" ကောင်းကင်သွား တောလား "

(၁)

နံနက်ခင်းသည် လောကကိုသာမဟုတ်ပဲ လူကိုပါ လင်းစေ၏ ။ ဖတ်လက်စ ကျမ်းစာအုပ်များကို ပိတ်လိုက်သည် ။ အဝေးဆီမှ ခေါင်းလောင်းထိုးသံ သဲ့သဲ့ကြားရ၏ ။ ချိုမြသော နှုတ်ဆက်အားပေးသံများဟု ရဟန်းနားလည်သည် ။ ထိုသိုဖြင့် ခရီးကို စထွက်ခဲ့လေသည် ။

(၂)

တောင်ကြားလမ်းတစ်နေရာမှ ကြည်လင်သော ချောင်းကွေ့ချောင်းကောက်ကလေးတစ်စင်း စီးဆင်းနေသည် ။ တဝုန်းဝုန်းနှင့် ရေစီးသန်လှသောကြောင့် လှပသော်လည်း ကြောက်မက်ဖွယ်ရာ ဖြစ်နေ၏ ။ စပယ်ပွင့်ဖြူများထံမှ ထစ်ချုန်းသံကြားရသလိုပင် ရဟန်းထင်မြင်မိလေသည် ။

(၃)

" ရဟန်းလေး ... ဒီချောင်းက ဘယ်ကိုသွားတာလဲ "

" ဒါ ... ချောင်းလား "

" ဟုတ်တယ်လေ ... ဒါချောင်းပေါ့ "

" ချောင်းဆိုရင်တော့ မြစ်ရှိရာ သွားမှာပေါ့ "

(၄)

မုဆိုးက ဒေါသမျက်နှာနှင့်ကြည့်ပြီး လှည့်ထွက်သွားလေသည် ။ ချောင်းကို အနံ့ခံပြီး မြစ်ကိုပစ်ခတ်ခြင်း မရှိသည့်အတွက်သာ ကျေးဇူးဆိုဖွယ်ရာ ရှိပါတော့သည် ။ ပင်လယ်တွေ စီးဆင်းမြဲ စီးဆင်းကြပါစေ ။

(၅)

" တပည့်တော်ကို ကယ်ပါဦး "

အပြစ်သားက ရဟန်းကို ဦးချစဉ် အာဏာသားက ဝင်ပြော၏ ။

" သူက မခုတ်ရမယ့် သစ်ပင်တွေကို လျှောက်ခုတ်တယ် "

" ဆောင်းရာသီမို့ အနွေးဓာတ်လိုလို့ပါ ။ ထင်းအတွက် ခုတ်မိတာပါ အရှင်ဘုရား ... တပည့်တော်ကို ကယ်ပါ "

(၆)

" ပူအိုက်တဲ့ နွေရာသီမှာ ဒီသစ်ပင်တွေက အရိပ်ပေးမှာကိုရော မတွေးမိဘူးလား ၊ မျက်လုံးနှစ်လုံးရှိပြီး ဘာဖြစ်လို့ တစ်လုံးတည်းနဲ့ ကြည့်ရတာလဲ "

ရဟန်းက မျက်လွှာချ၍ ထိုသို့ပြောသောအခါ သူတို့အားလုံး ငြိမ်သက်သွားကြသည် ။

(၇)

" မကယ်နိုင်တာကို ခွှင့်လွှတ်ပါ ၊ ဗုဒ္ဓလမ်းစဉ်ကို နားလည်ပါ ။ ဗုဒ္ဓဟာ ကယ်တင်ရှင် မဟုတ်ဘူး ။ ဗုဒ္ဓဟာ လမ်းညွှန်သင်ကြားသူ ဆရာသာဖြစ်ပါတယ် ။ ကိုယ့်ကိုယ်ကို ကယ်မှရမယ် "

သူတို့ကို ဥပေက္ခာပြုပြီး ရဟန်းလည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့လေသည် ။

(၈)

တရုတ်ဒဿနပညာရှင် ဝိန်းရန်မင်း၏ ကဗျာတစ်ပိုဒ်ကို ရဟန်းက ရေရွတ်လိုက်သည် ။ " ဣစ္ဆာသယ သိုလှောင်အိမ်ကြီးကို လွှင့်မပြစ်လိုက်ပါနဲ့ ပြီး ... အဝင်လမ်းမှာ လာရပ်နေရတဲ့ ခွက်ကိုင် သူဆင်းရဲတွေကိုလည်း အတုမယူပါနဲ့ ... "

(၉)

ခေတ္တအားဖြင့်တော့ အခြားသော လမ်းသွားလမ်းလားများလို ရဟန်းလည်း ငေးရပ်ကြည့်မိသည် ။ ( အံသြစရာတော့ မဟုတ်ပါ ) သူကြွယ်တစ်ဦးဖြစ်၏ ။ သူပိုင်ဆိုင်သော စပါးကျီကြီးရှေ့တွင် ရပ်ကာလာသမျှလူထံမှ ... ရသမျှ အကူအညီကို အော်ဟစ်တောင်းခံနေသည် ။ ပါးစပ်ကို ခွက်အဖြစ် တပ်ဆင်ထားသော သူဆင်းရဲကြီးပမာ ရှိနေလေသည် ။

(၁၀)

သူ့တွင် မျက်လုံးနှစ်လုံးရှိသည် ။ နှစ်ခုစလုံးနှင့် ကြည့်သည် ။ သို့သော် ... ဘာမှမမြင်သူ ဖြစ်သည် ။ ဥစ္စာဓန၏ ညှို့ငင်မှု ၊ ရုပ်ဝတ္ထုများ ၏ အိပ်မွေ့ချမှုကို ခံထားရသူဖြစ်သည် ။

