အမှောင်လွှမ်းသည့် အလင်းမျှင်
မောင်သုဆွေ(သပြေရုံ)
လောကသားတို့သည် ထာ၀ရ ဆိုးနေသည်မဟုတ်။ စိတ်ကောင်းရှိသည့်အခါလည်း ရှိနေတတ်၏။ နှလုံးသွင်းမှု မမှန်ကန်၍ ပတ်၀န်းကျင်၏ ရိုက်ခတ်မှု၊ အရောင်ဆိုးမှု ခံရသောအခါ အဖြူရောင်နှလုံးသားသည် ပျက်ပြယ်သွားရပြန်သည်။ ငုပ်ကွယ်နေသော အလိုဆိုး သည် ငုပ်လျှိုးရာမှ ဦးထောင် ခေါင်းမော့လာလေသည်။
ဗုဒ္ဓမြတ်စွာဘုရား အနုပိယ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ်မှာပင် ဒေ၀ဒတ္တမင်းသားသည် ဘဒ်္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ကိမိလ၊ ဆတ္တာသည်၊ ဥပါလိ တို့နှင့်အတူ ရဟန်းပြုခဲ့သည်။ ဒေ၀ဒတ္ထမင်းသားလည်း စိတ်ကောင်းနှလုံးကောင်း ရှိသူပီပီ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်အတွင်းသို့ စိတ်ပါလက်ပါ ၀င်ခဲ့သူဖြစ် လေသည်။ သိမ်လည်း သိမ်မွေ့သည်။ ရဟန်းကျင့်၀တ်နှင့် အညီ ကျင့်ကြံကြိုးစားခဲ့သည်။ ကြိုးစားအားထုတ်၍ လည်း စျာန်သမာပတ်နှင့် အဘိညာဉ်ပါ ရခဲ့လေသည်။ နန်းတော်ထဲမှာ မွေးဖွားသော ဘုရင့်သားတော်၊ စျာန် အဘိညာဉ်ရ ရဟန်းတစ်ပါး၊ ဗုဒ္ဓမြတ်စွာဘုရားနှင့် ညီအစ်ကိုတော် စသည် စသည် ဖြစ်ခဲ့ရခြင်းဖြင့် အရှင်ဒေ၀ဒတ် အစကောင်းခဲ့သည်။ အရှင့်ဘ၀လည်း ချမ်းချမ်းမြေ့မြေ့ ရှိခဲ့သည်။
ဘ၀ပင်လယ်ပြင်ဟူသည် ထာ၀ရ ငြိမ်သက်နေ သည် မဟုတ်သေး။ ပတ်၀န်းကျင်ဟူသော လေမုန်တိုင်း ဒဏ်ခံရသောအခါ ဘ၀မျက်နှာပြင်လည်း ဒီရေလှိုင်း ထန်၍ လှုပ်ခတ်ရပြန်သည်။ သက်သက်သာသာ လှုပ်ခတ်သည်တော့ မဟုတ်၊ နှလုံးသွင်းခံယူမှု အားနည်း သည် များသည်ကို မူတည်ပြီး ခံစားမှု အပြင်းအပျော့ ဖြစ်ရသည်။
အရှင်ဒေ၀ဒတ်ထေရ်၏ ပြည့်စုံမှုမျိုးစုံသည် အရှင်ဒေ၀ဒတ်ထေရ်အား လောကဓံလှိုင်းကြားသို့ တွန်းပို့ လိုက်သလို ဖြစ်နေသည်။ ရင်နာဖွယ်လည်း ကောင်း၏။ သနားစရာလည်း ကောင်း၏။
