၊ ပြောလိုက်ရင် တင်တင်စီးစီးကလေး ပါမှ”

“ပြောမှာပေါ့လေ … သူ့တူမက မင်းကြီးသမီးကိုး”

“အဲဒီ မင်းကြီးအရှိန်နဲ့ စိတ်ကြီးဝင်နေတာကြောင့် ခက်တာပေါ့ အမေရယ်၊ တစ်ချိန်က ရွှေထီးဆောင်းခဲ့ရတဲ့ ဆွေဂုဏ်မျိုးဂုဏ်ကိုသာ အမွှမ်းတင်နေတယ်၊ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်အခြေမှာ ရှိတယ်ဆိုတာ မမြင်ဘူး၊ သူ့အစ်မက မင်းကြီးကတော် ဖြစ်ခဲ့ပေမဲ့ သူက စာတိုက်စာရေးမိန်းမပဲ၊ ဒါကိုတော့ သူ မေ့ထားတာက ခက်နေတယ်”

“ဪ … အမေကလည်း မေ့နေတယ်၊ သူ ပြောတဲ့အထဲမှာ ခိုင့်ကို အမွေဖြတ်လိမ့်မယ် ဆိုလား”

“ဟင် … ဒီအခြေတောင် ဖြစ်ခဲ့ကြတာကိုး”

သည်အခြေ ရောက်အောင်အထိ ဆိုလျှင် ကျွန်မသူငယ်ချင်း ခိုင်တစ်ယောက် သူ့မိဘအသိုင်းအဝိုင်းကို မည်မျှ ရင်ဆိုင်ခဲ့ရမည်ကို ခန့်မှန်းကြည့်လျှင် ကာယကံရှင်ကမူ မည်သို့ ခံစားရမည် မသိသော်လည်း ကျွန်မကမူ သတင်းကြားသည်နှင့်ပင် ငိုချင်သလို ဖြစ်လာပါသည်။

“ဘယ်လိုများ ဖြစ်ကြတာပါလိမ့် အမေရယ်၊ သူတို့ ပြေလည်အောင် ကြိုးစားနေကြတာ ကြာပါပြီ၊ ကိုအောင်ဆွေ ဆိုရင် သူ့ဆရာတွေ အကူအညီတောင်းပြီး ပြောခိုင်းမယ်လို့ ပြောပါတယ်၊ မရဘူး ထင်ပါရဲ့။ ဒီလောက်အထိ တင်းတင်းမာမာ ဖြစ်သွားရတာတော့ မကောင်းပါဘူး အမေရယ်”

“အေးလေ … မပြေလည်ကြလို့ ရှိမှာပေါ့”

“သမီးသာ ဆိုရင်တော့ ဒီလောက် စွန့်ရဲမှာ မဟုတ်ပါဘူး”

ကျွန်မသည် သတ္တိနည်းသူပီပီ ခိုင့်နေရာတွင် ဝင်ကြည့်ကာ တုန်တုန်ယင်ယင် ပြောလိုက်မိသည်။ အမေက ကျွန်မကို ကြည့်ကာ ပြုံးလိုက်ပါသည်။

“ဒါကတော့ သမီးရယ်၊ ယောက်ျားတွေဟာ စစ်နဲ့ ပတ်သက်လာရင် သတ္တိရှိလာတတ်တယ်၊ မိန်းမတွေဟာ အချစ်နဲ့ ပတ်သက်လာရင် သတ္တိရှိလာတတ်စမြဲပဲ၊ သမီးမှာ ကိုယ်တွေ့ မကြုံသေးလို့ပါ”

“ယုကိုတော့ အဲဒီလို အမွေပြတ် မစွန့်လိုက်ပါနဲ့နော် အမေ”

“အမလေး … အမေ့မှာ ဖြတ်စရာ အမွေလည်း မရှိပါဘူး၊ ပေးစရာ အမွေလည်း မရှိပါဘူး၊ ပူမနေပါနဲ့ကွယ်”

