သောတာပန်ပုဂ္ဂိုလ်များ သေပြီးနောက် ဘယ်ဘဝ ရောက်နိုင်ပါသလဲ နှင့် သောတာပန်အကြောင်း သိကောင်းစရာများ
*************************************
မင်္ဂလာပါ ဆရာတော် တပည်တော် တစ်ခုလောက် လျောက်တင်ချင်ပါတယ် တပည်တော်ကိုလျောက်ခွင်ပြုပါဘုရား။
သောတပန်တည်ပြီးသွားတဲ့အရိယာပုဂ္ဂိုလ်
တစ်ယောက်သည် နိဗ္ဗာန်ကိုမရာက်ပဲနဲ့ သေသွားရင် နောက်ဘဝကျရင် ဘာဖြစ်ပါမလဲ နောက်ဘဝကျရင်ကော ဒီလိုမျိုးသစ္စာတရားကို နာခွင့်ရနိုင်ပါ့မလား။
နိဗ္ဗာန်ကိုကော လွယ်ကူစွာရနိုင်ပါ့မလား တပည်တော်ကိုအစဉ်သနားလျက်ဖြေကြား
ပေးပါဘုရား။
(ဖြေ)
သောတာပန်အဓိပ္ပာယ်
သောတာပန်ဆိုတာ “သောတာပန္န”ပုဒ်ကနေ ပြောင်းလွဲလာတဲ့ ပါဠိမစစ် မြန်မာမစစ်တဲ့ ပုဒ်ပါ။ သို့သော် မြန်မာစကားအစစ်လို ဘာသာရေးနယ်ပယ်မှာ တွင်ကျယ်စွာသုံးနှုန်းနေကြပါတယ်။
အဓိပ္ပာယ်ကို သိသူရှိသလို မသိသူလည်း ရှိနေဦးမှာပါ။
သောတာပန်ဆိုတာနဲ့ပတ်သက်လို့ သရုပ်ပြအဘိဓာန်ကျမ်းပြုဆရာတော် ဦးသြဘာသာဘိဝံသက သုတေသနသမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှာ ဒီလိုရေးထားတာတွေ့ရပါတယ်။
ဒကာ။ ။ သောတာပန် သောတာပန်နဲ့ ခေါ်ဆိုနေကြတာ သောတာပန် ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်သဘောကို သိပါရစေ ဆရာတော်၊ ဆရာတော်က မြန်မာ ပါဠိ အဘိဓာန် ကျမ်းပြုပုဂ္ဂိုလ်မို့ မေးရတာပါဘုရား။
ဆရာ။ ။ သောတာပန်ဆိုတာ “သောတာပန္န” ဆိုတဲ့ ပါဠိက ပျက်လာတဲ့ စကားပုဒ်ပဲ၊ မဂ္ဂသံယုတ် အဋ္ဌကထာ စသည်များမှာ -
သောတံ အာဒိတော အာပဇ္ဇိံသု
ပါပုဏိံ သူတိ သောတာပန္နာ။
သောတံ = (နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးနှင့် ပြည့်စုံလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော) ရေအလျဉ်သို့။
အာဒိတော အာပဇ္ဇိံ သု ပါပုဏိံ သူတိ = ဝိပဿနာဉာဏ်အမြင်ဖြင့် စတင်၍ ရောက်ရှိနေကြကုန်ပြီ၊ ထို့ကြောင့် -
သောတာပန္နာ = သောတာပန် မည်ကုန်၏ တဲ့၊ ကဲ….အဲဒါ သောတာပန် ရဲ့ အနက်သဘောပဲ။
ဆိုလိုရင်းကတော့ အနတ္တဉာဏ်မြင် ခိုင်လုံစွာထင်ပြီး ငါစွဲကင်းစင်လျက် မဂ္ဂင်ဉာဏ်အလျဉ်ထဲ ကျရောက်ကာ ဝိပဿနာလုပ်ငန်းခွင်သို့ ဝင်ရောက်အားထုတ်တဲ့ ပုဂ္ဂိုလ်ကို သောတာပန်လို့ ခေါ်ဆိုတာပဲ၊ ကဲ….သဘောပေါက်ရဲ့လား။
ဒကာ။ ။ စူဠ သောတာပန်ကို ဆိုတာလား ဆရာတော်၊ ဘာ သောတာပန်ကို ဆိုတာလဲ၊ မကွဲပြားသေးဘူးဘုရား။
ဆရာ။ ။ အင်း….ရုပ်နာမ်နှစ်ပါးကို အကျိုးအကြောင်းနဲ့ ကျကျနန ပိုင်းခြားသိကာ ရုပ်နာမ်တို့ ဖြစ်ပျက်မှုကို မှတ်ရှုနေတဲ့ ဝိပဿ နာယောဂီဟာ စူဠသောတာပန်ပဲ။
ဉာဏ်ရင့်လို့ ဖြစ်ပျက်မှု ဒုက္ခတွေ ကုန်ဆုံးကာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်လျက် အရိယာဘက်သို့ ရောက်သွားတဲ့အခါ မဟာသောတာပန်လို့ မှတ်ရမည်တဲ့၊ ဒကာကြီးတို့က ဘာ သောတာပန်တွေမို့လဲ၊ ထပ်ခါထပ်ခါ မေးနေကြတာ။
ဒကာ။ ။ ကွဲပြားရှင်းလင်းသွားပါပြီ ဆရာတော်၊ ဒကာကြီးတို့ကတော့ စူဠနား နီးလာကြပြီ ဆိုပါတော့ ဘုရား၊ ကြိုးစားတုံးပါပဲ။
ဒါကတော့ သောတာပန်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်လို့ပါ။
သောတာပန်စုတေပြီး နောက်ဘဝကျလျှင် ဘာဖြစ်မလဲ???
သောတာပတ္တိဖလသစ္ဆိကိရိယတော ပဋ္ဌာယ ဟိ နီစကုလေ ဥပ္ပတ္တိ နာမ နတ္ထိ, မဟာဘောဂကုလေသု ဧဝ နိဗ္ဗတ္တတီတိ အတ္ထော။ (အံ၊ဋီ၊၂-၁၈၉။ သံ၊ဋီ၊၂၊၄၉၄။ ပဋိသံ၊ဋ္ဌ၊၂၊၆၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၃၁။)
အဓိပ္ပာယ်ကတော့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပြီးတဲ့ အခါကစပြီး ယုတ်ညံ့တဲ့ အမျိုးတွေမှာ ဖြစ်တယ်ဆိုတာ မရှိတော့ဘူး၊ စည်းစိမ်ပေါများတဲ့ (မဟာဘောဂကုလ) အမျိုးတွေမှာသာ ဖြစ်တော့တယ်။ လို့ ဆိုလိုတာပါ။ ဒါကတော့ သုတ္တန်တွေရဲ့ မှတ်ချက်တစ်ခုပါ၊ အင်မတန်မှ မှတ်သားစရာကောင်းလှပါတယ်။
အဘိဓမ္မာတွေမှာတော့….
သောတာပန်အရိယာများကို ဘုံအားဖြင့်ခွဲခြားရင်တော့ ကာမဘုံမှတစ်ပါး အခြားဘုံများမှာလည်း သောတာပန်အရိယာရှိနိုင်သေးပါတယ်။ ခုဒီမှာတော့ ကာမဘုံသား လူသောတာပန်အရိယာအတွက်ကိုသာ ဖြေဆိုလိုက်ပါတော့မယ်။
လူသောတာပန်မှာလည်း ဈာန်ရသောတာပန်၊ ဈာန်မရသောတာပန် လို့ (၂)မျိုးကွဲပြားသေးတယ်။
ဈာန်ရပြီး ဈာန်မလျှောပဲ စုတေလျှင်တော့ ဆိုင်ရာဈာန်တွေရဲ့ အကျိုးပေးရာ ဗြဟ္မာ့ဘုံတွေမှာ ဖြစ်ပါလိမ့်မယ်။
ဈာန်မရလျှင်တော့ ကာမသုဂတိ (လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်) (၇)ဘုံမှာ ပဋိသန္ဓေနေပါလိမ့်မယ်။
သောတာပန်ဖြစ်ပြီးသူဟာ ဒွိဟတ်ပဋိသန္ဓေ၊ အဟိတ်ပဋိသန္ဓေတွေနဲ့ ပဋိသန္ဓေမနေတော့ပဲ အရည်အသွေး စံချိန်မှီ အဆင့်အတန်းမြင့်တဲ့ တိဟိတ်ပဋိသန္ဓေနဲ့သာ ပဋိသန္ဓေနေတော့တယ်။
ဒါကြောင့် ရှေးဆရာတော်များက အရိယာတိ ကာစုတိနောင် သန္ဓိတေရ တိဟိတ်ချခဲ့။ လို့ စပ်ဆိုတော်မူခဲ့ကြတာပေါ့။
ဘာသာဋီကာမိန့်ဆိုချက်…
ဧတ္ထ ပန သောတာပတ္တိမဂ္ဂံ ဘာဝေတွာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပဟာနေန ပဟီနာပါယဂမနော သတ္တက္ခုတ္တုပရမော သောတာပန္နော နာမ ဟောတိ၊(သြင်္ဂိုဟ်ပါဠိ)
ဒီပါဠိကို သြင်္ဂိုဟ်ဘာသာဋီကာမှာ ဒီလိုလေး ရှင်းချက်ပေးထားတယ်။
ဒိဋ္ဌိရဲ့သဘော
ဤကိုယ်၌ အတ္တဟု စွဲလမ်းထင်မှတ်မှုသည် သက္ကာယဒိဋ္ဌိ မည်၏၊
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိကြီးတို့သည် ဤသက္ကာယဒိဋ္ဌိကို အရင်းခံ၍ ဖြစ်ကြရ၏၊
သို့ဖြစ်၍ ကိလေသာ(၁၀)ပါးတွင် ဒိဋ္ဌိကိလေသာသည် အရုန့်ကြမ်းဆုံးတည်း။