အရှင်ဒေ၀ဒတ်ထေရ်သည် ရခဲလှသော ရဟန်း ဘ၀ကို ရခဲ့သူ ဖြစ်သည်။ ရေပြင်ကို မြေအသွင် လမ်းလျှောက်နိုင်သည်။ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင် သည်။ မြေကိုလည်း သျှိုးနိုင်သည်။ မိုးသို့လည်း ပျံနိုင်သည်။ တောင်စဉ်ခုနစ်ထပ်ကို ဖောက်နိုင်သည်။ လူတစ်ကိုယ်မှ ကိုယ်ပေါင်း အရာအထောင်ထိ ဖြစ်လာ အောင် ဖန်တီးနိုင်သည်။ ယနေ့ခေတ် လူအထင်ကြီး အောင် လုပ်ပြတတ်သူများထက် အဆပေါင်း များစွာ သာအောင် ဖန်တီးနိုင်သော အရှင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရား ကောသမ်္ဗီမြို့၌ သီတင်းသုံးစဉ် ကလည်း မြို့သူမြို့သားအားလုံးက ဘုရားရှင်နှင့်တကွ၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာ ကဿပ၊ အရှင်ဘဒ်္ဒိယ၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာ စသည်တို့အား ရင်းရင်းနှီးနှီး မေးကြလျှောက်ကြသည်။ ၀မ်းပန်းတသာ နှုတ်ဆက် စကားဆိုကြသည်။ ပစ္စည်းမျိုးစုံ လှူဒါန်းကြသည်။
အရှင်ဒေ၀ဒတ်ကိုမူ တရင်းတနှီးပြောဆိုဆက်ဆံသူ လှူဒါန်းသူ နည်းပါးသည်။ ထို့ကြောင့်လည်း အရှင် ဒေ၀ဒတ်မှာ လာဘ်လာဘနည်းပါးနေသည်။ အရှင်ဘဒ်္ဒိယ၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာတို့ကဲ့သို့ သကျ သာကီ၀င် မင်းသားပင်ဖြစ်သော်လည်း ဒကာ ဒကာမ တို့၏ အသိအမှတ်ပြုခြင်း မခံရသကဲ့သို့ ဖြစ်နေသည်ကို အရှင်ဒေ၀ဒတ် မခံစားနိုင်။
အရှင်၏ ပြည့်စုံမှုမျိုးစုံသည် လတ်တလော ခံစား နေရသည့် မပြည့်စုံမှုများအား အကျင့်မှား အကြံမှား ပြုလုပ်စေသည်အထိ တွန်းအားပေးနေသည်။ အရှင်ဒေ၀ဒတ် ပိုင်ဆိုင်သည်မှာ လောကီစျာန်ဖြစ်သည်။ စျာန် အဘိညာဉ်ရ ပုဂ်္ဂိုလ်ပီပီ စျာန်ကစားရန် ဉာဏ်များ ကြံသည်ထိ လာဘ်လာဘရရန် အောက်လမ်းနည်း သုံးခဲ့သည်။
+ + +
အရှင်ဒေ၀ဒတ် အကြံအစည်မှာ သာသနာတော် အတွက် မဟုတ်။ ဒကာ ဒကာမများအတွက်လည်း မဟုတ်။ သူ့အတွက်ထုတ်သော အကြံဖြစ်၏။ ဗုဒ္ဓ မြတ်စွာဘုရား ပေါ်ထွန်းလာခဲ့၍ ဒါယကာ ဒါယိကာမ တို့ကလည်း ဘာသာရေး အသိအမြင်များရရှိကာ ဝါ၀ါမြင်တိုင်း ရဟန်းဟု မသတ်မှတ်တော့။ ကောသမ်္ဗီ ပြည်သူပြည်သားတို့သည် ဘာသာ သာသနာပေါ် စိစစ်ဝေဖန်တတ်လာသောကြောင့် ဘုရားစစ်ဘုရားမှန်၊ တရာစစ်တရားမှန်၊ သံဃာစစ်သံဃာမှန် ရွေးချယ်တတ်လာခဲ့သည်။ ပို၍ဆိုးသည်မှာ လှူသင့်သူနှင့် ပို၍လှူသင့်သူကို ခွဲခြားနားလည်လာခြင်း ဖြစ်၏။ ဘာသာရေးခေါင်းဆောင် တစ်ယောက်အနေနှင့် ဒါယကာ ဒါယိကာမများအတွက် ၀မ်းသာစရာ အနေအထားဖြစ်သော်လည်း အရှင် ဒေ၀ဒတ် ၀မ်းမသာနိုင်။ ထိုအခြေအနေသည် သူ၏ လာဘ်လာဘ ရှားပါးမှုကို မကုစားနိုင်၍ဖြစ်သည်။ သားပိုင်လျှင် သားဒုက္ခ၊ မယားပိုင်လျှင် မယားဒုက္ခ၊ ကားပိုင်လျှင် ကားဒုက္ခ ခံရသကဲ့သို့ လောကီ စျာန်ပိုင်၍ လောကီစျာန် ဒုက္ခသည် အရှင်ဒေ၀ဒတ်အား လက်ယပ်ခေါ်နေပါတော့သည်။ ပါးနပ်သော အရှင်ဒေ၀ဒတ်သည် အရာရာကို နားလည်နိုင်စွမ်းရှိသူ ဖြစ်သည်။ ကောသမ်္ဗီသည် သူ့အတွက် အဆင်မပြေနိုင်မှန်းသိသည်။ ရာဇဂြိုဟ်ပြည် သို့ ပြောင်းရွှေ့သီတင်းသုံးသည်။ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်မှာ ဗိမ်္ဗိသာရဖြစ်သည်။ သောတာပန် ဘုရင်ကြီး ဖြစ်၍ အရှင်ဒေ၀ဒတ် အသုံးချ၍မရ။
မင်းကြီး၏သားတော် အဇာတသတ်သည် ငယ်ရွယ်သူဖြစ်၏။ အတွေးအမြင် နုနယ်သည်။ စိတ်ထင်တိုင်း လုပ်တတ်သည့်အရွယ်မို့ အသုံးချခံအဖြစ် ရွေးချယ်ရင်း တော်သည် မတော်သည်၊ သင့်သည် မသင့်သည်ကို မစဉ်းစား။ လာဘ်လာဘ ရရှိရေးအတွက် မဖွယ်မရာ စျာန်ကစားပါတော့သည်။ အရှင်ဒေ၀ဒတ်သည် လူငယ်လေးတစ်ဦးအဖြစ် ဖန်ဆင်းသည်။ လက်နှစ်ဖက် ခြေနှစ်ဖက်တို့၌ မြွေကြီး လေးကောင် လည်ပင်း၌တစ်ကောင်၊ ခေါင်းမှာလည်း တစ်ကောင်၊ အခြားမြွေကြီးတစ်ကောင်ကို ပခုံးပေါ် တင်ထားသည်။ မြင်ရုံနှင့်ပင် အထိတ်တလန့် တအံ့တသြ ဖြစ်လောက်အောင် ဖန်ဆင်းပြီး ကောင်းကင်မှ သွား၍ အဇာတသတ် မင်းသားလေး၏ ရင်ခွင်ထဲသို့ ဗြုံးခနဲ သက်ဆင်းသည်။
အရှင်ဒေ၀ဒတ်နှင့် ရဟန်းပြုဖော်ပြုဖက်များသည် တရားအသီးသီးကို ရရှိခဲ့ကြပြီးဖြစ်သည်။ အချို့ ကိုယ်တော်က ဝိဇ္ဇာသုံးပါး၊ အချို့ ဒိဗ္ဗစက္ခု၊ အဘိညာဉ်၊ အချို့က ရဟန္တာဖြစ်ကုန်ကြလေပြီ။ အရှင်ဒေ၀ဒတ် တစ်ပါးတည်းသာ လောကီအဘိညာဉ်၌ ပျော်မွေ့ရင်း မဂ်လမ်းဖိုလ်လမ်းကို မေ့လျော့နေသည်။ အရှင် ဒေ၀ဒတ်၏ အကြံအဖန် တန်ခိုးပြမှုသည် သူ့အတွက် တော့ အမှန်အကန် ဖြစ်သွားသည်။ ရင်ခွင်ထဲရောက်လာ သော ဖန်ဆင်းရုပ်ကြောင့် အဇာတသတ်မင်းသား ထိတ်လန့်သွားသည်။
