စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ
“အရဟံစေတီ” နေ့တိုင်း တည်ပါ။
”…”…”…”…”…”…”…”…”…”…”;…”;…”;
အရဟံဂုဏ် ပွားနေရင် ကိုယ့်ရင်ထဲမှာ
“အရဟံ စေတီ” တည်လိုက်တာပါ။
အောက်ခြေပလ္လင်ကို
“သီလ”နဲ့တည်ပါမယ်။
အလယ်ပစ္စယံ အထက်ပစ္စယံကို
“ဂုဏ်တော် ဘာဝနာ” နဲ့ တည်ပါမယ်။
ထီးတော်ကိုတော့ “ဝိပဿနာ” နဲ့
တင်လိုက်မယ်ဆိုရင်
ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ
အရဟံ စေတီတစ်ဆူ ရှိနေတော့တာပါ။
ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်ထားရင်
ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို
အများကလည်း ကြည်ညိုရတာ
အကျိုးရှိ ပါတယ်။
အပြင်မှာလည်း ကုသိုလ်ဖြစ်ဖို့အတွက်
စေတီတည်ရမှာပါပဲ။
ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက
ပိုက်ဆံရယ် လူအင်အားရယ် မြေရယ်
အချိန်ရယ် အများကြီး ပေးရပါတယ်။
ရင်ထဲက အရဟံ စေတီကတော့
"ဘုရားကို ကြည်ညိုစိတ်ရယ်
အချိန်တစ်ခု” ရယ်ပါပဲ။
အလုပ်လုပ်ရင်း တည်မယ်ဆိုရင်
အချိန်တောင် သီးခြားမကုန်ပါဘူး။
အပြင်မှာ စေတီမတည်နိုင်လို့
ဘာမှအားငယ်စရာ မလိုပါဘူး။
ရင်ထဲမှာ အရဟံစေတီ တည်ပြီး
“ကုသိုလ်”ယူလို့ ရပါတယ်။
စေတီတည်ပြီးတဲ့အခါ
ထီးတော်တင်ပွဲဆိုပြီး
အိမ်မှာ ဘုန်းကြီးပင့် ဆွမ်းကပ်
လူဧည့်သည် တွေကို
ဧည့်ခံလို့ ရပါသေးတယ်။
ဧည့်သည်တွေက
စေတီဘယ်မှာလဲဆိုရင်
ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။
ဘယ်လို တည်သလဲလို့ မေးလာရင်
တည်ပုံ တည်နည်းတွေကို
ပြောပြလိုက်ရင်
ဓမ္မဒါန ကုသိုလ်တောင်
ထပ်ရပါသေးတယ်။
ဘာပဲပြောပြော ရင်ထဲမှာ အရဟံ စေတီ
တည်ထားရင် စိတ်အေးချမ်းနေတာပါပဲ။
စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ
“အရဟံစေတီ”နေ့တိုင်း တည်နေဖို့ပါပဲ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
🙏🙏🙏
Credit to ဓမ္မရတနာ