အမေက ရယ်ရင်း ပြောလိုက်ပါသည်။

“အလကားပါ အမေရယ်၊ ပေးစရာ ဝေစရာ ရှိတဲ့သူတွေအနေနဲ့သာ အမွေဖြတ်တယ်၊ အမွေပေးတာ ဘယ်လို ဆိုတာတွေ စကားထဲ ထည့်ပြောနေရတာပါ။ ဒီအကောင်အထည်ပစ္စည်းတွေ ဖယ်လိုက်ရင် သားသမီးအဖြစ် စွန့်ပစ်ခံရတယ် ဆိုတာဟာ မေတ္တာ အစွန့်ခံလိုက်ရတာပါပဲ၊ ဘယ်လောက်ကြေကွဲစရာကောင်းသလဲနော်။ မိခိုင်ကို တောင်းဆိုးပလုံးဆိုးလို စွန့်ပစ်လိုက်မယ် ဆိုတာကတော့ ရက်စက်လွန်းပါတယ် အမေရယ်၊ လူတစ်ယောက်မှာ သူ့ကျောထောက်နောက်ခံ ဆွေမျိုးအသိုင်းအဝိုင်းဟာ သူ့အရည်အချင်း မဟုတ်ပါဘူး၊ သူ့ကိုယ်ပိုင်အရည်အချင်းကိုသာ စံတင်ကြည့်ဖို့ ကောင်းပါတယ်”

“ဒါကတော့ သမီးအမြင်ကိုး”

“ခိုင်နဲ့ တွေ့ချင်လိုက်တာ အမေရယ်”

ထိုညက ခိုင့်အကြောင်းကို စဉ်းစားရင်း ကျွန်မ အိပ်မပျော်ဖြစ်ရသည်။ ခိုင်တစ်ယောက်ကမူ သူ့ချစ်သူရင်ခွင်တွင် ကြည်နူးစွာ အိပ်မောကျနေပေလိမ့်မည်။

* * *

တနေ့နေ့တွင် သူတို့ ရောက်လာလိမ့်မည်ဟု ကျွန်မ ကြိုတင် မျှော်လင့်ထားသည့်အတိုင်း သူတို့ ရောက်လာသောအခါ ဝမ်းမြောက်ဝမ်းသာ ပြေးကြိုခဲ့ပါသည်။ ခိုင်က ကျွန်မခါးကို သိုင်းဖက်ကာ ရယ်မောရင်း မေးလိုက်ပါသည်။

“ဟေး … ယု … အံ့ဩမသွားဘူးလား”

“ယုက ဒီထက် စောစောကတည်းက မျှော်နေတာ”

“ဟား ဟား … တို့က စထွက်လာကတည်းက ယုတို့အိမ်ကို လာမလို့၊ မောင်က မကောင်းဘူး ထင်တယ် ဆိုတာနဲ့ မန္တလေး တက်သွားရတာ၊ ဒီမှာဆို အကျယ်ကြီးနော်၊ အေးအေးဆေးဆေး နေပါလေ့”

‘မောင်က’ ဟု သူ့စကားမှာ ပါမှ ကိုအောင်ဆွေကို နှုတ်ဆက်ရန် ကျွန်မ သတိရသည်။ ကိုအောင်ဆွေက ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ဖက်လှဲတကင်း နှုတ်ဆက်နေသည်ကို ပြုံး၍ ကြည့်နေပါသည်။

“ဘယ်လို ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲ၊ ပြောစမ်းပါဦး”

“နေပါဦးလေ … ပြောစရာတွေက အများကြီး အရှည်ကြီး၊ ခရီးရောက်မဆိုက် မောစရာတွေ ခဏထားဦးမယ်ကွာ၊ အမေကော … အမေ နေကောင်းလား”

“အမေ နေကောင်းပါတယ်၊ လာကြ”

ကျွန်မတို့ခြံဝမှ လျှောက်လာစဉ် အမေက အိမ်ပေါက်ဝသို့ ထွက်ရပ်လာပါသည်။

“အ​မေ”

ခိုင်သည် အမေ့ကို ပါးစပ်နှင့်တစ်လုံး အားရပါးရ အော်ခေါ်ကာ ပြေးဖက်လိုက်သည်။ အမေက သူ့ထုံးစံအတိုင်း ပြုံး၍ ခေါင်းတညိတ်ညိတ်နှင့် နှုတ်ဆက်သည်။ ခိုင့်ရင်ထဲတွင် မည်သို့ရှိမည် မသိသော်လည်း ကျွန်မကမူ သည်မြင်ကွင်းကြောင့် ရင်ဆို့သွားပါသည်။

“အမေရယ် … အမေ့ကို တွေ့ရတာ ရင်အေးလိုက်တာ”

သူသည် အမေ့ကို တွေ့တိုင်း ပြောလေ့ရှိသော စကားကိုပင် ပြောလိုက်သည်။ ကျွန်မက သူ ပြောဖူးသော စကားတစ်ခုကို ဖျတ်ခနဲ သတိရလိုက်ပါသည်။