““အသင်ဘာလဲ၊ လူလား နတ်လား””
““ငါဟာ ရဟန်းတစ်ပါးပဲ၊ လူလည်းမဟုတ်ဘူး၊ နတ်လည်း မဟုတ်ဘူး””
““ရဟန်းဆိုရင်လည်း ရဟန်းအသွင်ပဲ ပြတော်မူပါ ဘုရား၊ မြွေတွေကလည်း အခုပဲ ထကိုက်တော့မယ့် အတိုင်းပါဘုရား””
မင်းသား လန့်သွားမှန်းသိတော့မှသာ ဖန်ဆင်းမှု များ ရုပ်သိမ်း၍ မူလ ရဟန်းအသွင်ကို ဖြစ်စေသည်။
““အရှင်ဘုရား . .အရှင်ဘုရားဟာ အလွန် တန်ခိုးကြီးတဲ့ ရဟန်းတစ်ပါးပါပဲ၊ တပည့်တော်ကိုလည်း ဒကာရင်းတစ်ယောက်လို သဘောထားတော်မူပါဘုရား၊ အရှင်ဘုရားကို တပည့်တော် နေ့စဉ် ဆွမ်းအုပ်ငါးရာ လှူဒါန်းတော်မူပါ့မယ်ဘုရား””
““ကောင်းပါပြီ . .ဒကာတော်””
အဇာတသတ်မင်းသားလေးသည် အရှင်ဒေ၀ဒတ် အား အလွန်အထင်ကြီးသွားသည်။ အလွန်လည်း ကြည်ညိုသွားသည်။ ဗုဒ္ဓမြတ်စွာဘုရားကမူ ““ပူဇော် သက္ကာရသည် ယုတ်ညံ့သူကို ဖျက်ဆီးတတ်၏””ဟု ဟောတော်မူထားပါသည်။
အဇာတသတ်မင်းသားသည် ဘာသာ သာသနာကို ကြည်ညိုတတ်သူဖြစ်၏။ အသိတရားချွတ်ချုံကျခိုက် တန်ခိုးပြမှုအား အထင်ကြီးလိုက်သူဖြစ်သည်။ ယနေ့ ကလေးငယ်များအား ဓမ္မစကူးဖွင့်၍ သင်ကြားပေးနေ ခြင်းသည် ဘာသာရေးအသိအမြင် ချွတ်ချုံမကျရေးပင်။ အတွေးမှား အမြင်မှားဖြင့် ပံ့ပိုးမှုအား အဟုတ်မှတ်ကာ စိတ်ကြီး၀င်ခဲ့သူမှာ တန်ခိုးရှင် အရှင်ဒေ၀ဒတ်ဖြစ်၏။ မင်းသား အဇာတသတ်ကြောင့် အရှင်ဒေ၀ဒတ် တပည့်များစွာ မွေးမြူနိုင်ခဲ့သည်။
““အခုတော့ ငါဟာ တပည့်နောက်လိုက်တွေ အများကြီးကို ကျွေးမွေးနိုင်ခဲ့ပြီ၊ ဒါ့ကြောင့် ငါဟာ သံဃာ့ပရိသတ်ကို ဦးဆောင်နိုင်သူ ဖြစ်နေပြီ””
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုအပြည့်နှင့် လောဘ တရားအား ခုံမင်နေချိန်မှစ၍၊ ရရှိထားသည့် အရှင် ဒေ၀ဒတ်၏ လောကီစျာန်တန်ခိုးလည်း အပြီးကွယ်ခဲ့ လေပြီ။ သို့သော် လောဘအရှိန်တက်နေသော အရှင် ဒေ၀ဒတ် မလျှော့သေး။
+ + + +
ထိုအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှိရာ ရာဇဂြိုဟ် ပြည် ဝေဠု၀န်ကျောင်းတော်သို့ သွားရောက်ကာ လျှောက်ထားလိုက်သေးသည်။