ဝိစိကိစ္ဆာလည်း ဒိဋ္ဌိ၏ နောက်တော်ပါးပင် ဖြစ်၏၊
ဝိစိကိစ္ဆာရဲ့လက်ချက်
တကယ့် ဘုရား တရား သံဃာကို တွေ့မြင်နေပါလျက်လည်း ယုံမှားတုန်းပင် ဖြစ်၏၊ ပစ္စုပ္ပန်လောက တမလွန်လောကတွင် ကျင်လည်နေရ ပါလျှက်လည်း ထိုလောတွေကကို ယုံမှားနေ၏၊ ပဋိစ္စသမုပ္ပါဒ်တရားများ၌လည်း ယုံမှား၏၊
ဒိဋ္ဌိဝိစိကိစ္ဆာအမြစ်ဖြတ်
သောတာပန်အလောင်းအလျာ ဖြစ်သူတို့ကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းလောက်ကပင် ဤဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အတော်များစွာ ပယ်ခွာ၍ ရုပ်နာမ်ခန္ဓာ သံသရာ၏ အကြောင်းကို ကောင်းကောင်းကြီး ရိပ်မိခဲ့ရကား သောတာပတ္တိမဂ်ခဏ၌ ဤဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အနုသယဓာတ် အကတ်အသတ်ကလေးကိုမျှ မကျန် အောင် ရှင်းလင်း သုတ်သင့်လိုက်ကြပေသည်။
ဘာကြောင့်အပါယ်မကျတာလဲ
ပဟီနာပါယဂမနော။ ။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်လိုက်သဖြင့် အကုသိုလ်စိတ် (၁၂)ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်များ မဖြစ်ကြတော့ပြီ၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ဒေါသမူ ဥဒ္ဓစ္စသဟဂုတ်စိတ်(၆)ပါးကား ဖြစ်ခွင့်ရှိသေး၏၊
သို့သော် ထိုအကုသိုလ်များ၏ အပါယ်ကျစေနိုင်လောက်သော သတ္တိအင်းအားကိုလည်း ပယ်ရှား ချိုးဖျက်လိုက်ပြီ၊ သို့ဖြစ်၍ သောတာပန်ပုဂ္ဂိုလ်၌ ဣဿာ မစ္ဆရိယ အစရှိသော အကုသိုလ်အကြမ်းစားတို့ မဖြစ်နိုင်တော့ပြီ၊ (အဋ္ဌသာလိနီ နိက္ခေပ ကဏ္ဍကြည့်၊)
သောတာပန် မဖြစ်မီက ပြုခဲ့သော အပါယ်ရောက်ကြောင်း မကောင်း မှုများ ရှိကြပေဦးလတ္တံ့၊ ထိုမကောင်းများသည် သူတို့ချည်းသက်သက် အပါယ် မချနိုင်။
အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်အဖော်ရမှသာ အပါယ်ချနိုင်၏၊
သောတာ ပန်ပုဂ္ဂိုလ်၏ သန္တာန်၌ အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်တို့ကား အပါယ်၌ တွယ်ကပ် နိုင်သော အစွမ်းသတ္တိ မရှိကြတော့ချေ၊
ထို့ကြောင့် သောတာပန် မဖြစ်မီက ပြုခဲ့ပြီးသော အပါယ်ရောက်ကြောင်း မကောင်းမှုများလည်း အပါယ်မချနိုင်တော့။
ကြားဖြတ်ပြီးပြောလိုက်ဦးမယ်