“ယုတို့အမေကို တွေ့ရရင် သိပ်ရင်အေးတာပဲ၊ လရောင်လိုပဲ။ တို့မေမေကတော့ နေရောင်ခြည်နဲ့ တူတယ်၊ နေရောင်ခြည်ဟာ တကယ်တော့ အားမာန်အပြည့်ရှိတယ်၊ အမှောင်ကို ဖောက်ထွင်းနိုင်တယ်၊ ဒါပေမဲ့ ပြင်းထန်လာပြီဟေ့ ဆိုရင်တော့ နေမထိအောင် ပူပြင်းတယ်။ ဒါလည်း အခြေအနေအရ ထင်ပါရဲ့ကွာ၊ မေမေဟာ သူ့ပတ်ဝန်းကျင်မှာ နေရောင်ခြည်လို တောက်ပနိုင်မှကိုး၊ ဒီလိုမှ မဟုတ်ရင် ဥယျာဉ်ထဲမှာ ပန်းစိုက်ရေလောင်းရတဲ့ မိဖုရားကြီးဘဝကို ကျသွားတာ ကြာလှပြီ”

သူ့စကားအရ ဆိုလျှင် သူတို့မေမေသည် နေပူဒဏ်ကို ရင်ဆိုင်ရပြီဟု ဆိုရမည် ထင်ပါသည်။ ဘေးမှ ကျွန်မသာ မျက်နှာပျက်သွားသော်လည်း ခိုင်ကမူ ရွှင်လန်းမြူးကြွစွာ အမေ့ကို ကလေးငယ်တစ်ယောက်လို ချွဲနေသည်။

“ဘာကျွေးမလဲ အမေ၊ ဘာဟင်းတွေ ချက်ထားလဲဟင်၊ မောင်က အားနာလို့ ထမင်းစားပြီးမှ သွားကြမယ်တဲ့၊ ခိုင်က ဒီမှာပဲ ထမင်းစားရအောင် စောစော ထွက်ခဲ့တာ”

“ရှိပါတယ်၊ ထမင်းတွေရော… ဟင်းတွေရော၊ ဘယ်သူမှ မစားရသေးဘူး”

“ခိုင် သိပါတယ်၊ အမေ့ထမင်းအိုးက အမရာ ထမင်းအိုးပါ။ ခိုင်နဲ့ ယုတို့ တွေ့တွေ့ချင်း စကားပြောလို့ အားမရသေးခင် အမေ ထမင်းပြင်ပြီးပြီ၊ ထမင်းစားပြီး သူငယ်ချင်းနှစ်ယောက် ခေါင်းချင်းဆိုင်လို့မှ မဝသေးဘူး၊ ညနေစာ စားရပြီ။ ဟီး … ဟီး ခိုင်တို့နှစ်ယောက်ကလည်း ဘယ်လောက်ပြောပြော အားမှမရကြပဲ”

“ကဲ အခုလည်း ခဏနားပြီး စကားပြောကြဦး၊ အမေ ဟင်းအိုးတွေ နွှေးလိုက်ဦးမယ်”

“ထမင်းပူပူ ဟင်းပူပူပေါ့ အမေရာ၊ ဒီတစ်ခါ ခိုင်က တစ်ယောက်တည်း လာတာမှ မဟုတ်ဘဲ၊ အမေတို့သားအမိ နှစ်ယောက်စာကို တစ်ယောက်တည်းကုန်အောင် စားမယ့် စစ်သားကြီး ပါလာတယ် အမေရဲ့”

ခိုင်သည် နဂိုကပင် စကားကြွယ်သူပီပီ ရွှန်းရွှန်းဝေအောင် ပြောနေသည်။ ပျော်ရွှင်မြူးထူးနေသော သူ့ကို ကြည့်ကာ ကျွန်မလည်း ပျော်လာပါသည်။

အမေက ထမင်းကျွေးရန် ပြင်ဆင်နေစဉ် ကျွန်မတို့ စကားပြောချိန် ရကြသည်။ ကျွန်မသည် သိချင်ဇော ကြီးစွာ သူတို့အကြောင်းကို မေးလိုက်သည်။

“ဆိုစမ်းပါဦး၊ ဆိုင်းမဆင့် ဗုံမဆင့်နဲ့၊ ယုဖြင့် သတင်းစာထဲ တွေ့မှ သိရတယ်”