““အရှင်ဘုရား၊ အရှင်ဘုရားဟာ သက်တော် ကြီးရင့်ပြီး အိုမင်းမစွမ်းအရွယ် ရောက်နေပါပြီ၊ ဖလသမာပတ် ချမ်းသာကိုသာ အေးအေးဆေးဆေး ခံစားတော်မူပါ . . .သံဃာ့ပရိသတ်အား တပည့်တော် ကို အပ်လိုက်ပါ၊ သံဃာထုကို တပည့်တော် ဦးဆောင်ပါ မည်””
အရှင်ဒေ၀ဒတ်သည် အစ်ကိုလည်း အစ်ကို၊ ယောက်ဖလည်း ယောက်ဖဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာ ဘုရားအား လူများကြည်ညိုမှု၊ လှူဒါန်းကြမှု၊ တလေး တစား ဆက်ဆံမှုများအား အားကျနေသောကြောင့် ဘုရားလုပ်ချင်နေသူ ဖြစ်သည်။
စျာန်တန်ခိုးများ ကွယ်ပျောက်နေသည်ကို မသိ သေးသော မင်းသား အဇာတသတ်ကလည်း အကြည်ညိုလွန်စွာ ပံ့ပိုးမှုများပြီး လာဘ်လာဘ မက်မော သည့် အရှင်ဒေ၀ဒတ်၏ အလိုဆိုးသည် အရှိန်ပြင်းပြင်း နှင့် ဦးမော့လာလေသည်။
အရှင်ဒေ၀ဒတ်၏ လျှောက်ထားခွင့်တောင်းချက် ကို ဗုဒ္ဓမြတ်စွာဘုရားကလည်း ““ဟယ် . .ဒေ၀ဒတ်၊ သင်ဟာ သူတစ်ပါးထွေးပစ်ထားတဲ့ တံတွေးပေါက်ကို ကောက်စားနေသူသာဖြစ်တယ်၊ သင့်လိုလူ လက်ထဲ သံဃာထုကို ငါဘုရား အပ်တော်မမူနိုင်ဘူး””
သံဃာ့ပရိသတ် အများကြီးရှေ့မှာမို့ အရှင် ဒေ၀ဒတ် အရှက်ကြီး ရှက်သွားသည်။ ပရိသတ်ကြားမှ ဝုန်းဒိုင်းကြဲ ဒေါသတကြီး ထွက်ခွာခဲ့သည်။ ဗုဒ္ဓမြတ်စွာ ဘုရားအားလည်း တစ်သက်မကြေဘူးဟု ရန်ငြိုးဖွဲ့လိုက် သည်။ အရှင်ဒေ၀ဒတ်၏ အကြံအစည်ကို သိတော်မူ သော ဗုဒ္ဓမြတ်စွာဘုရားကလည်း အရှင်ဒေ၀ဒတ်အား ပကာသနိယကံ ပြုတော်မူလိုက်သည်။ သာသနာတော်မှ ဖယ်ကြဉ်ထားသောကံဖြစ်သည်။
အရှင်ဒေ၀ဒတ်၏ ပြုမူမှု ဟူသမျှသည် သာသနာ တော်နှင့်လည်းကောင်း၊ ရဟန်းထုနှင့်လည်းကောင်း မသက်ဆိုင်တော့ပေ။ အရှင်ဒေ၀ဒတ်အတွက် လှုပ်ရှားမှု ဘောင်ကျဉ်းသွားပါတော့သည်။ တရားစစ် တရားမှန်၊ ဘုရားစစ် ဘုရားမှန်၊ သံဃာစစ် သံဃာမှန်ကို ကိုးကွယ်တတ်လာသော ရာဇဂြိုဟ်ပြည်ကြီးတွင် အရှင်ဒေ၀ဒတ်၏ အားထားရာမှာ ဘာသာရေးမှိုင်း အတိုက်ခံထားရသည့် မင်းသား အဇာတသတ်သာ ရှိနေပါတော့သည်။
ကြံစည်သမျှအားလုံး ပျက်စီးသွားသော အရှင် ဒေ၀ဒတ်သည် ဗုဒ္ဓမြတ်စွာဘုရားအား အသေ သတ်ချင် နေသည်။ မကောင်းမှုပြုချင်သူတို့၏ အကြံအစည် သည်ပင် အချိန်အတိုင်းအတာတစ်ခုထိ အောင်မြင်နေ တတ်သည်။