သြင်္ဂိုဟ်ဘာသာဋီကာရဲ့စကားထဲ ကြားဖြတ်ပြီး ပရိတ်ကြီးနိဿသစ်(သပြေကန်ဆရာတော်)ရဲ့ အဆိုအမိန့်ကလေး ထည့်လိုက်ပါဦးမယ်။ ဆရာတော်က ဒီလိုမိန့်တော်မူတယ်။
ကိလေသာရှိလျှင် ကံဖြစ်မြဲတည်။
ကံဖြစ်လျှင်လည်း အကျိုးရုပ်နာမ် ဟူသော ဝိပါက ဖြစ်ရမြဲတည်။ သို့ဖြစ်လျှင် ကမ္မဝဋ်ကား ဝိပါကဝဋ်၏ မူလအခြေခံဖြစ်၏။ ဝိပါကဝိဋ် ကင်းလွတ်ရေးဝယ် ကမ္မဝဋ်ကို ပယ်ရှားနိုင်မှ ဖြစ်၏။
ဒီစကားအရ အပါယ်ရောက်စေနိုင်တဲ့ကံကို ထောက်ပံ့နေတဲ့ ကိလေသာကို ဖြတ်လိုက်လျှင် အပါယ်ကနေလွတ်မြောက်သွားနိုင်တယ်။ အဓိကက ကံကိုဖြစ်စေနိုင်တဲ့ ကိလေသာတွေကို ဖြတ်ပြစ်ရမယ်။
ကိလေသာအားလုံးကို ဖြတ်ပစ်လျှင် ကုသိုလ်အကုသိုလ်လို့ မခေါ်ရတော့ပဲ ကြိယာဆိုတဲ့ အမည်တစ်မျိုးနဲ့ခေါ်ပုံကို အဘိဓမ္မာတွေမှာလာပါတယ်။ ဘဘာသာဋီကာ စကားပြန်ဆက်လိုကြစို့…။
နိဗ္ဗာန်ကိုလွယ်ကူစွာရနိုင်မလား
သောတာပန် ဖြစ်ပြီးနောက် အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေနေဖွယ် ရှိတော့၏၊ ခုနစ်ဘဝ ပဋိသန္ဓေ နေပြီးလျှင် ဧကန် ရဟန္တာ ဖြစ်မည်-ဟူလို၊
ထင်ရှားစေအံ့-ပုထုဇဉ်ဘဝမှာပင် ပါရမီအခြေခံ ကောင်းသူသည် တဖြည်းဖြည်း စဉ်းစားဉာဏ် ရင့်ကျက် သူတော်ကောင်းစိတ်ဓာတ်များ တိုးပွားလေ့ရှိ၏၊ ပျော်မှု ပါးမှု ကိစ္စနှင့် ကြုံရသော်လည်း ငြီးငွေ့သော သံဝေဂ ဉာဏ် ထက်သန်တတ်၏၊
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အလောင်းတော်နှစ်ပါးသည် ပွဲလမ်းသဘင်ကို ရှုစားရာမှ သံဝေဂရ၍ လူ့ဘောင်ကို ခွာရှောင်တော်မူခဲ့ကြ၏။
ဤသို့လျှင် ပါရမီအခြေခံ ထက်သန်သော ပုထုဇဉ်များ၌ပင် စဉ်းစားဉာဏ်တိုးပွား၍ သံဝေဂ ဉာဏ် ရင့်သန်လေ့ရှိပေရကား ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် ရုန့်ကြမ်းသော အကုသိုလ်ဓာတ်ကို ဖြတ်တောက်ပြီးသော သောတာပန်မှာ ဆိုဖွယ် မရှိပြီ။
လောကီအာရုံ ကာမဂုဏ်၌ ပျော်ချင်တိုင်းပျော်၊ ပေါင်းအဖော် မသူတော်တို့နှင့် တွေ့ချင်တိုင်း တွေ့၊ သိုလ်တရားဝယ် မေ့နိုင်သမျှ မေ့နေစေကာမှု သံသရာ၌ ငြီးငွေ့ရင်းစွဲဖြစ်သော ဓာတ်ခံသာကား အမြဲတိုးပွားရင့်သန်နေမည်သာ ဖြစ်သောကြောင့် သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့က တိုးလာတိုင်း အကုသိုလ် အနုသယဓာတ်တို့ ဆုတ်ယုတ်ကြရတော့သည်၊ ထို့ကြောင့် “ဘုသံ ပမတ္တာ န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ”ဟု ရတနသုတ်၌ ဟောတော်မူသည်။