" ရဟန်း ၊ ကျုပ်ကို အိပ်မက်ကောင်းတွေ ပေးပါ "

ကောင်းသောစိတ်နဲ့ အိပ်ရာဝင်ပါ ဒကာ ... ၊ အိပ်မက်တင်မဟုတ်ပဲ နံနက်ခင်းကပါ ကောင်းနေပါလိမ့်မယ် "

(၁၁)

စကားလက်ဆုံကျနေသော အဖိုးအိုနှင့် လူငယ်ကိုကြည့်ကာ မြို့စား ၊ ရွာစားနှင့် လယ်သမားတို့ ဝေဖန်သုံးသပ်ကြ၏ ။ " လူငယ်က ... အနာဂတ်အတွက် ပြင်ဆင်နေတယ် " ဟု မြို့စားက ပြောသည် ။

" အဖိုးအိုက အတိတ်ကို ဖြည့်စွက်ကြိုးစားနေတယ် "ဟု ရွာစားက ပြောသည် ။

(၁၂)

" မိုက်လိုက်တာ ... အမှန်တော့ လူဆိုတာ ပစ္စုပ္ပန်ပဲနေရမှာ " ဟု လယ်သမားက ပြောသည် ။ ရဟန်းက အေးချမ်းစွာ ပြုံးမိလေသည် ။ အမြင် ' နယ် ' ကျယ်ဝန်းမှုအရသာ ပြောရလျှင် လယ်သမားသည် နယ်စားကြီးပင်တည်း ။

(၁၃)

" မင်းဟာ ... ' ရေ ' ... ပဲ "

သစ်ပင်အောက်တွင် တည်ငြိမ်စွာ သမထထိုင်နေသော လူငယ်က ရဟန်း၏ စကားကြောင့် မော့ကြည့်သည် ။

" အရှင် ... ဘာပြောလိုက်တာလဲ "

ရဟန်းက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်၏ ။

" အခုတော့ ... မင်း ... ' လှိုင်း ' ဖြစ်သွားပြီ ... "

(၁၄)

ဝမ်းသာအားရ အော်ဟစ်သံများ ၊ ဝမ်းနည်းကြေကွဲ ငိုသည်းသံများနှင့်အတူ ဓားပြိုင်ပွဲကြီး ပြီးသွားပြီ ။ ပြိုင်ဆိုင်ခဲ့သော မြေစည်းဝိုင်းကိုသော်လည်းကောင်း ၊ စိုက်ကျန်ရစ်သော ဓားတစ်လက်ကိုသေည်လည်းကောင်း ရဟန်းကြည့်မိ၏ ။

(၁၅)

ဓားမှာသော်လည်းကောင်း ၊ မြေစည်းဝိုင်းမှာသော်လည်းကောင်း ဘာမှမရှိ ။ ဝမ်းသာမှုလည်း မရှိ ၊ ဆုံးရှုံးမှုလည်း မရှိ ၊ ဘာမှမရှိ ဘာမှမရှိ ၊ ဘာမှမရှိ ... ။

(၁၆)

တောလမ်းက ရှည်လျှားပြီး ကြမ်းတမ်းသည် ။ မြင်းစီးလာသူ တစ်ဦးက မေး၏ ။

" ငါ့ရှင်က ရဟန်းလား "

" မဟုတ်ဘူး ... ငါဟာ သူခိုးဖြစ်တယ် "

" ဘယ်လို သူခိုးလဲ "

" ဗုဒ္ဓရဲ့ ကျင့်ကြံမှုကို အတုခိုးနေတဲ့ သူခိုးပေါ့ ... "

(၁၇)

တောင်တက်လမ်းသည် ကောင်းကင်ကို နွယ်ထားသော နဂါးငွေ့တန်းပမာ ... မြူခိုးတို့ဖြင့် ဝိုးဝါးမှိုင်းပြာနေသည် ။ စိုစွတ်သော ညနေရီမှုံတို့ကို သတိတရားဖြင့် ရဟန်းကြည့်မိ၏ ။ သိမ်ငယ်လှသော ကျောက်တောင်ကုန်းလေးကို တီးတိုးမေးလိုက်၏ ။

" တောင်ကုန်းကလေးရေ ... မင်းဆီမှာ ပန်းတွေလည်း မပွင့်ပါလား "

(၁၈)

တောင်ကုန်းကလေးက ခပ်အုပ်အုပ် ပြန်ဖြေ၏ ။

" အရှင်ဘုရားဟာ ... ကျွန်တော်မျိုးဆီမှာ လာပွင့်တဲ့ ပန်းပေါ့ "

ဟုတ်သည် ။ သူသည် ကျောက်တောင်ကုန်းမှာပွင့်သော ပန်းဖြစ်သည် ။ သူနှင့် သဘာဝတရားတို့ တစ်သားတည်းဖြစ်ကြပြီး သဘာဝတရားနှင့် တစ်သားတည်းဖြစ်ခြင်းသည် ဓမ္မနှင့်အတူနေခြင်းလည်း ဖြစ်သည် ။ ရဟန်းက မျက်လွှာချပြီး ငြင်သာစွာ ရွတ်ဆိုလိုက်သည် ။

" ရောက်လုပါပြီ "

#တာရာမင်းဝေ

ဆရာတာရာမင်းဝေ၏ မျဉ်းဖြောင့်၏ဧရိယာ စာအုပ် စာနှာ ၁၉ -၂၆ မှ တဆင့်ကူးယူ ရေးသား ပြန်လည် မျှဝေပါသည်

Creadit မောင်ချမ်း ( ခရမ်းပြာ )

image