““မင်းသား အဇာတသတ် . . .ဒကာတော်ဟာ အရွယ်လည်းရှိတယ်၊ အစွမ်းအစလည်း ထက်ထက် မြတ်မြတ်ရှိတယ် . .မင်းသားရဲ့ဖခမည်းတော်ဟာ အိုမင်းနေပြီဆိုပေမဲ့ တော်တော်နဲ့ ကံတော်ကုန်မှာ မဟုတ် သေးဘူး၊ မင်းသားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင် လုပ်ချင်ရင်တော့ ဘုရင်ကြီးကိုသတ်ပြီး ဘုရင်လုပ်ပါ . .ငါလည်း ဘုရားကိုသတ်ပြီး ဘုရားလုပ်မယ်””
အရှင်ဒေ၀ဒတ်ပေးသော အကြံကြောင့် တပည့်ကျော် အဇာတသတ်သည် အဖသတ်သည့်မင်း ဖြစ်သွား၏။ အရှင်ဒေ၀ဒတ်လည်း ဘုရင်အဇာတသတ်၏ ပံ့ပိုးမှုဖြင့် နည်းမျိုးစုံသုံးပြီး ဗုဒ္ဓမြတ်စွာဘုရားအား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
ဘုရားရှင်အား နာဠာဂီရိဆင်ကို အရက်ကိုးမောင်း တိုက်၍ သတ်ဖြတ်ရန် ကြံစည်မှုသည် မအောင်မြင်ရုံ သာမက အရှင်ဒေ၀ဒတ်၏ အကြံအစည်ဟု ရာဇဂြိုဟ် ပြည်သူပြည်သားတို့ သိရှိသွားကြသည်။ နာဠာဂီရိ ဆင်သည် ဘုရင်အဇာတသတ်၏ စီးတော်ဆင်ဖြစ်သည်။ လုပ်ကြံမှုတွင် ဘုရင်ကိုယ်တိုင် ပါ၀င်နေသည်။ ဤမျှ ယုတ်မာသော ရဟန်းကို ကိုးကွယ်ရပါမည်လောဟု ဘုရင် အဇာတသတ်ကို ပြည်သူပြည်သားတို့ အပြစ်တင် ကြ၏။ ဘုရင်အဇာတသတ်သည် ပြည်သူကိုလေးစားရ သော ဘုရင်ဖြစ်၏။ ပြည်သူ့ဆန္ဒကို မလွန်ဆန်ရဲ။ အဇာတသတ်သည် အရှင်ဒေ၀ဒတ်အား မလှူဒါန်းသည့် အပြင် အခြားသူများကိုလည်း မလှူစေတော့။
ထိုအခါ အရှင်ဒေ၀ဒတ်သည် အကြံဉာဏ်သစ်များ ထုတ်ပြန်သည်။ အကြမ်းနည်းဖြင့် အောင်ပွဲခံရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်တော့၍ အနုနည်းဖြင့် အောင်ပွဲခံရန်အနေဖြင့် အချက်ငါးချက် ဗုဒ္ဓမြတ်စွာ ဘုရားအား တောင်းဆိုပြန်သည်။
““ရဟန်းတို့အား တစ်သက်လုံး တောကျောင်းမှာ သာ နေပါစေ . .ပင့်ဖိတ်သော ဆွမ်းကိုမစားစေဘဲ ဆွမ်းခံ၍သာ စားပါစေ၊ ပံ့သကူသင်္ကန်းကိုသာ တစ်သက်လုံး ၀တ်ရုံပါစေ၊ တစ်သက်လုံး သစ်ပင်ရင်း မှာသာ သီတင်းသုံးပါစေ၊ တစ်သက်လုံး သက်သတ် လွတ်စားပါစေ . . .မလိုက်နာပါက အပြစ်ဒဏ်ထိကာ အာပတ်သင့်ပါစေ””