“အမယ်လေး နေဝင်တယ် ဆိုကတည်းက ပတ်မကြီး တီးလာခဲ့တာပါ ယုရာ၊ တို့ စာတွေ ရေးနေတာပဲ မဟုတ်လား”

“အေးလေ … ဒါပေမဲ့ ဒီလောက် မြန်ဦးမယ် မထင်ဘူးပေါ့၊ ကိုအောင်ဆွေကလည်း ဒီတစ်ခေါက် ရန်ကုန်သွားတာ ယုကိုတောင် ဝင်ပြောမသွားဘူး”

“ကျွန်တော်က အစီအစဉ် မရှိဘူးလေ၊ အခြေအနေက ပြင်းထန်လာတော့ ခိုင်က စိတ်လိုက်မာန်ပါ ပြောဆို ထွက်လာပြီး စီစဉ်လိုက်ကြတာပါပဲ”

“ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ ခိုင်ရယ်၊ ယုဖြင့် စွန့်လွှတ်ခြင်း ဆိုတာတွေ့တော့ စိတ်မကောင်းလိုက်တာ”

“ဘာမှ စိတ်မကောင်း ဖြစ်မနေနဲ့ ယုရေ … မရဘူး၊ အခြေအနေက ဒီအထိ မရောက်လို့ မရတော့ဘူး၊ ပြောရရင်တော့ အရှည်ကြီးပဲကွာ၊ ပြောမနေချင်တော့ဘူး၊ တို့မိဘအသိုင်းအဝိုင်းအကြောင်း တို့ အသိဆုံးပဲ၊ ယုလည်း နည်းနည်း သိပါတယ်လေ၊ ရှေ့လျှောက် သိစရာတွေ အများကြီး ရှိဦးမှာ၊ ဒါကြောင့် တို့က ကိုကိုနဲ့ ယုကို သဘောမတူတာ”

ကိုအောင်ဆွေက ကျွန်မကို အားနာစွာ လှမ်းကြည့်လိုက်သည်။ ကျွန်မအဖို့မူ ကြားဖူးနေကျ စကားဖြစ်၍ အောင့်သက်သက်နှင့် ပြုံးနေရသည်။ သူကမူ ဘယ်သူ့မျက်နှာ အပြောင်းအလဲကိုမှ သတိမထားဘဲ ဆက်ပြောနေသည်။

“တို့ကိုကိုက အမှန်တော့ သဘောကောင်းပါတယ်၊ သဘောကောင်းတော့ လူလိမ္မာ ဖြစ်တာပေါ့။ လူလိမ္မာလို့ အပြောခံရတဲ့ လူတွေဟာ အနည်းနဲ့အများ ပတ်ဝန်းကျင်ရဲ့လောင်းရိပ် မိနေတတ်တာပဲ။ သူတို့ကိုယ်သူတို့ မိုက်တယ်လို့ အပြောခံရမှာ စိုးတာနဲ့အမျှ မှန်တယ် ထင်တာကို လုပ်ရဲတဲ့သတ္တိတွေလည်း နည်းလာကြတာပဲ”

“ခိုင့်ကိစ္စမှာ အစ်ကိုက ဘာဝင်ပြောလို့လဲ”

“ကိုကိုကလည်း မေမေ့ဘက်ကပဲလေ၊ မေမေ စိတ်ဆင်းရဲအောင် လုပ်တယ်တဲ့၊ မိုက်တယ်တဲ့။ တို့ကတော့ ကိုယ့်ကိုယ်ကိုယ် မိုက်တယ် မထင်ပါဘူး၊ မြီးကောင်ပေါက်မလေးလို ကမူးရှူးထိုး လုပ်တာလည်း မဟုတ်ဘူး။ တို့လူမှာ ဘာလက်မခံနိုင်စရာ ရှိသလဲ၊ တတ်နိုင်တာ ဆိုရင် သဘောကျ ဖြစ်ရပါစေ့မယ်လို့ တို့ ပြောပါတယ်။ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်မို့တဲ့လေ၊ တို့ ဘာတတ်နိုင်မလဲ၊ သေသွားတဲ့ သူ့မိဘဆွေမျိုးတွေရဲ့ မြေပုံကို ဖော်ပေးရမှာလား၊ ဟွန်း … ဆွေဂုဏ်မျိုးဂုဏ် အရှိန်အဝါကို အကာအကွယ်ယူပြီး ပျက်စီးနေတဲ့ သတ္တဝါတွေနဲ့တော့ ပေးစားချင်လိုက်ကြတာ”