သပြေကန်ဆရာတော်ကြီးမိန့်ဆိုချက်
ကာမရာဂမကွာသေး၍ လူ့စည်းစိမ် နတ်စည်းစိမ်များဖြင့် အမေ့ကြီး မေ့လျော့နေစေကာမူ ထိုလက်စကလေးများ(သင်္ခါရတရားတို့၌ ငြီးငွေ့သောဉာဏ်များ)ကို ပြန်ဖော်လိုသောအခါ လွယ်ကူစွာပင် ဖော်နိုင်တော့သည်။ ရပြီးစာ မေ့နေ၍ ပြန်ကျက်သောအခါ လွယ်သကဲ့သို့ လည်းကောင်း၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဈာန်လျှောကွယ်ပခဲ့ရသူမှာ ပြန်အားထုတ်လျှင် အလွယ်ပင် ရသကဲ့သို့လည်းကောင်း မှတ်အပ်၏။
(၇)ခုမြောက်ဘဝ၌ ရဟန္တာမဖြစ်မီ အမှတ်တမဲ့ ဓားစသည် ခုတ်သတ်၍ (မိုးကြိုး ဦးခေါင်းကိုပစ်၍ဖြစ်စေ၊ ရေနစ်၍ဖြစ်စေ) ရုတ်တရက် စုတေစေရစေကာမူ ထိုမျှ တိုတောင်းလှသော ကာလအတွင်းမှာပင် ရဟန္တာဖြစ်၏။ ရဟန္တာမဖြစ်ပဲ စုတိရိုး ထုံးစံ မရှိဟု ဉာဏဝိဘင်္ဂဋ္ဌကထာ အဋ္ဌာနဝိဘင်း အဖွင့်(၄၁၁)တွင်လာသည်...တဲ့။
သတ္တမေ ဘဝေ သဗ္ဗကာရေန ပမာဒဝိဟာရိနောပိ ဝိပဿနာဉာဏံ ပရိပါကံ ဂစ္ဆတိ။ အပ္ပမတ္တကေပိ အာရမ္မဏေ နိဗ္ဗိန္ဒိတွာ နိဗ္ဗုတိံ ပါပုဏာတိ။ သစေပိ ဟိဿ သတ္တမေ ဘဝေ နိဒ္ဒံ ဝါ ဩက္ကမန္တဿ, ပရမ္မုခံ ဝါ ဂစ္ဆန္တဿ, ပစ္ဆတော ဌတွာ တိခိဏေန အသိနာ ကောစိဒေဝ သီသံ ပါတေယျ, ဥဒကေ ဝါ ဩသာဒေတွာ မာရေယျ, အသနိ ဝါ ပနဿ သီသေ ပတေယျ, ဧဝရူပေပိ ကာလေ သပ္ပဋိသန္ဓိကာ ကာလံကိရိယာ နာမ န ဟောတိ, အရဟတ္တံ ပတွာဝ ပရိနိဗ္ဗာတိ။ [အဘိ၊ဋ္ဌ၊၂၊ ၄၁၁။ ]
လိုရင်းမှတ်ကြစို့
ဒီစကားတွေကို ထောက်ပြီး လိုရင်းမှတ်ကြပါစို့၊ သောတာပန်ဟာ နောက်ဘဝတွေမှာ မြင့်မြတ်တဲ့အမျိုးမှာ၊ အရည်အသွေးမီ အဆင့်အတန်မီတဲ့ ပဋိသန္ဓေမျိုးမှာ ဖြစ်တယ်။ တရားထူးကိုလည်း လွယ်ကူစွာရနိုင်တယ်လို့ သတ်မှတ်ရတော့မှာပေါ့။ သောတာပန် အမျိုးအစားတွေကိုတော့ ရှည်သွားတဲ့အတွက် လျစ်လျူရှုလိုက်ရပါတော့တယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ…
(မူလရေးသားသူ ဖြေကြားသူဆရာတော်အမည်
မပါရှိပါသဖြင့် ဖြေကြားပေးသူဆရာတော်အား
ဤ page မှာပဲ ဤ post ဖြင့် ပူဇော်ပါဘုရား)
ရနံ့စံအိမ် website
မှတဆင့်
Credit -Buddha Dhamma Sangha #dhamma #shwechat