အရှင်ဒေ၀ဒတ်၏ တောင်းဆိုမှုငါးချက်ကို ဗုဒ်္ဓ မြတ်စွာဘုရား ငြင်းပယ်ခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရား ငြင်းပယ်တော့မည်ကိုလည်း အရှင်ဒေ၀ဒတ် သိနေသည်။ ရည်ရွယ်ချက်ကောင်းကောင်းနှင့် တင်ပြထားသည်များ အား ဗုဒ္ဓမြတ်စွာဘုရား လက်မခံဟု အသိဉာဏ် နုံနည်းသူတို့ သူ့ဘက်ပါလာအောင် တင်ပြတောင်းဆိုခြင်း ဖြစ်သည်။
အရှင်ဒေ၀ဒတ်တင်ပြသော လမ်းစဉ်ငါးသွယ်သည် အမြတ်ဆုံးသော လမ်းစဉ်များဖြစ်သည်ဟု လူပြိန်းကြိုက် တင်ပြရင်း စည်းရုံးသည်။ ရဟန်းငယ်အချို့ အရှင် ဒေ၀ဒတ်နောက်သို့ ပါသွားသည်။ ထိုသံဃာအင်အား ဖြင့်ပင် တသီးတခြား ဥပုသ်ကံပြုပြီး သံဃာကို သင်းခွဲတော့သည်။ ထို့နောက် ရဟန်းငယ်တို့ကို ခေါ်ဆောင်ကာ ဂယာသီသသို့ ကြွတော်မူသည်။ ဂယာသီသအရပ်တွင် အဇာတသတ်ဘုရင် လှူဒါန်းခဲ့ သော ““ဂယာသီသ ကျောင်းတော်””ရှိနေလေသည်။
ဗုဒ္ဓမြတ်စွာဘုရားကလည်း သံဃာထုကို သင်းခွဲ စေသည့် သံဃ ဘေဒကကံ မပြုလုပ်ရန် တားမြစ်တော် မူသည်။ အရှင်ဒေ၀ဒတ်နောက်သို့ပါသွားသော ရဟန်း ငယ်များအား ပြန်လည်ခေါ်ယူရန် အရှင်သာရိပုတ္တရာ ထေရ်နှင့် အရှင်မဟာမောဂ္ဂလာန်ထေရ်တို့အား တာ၀န် ပေးတော်မူသည်။ အဂ္ဂသာ၀ကနှစ်ပါး၏ ဟောပြောမှုကြောင့် ရဟန်းငယ်တို့ အမြင်မှန်ရကာ အဂ္ဂသာ၀က နှစ်ပါးနှင့်အတူ ဝေဠု၀န်ကျောင်းတော်သို့ ပြန်လာခဲ့ ကြသည်။
ရဟန်းငယ်တို့ အရှင်သာရိပုတ္တရာထေရ်တို့ နောက်သို့ပါသွားသော် အရှင်ဒေ၀ဒတ်၏ ဗာလအဖွဲ့၀င် ကောကာလိကသည် အိပ်ပျော်နေသော အရှင် ဒေ၀ဒတ်၏ ရင်၀အား ဖနောင့်နှင့်ပေါက်နှိုးပြီး ဗာလ အဖွဲ့၀င်တို့ လျော့နည်းသွားကြောင်း အသိပေးသည်။ ထိုဒဏ်ချက်ကြောင့် အရှင်ဒေ၀ဒတ် သွေးပွက်ပွက် အန်၏။ ဂယာသီသကျောင်းတိုက်၌နေရင်း ဝေဒနာ ပြင်းထန်စွာ ခံစားနေရသည်။ ဝေဒနာခံစားရလေ နောင်တရလေဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားအား ဖူးမြော် လိုစိတ်တို့ ပြင်းထန်လာသည်။
““တပည့်တို့ . .ငါ့အား နောင်တော်ကြီး ဗုဒ္ဓမြတ်စွာဘုရားထံ ပို့ပေးကြပါ၊ ဗုဒ္ဓမြတ်စွာဘုရားဟာ ဇေတ၀န်ကျောင်းတော်မှာ ရှိနေပါတယ် . .ဇေတ၀န်ကို ပို့ပေးကြပါ””
