ကံကောင်းခြင်း ဒဿန
----------
နေ့လယ်ထမင်းစားဆင်းချိန် သားတို့ကျောင်းက ဆရာမ ကျွန်မကို ဖုန်းလှမ်းဆက်တယ်။
" 'အံ့အံ့'တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဖက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"
ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့ အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။
ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်" ပြောတယ်။
အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့ အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။
"ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား...ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့"
"သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ"
နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ် ခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ကျွန်တော်တို့နဲ့ ဘောလုံးမကစားခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေးတစ်ယောက်ပါ" လို့ လေသံပြောင်းသွားခဲ့တယ်။
ညနေကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မသွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကိုတွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက်လိုက်တယ်။
"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာရခဲ့တာတောင် သူ့ကို စိတ်မဆိုးဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။
"မဆိုးပါဘူး မေမေကလည်း... သူတမင်လုပ်တာမှ မဟုတ်တာ" ကလေးငယ်ရဲ့စိတ်က အညှိုးအထေးမရှိ ဖြူစင်လွန်းခဲ့တယ်။
"ဒါပေမဲ့ အံ့အံ့သွေးတွေ အများကြီးထွက်ပြီး ဆရာမကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင်လွဲသွားတယ် မဟုတ်လား.. ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော်မရခဲ့ဘူး" ကျွန်မ မကျေမနပ်ဆိုတော့.....
"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမသိသွားတာပဲ မဟုတ်လား... ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံးကစားတဲ့ ကျောင်းသားတွေ အပြစ်ပေးမခံရတာ"
ဆိုင်ကယ်နောက်မှ ထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မကျောပေါ်ကပ်ပြီး...
"မေမေ.. သိလား... ဂျယ်ဂျယ်မှာ မေမေမရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက်တတ်တယ်။ ကံကောင်းလို့ မေမေသူ့ကို မျက်မှန်မလျှော်ခိုင်းတာ.. သူ့ဖေဖေသာသိရင် သူအရိုက်ခံရမှာ"
ကျွန်မခါးကို အံ့အံ့တင်းတင်းလေး တိုးဖက်လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေမေမေ ရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုးထဲကနေ စုပြီး ဝယ်လိုက်မယ်နော်"
အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကိုကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမိတယ်။
သားရယ်.... သားကို မေမေအားနာလိုက်တာ...
သားမလိမ္မာဘူးလို့ ဆရာမ အထင်လွဲမှာကိုပဲ မေမေတွေးခဲ့မိတယ်၊
တခြားသူကြောင့် သား ဒဏ်ရာရ နာကျင်တာကိုပဲ အမေမြင်ခဲ့မိတယ်။
သားရဲ့ "ကံကောင်းလို့" ဆိုတဲ့စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ တန်ဖိုးထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။
ကျေးဇူးတင်ပါတယ် သားရယ်....
မူရင်းလင့်-- http://office.fhjh.tn.edu.tw/m....idteach/new_page_93.
#နိုင်းနိုင်းစနေ (4/8/09)
#99sanay
Photo credit: internet