ခိုင်သည် နာနာကြည်းကြည်း ပြောရင်း နှုတ်ခမ်းကို မဲ့ပစ်လိုက်ပါသည်။ ကျွန်မက ခိုင် မကျေနပ်သူများထဲတွင် ကျွန်မချစ်သူ မပါစေချင်ပါ။ အစ်ကို့ဘက်မှ ကာကွယ်သောစကားကို ပြောမိပါသည်။

“အစ်ကိုကတော့ ကြားလူအနေနဲ့ ဝင်ပြောတာနေမှာပေါ့ကွယ်”

“တို့ကလည်း ကိုကို့ကို အပြစ်မပြောလိုပါဘူး၊ တို့က ယုအတွက် သတိပေးချင်တာ၊ အေးစက်စက်လုပ်မနေနဲ့ ယု၊ တော်တော်ကြာ တို့အတွက်နဲ့ ယုတို့မှာ ငဝက်ဝမ်းကျ ဆိုတာမျိုး ဖြစ်နေမှာ စိုးရတယ်”

“ခိုင်ကလည်းကွယ် … အလကား ယု စိတ်ပူအောင် လျှောက်ပြောနေတယ်”

ကျွန်မ မျက်စိမျက်နှာပျက်နေသည်ကို ကိုအောင်ဆွေက သတိထားမိပုံရသည်။ တကယ်လည်း ကျွန်မရင်မှာ ဒိတ်ခနဲ ဖြစ်သွားသည်။ ဟုတ်ပါသည်။ ခိုင့်စကားမှာ အလေးအနက်ထား၍ တွေးကြည့်ဖို့ ကောင်းပါသည်။ ခိုင်တို့ လက်ထပ်သည့်သတင်းတွင် ကျွန်မ စိတ်ဝင်စားစွာ အာရုံစူးစိုက်မိခဲ့သော်လည်း သည်ဂယက်မှာ ကျွန်မတို့ဘက်သို့ ရိုက်ခတ်လာနိုင်ကောင်းသည်ဟု တစ်ခါမျှ မတွေးခဲ့မိပါပေ။ ခိုင်က အစဖော်လိုက်မှ ကျွန်မရင်ထဲမှာ လှုပ်ရှားသွားသည်။

သူ့မောင်က ပြောလိုက်သည့်တိုင်အောင် ခိုင်က အလေးအနက် ထပ်ပြောနေပြန်ပါသည်။

“ခိုင်က အကောင်းပြောနေတာ မောင်ရဲ့၊ သူတို့က ပရီဝါးက အပျိုကြီး လူပျိုကြီးတွေလို သုံးနှစ်သုံးမိုး အေးအေးဆေးဆေး လုပ်နေကြတာ၊ ပြဿနာဖြစ်လာရင် နှစ်ယောက်လုံး ခံနိုင်ရည် ရှိကြမှာလည်းမဟုတ်ဘူး၊ ခိုင်ကတော့ ရှင်းရှင်းပဲ၊ အစကတည်းက ခိုင်တို့အသိုင်းအဝိုင်းထဲကို ယု ဝင်မလာစေချင်ဘူး၊ ကိုကိုက ယုတို့ မိသားစုထဲ ရောက်ရင်တော့ သိပ်အေးချမ်းမှာပဲ”

“ကဲ … နောက်မှ စကားဆက်ပြောကြ၊ ထမင်းစားကြရအောင်”

အမေ ထမင်းစား ခေါ်၍ ကျွန်မတို့ စကားပြတ်သွားကြပါသည်။ ဧည့်သည်ဖြစ်သော ခိုင်တို့ကိုသာ စားပါသောက်ပါနှင့် လောကွတ်ပြုနေ​သော်လည်း ထမင်းဝိုင်းတွင် ဧည့်သည်စား စားနေသူမှာ ကျွန်မ ဖြစ်နေသည်။

ထစ်ခနဲ ဆိုလျှင် အဖြစ်သည်းတတ်သူပီပီ ကျွန်မရင်မှာ စိုးရိမ်စိတ်ဖြင့် တစ်ဆို့ဆို့ကြီး ဖြစ်သွားပါသည်။ ထမင်းစား မဝင်တော့ပါပြီ။

အပိုင်း(၂)ဆက်ရန်
---------------------
#ခင်လှိုင်ကြူ
ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။
Credit: သောကြာကြိုက်သောစာစုများ

image