တပည့်များကလည်း အရှင်တောင်းဆိုသည့်အတိုင်း မပို့ဝံ့ကြပါပေ။
““ငါ့အရှင်တို့၊ ငါဘယ်လောက်ဆိုးခဲ့ တေခဲ့ပေမဲ့့ ငါ့အပေါ်မှာ ရန်ငြိုးဆိုလို့ တစ်ဆံချည်မျှ မထားခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို ငါ . .ဖူးမြော်ကန်တော့ချင်ပါတယ်၊ ငါ့အရှင်တို့ ငါ့ကို မတားမြစ် မဖျက်ဆီးချင်ပါနဲ့၊ ဗုဒ္ဓ မြတ်စွာဘုရားထံ ပို့ပေးကြပါ””
အတန်တန် အထပ်ထပ် တောင်းပန်၍ တပည့် များက ညောင်စောင်းတွင် တင်ကာထမ်းပြီး ဇေတ၀န် ကျောင်းတော်သို့ ဆောင်ယူလာခဲ့ကြသည်။ ဇေတ၀န် ကျောင်းတော်အနီး ရေကန်သို့ ရောက်သော် ညောင်စောင်းကိုချလျက် တပည့်တို့ ရေချိုးကြသည်။ အရှင်ဒေ၀ဒတ်သည် သူ၏ ခြေနှစ်ဖက်ကို မြေပေါ်သို့ ချ၍ထိုင်သည်။ ထိုစဉ် သူ့ခြေထောက်တို့ မြေကြီးထဲ ကျွံ၀င်သွားသည်။ အလန့်တကြား အော်ဟစ်လျက် နေရာမှ ထလိုက်သည်။ မရတော့။ သူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံး မြေကြီးထဲ ကျွံ၀င်ကာ မေးစေ့အထိ နစ်မြုပ်သွားသည်။
““နတ်တကာတို့ထက် မြတ်တော်မူသော၊ လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော် မူသော သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ လောက၏ အမြတ်ဆုံးဖြစ်သော၊ များစွာသော ကုသိုလ် တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ရှိနေသေးသော ကျွန်ုပ်၏ အရိုးတို့ဖြင့်လည်းကောင်း၊ ကျန်ရှိနေသော အသက်ဖြင့် လည်းကောင်း ကိုးကွယ်အားထားရာဟု ဆည်းကပ် ပါ၏””
ဘုရားရှင်အား လှမ်းမျှော်ကန်တော့ရင်းပင် အဝီစိ ငရဲတိုင်အောင် နစ်မြုပ်သွားပါတော့၏။ အရှင်ဒေ၀ဒတ် မြေမျိုခံသွားရပြီဟု ကြားသိသောအခါ ပြည်သူပြည်သား တို့ ၀မ်းမြောက်၀မ်းသာ ဖြစ်ကြ၏။ ပွဲလမ်းသဘင်များ ကျင်းပကြသည်။
““မကောင်းမှုပြုသူသည် ဤဘဝရော နောင်ဘ၀ပါ ပူပန်ရသည်၊ ငါသည် မကောင်းမှု ပြုမိသည်ဟု သိသည်နှင့်တပြိုင်နက် ပူပန်ရပြန်သည်။ ထိုသူသည် အပါယ်ဘုံသို့ ရောက်သောအခါတွင်မူ ထိုထက်ပို၍ ပူပန်ရ၏။””
မောင်သုဆွေ(သပြေရုံ)

