" ဒေါက်..ဒေါက်"
် "ဘယ်သူလဲ "
" ငါပါကှာ ဇရာ ပါ "
" ဘာကိစ်စလဲ "
" မင်း အသက် ၅၀ ပြည့်တဲ့အကြောင်း လာပြောတာ "
" သိပါတယ် "
" သိပါတယ် လုပ်မနေနဲ့ ၊ တံခါးဖွင့်ပါဦး "
တံခါးဖွင့်ကြည့်လိုက်တော့ ဇရာ တစ်ယောက်တည်း မဟုတ်ဘူး ။ သူ့နောက်မှာ ပြုံးစိစိနဲ့ လှမ်းကြည့်နေသူ နှစ်ယောက် ။ ဗျာဓိ နဲ့ မရဏ ။
ဇရာ ကနောက်ကိုတစ်ချက်လှည့်ကြည့်ပြီး
ပြောနေပြန်တယ် .....
" ငါ တံခါးခေါက်ပြီးရင် ဒီကောင်တွေ ခေါက်တော့မှာနော် "
" သိနေတယ်လေ "
" ဘယ်လိုသိတာလဲ "
" နာခြင်း နဲ့ သေခြင်း မဟုတ်လား "
ဗျာဓိ က ၀င်ပြောပြီ ။
" ငါက ဆေးသောက်ရုံနဲ့ ပျောက်တဲ့ နာခြင်းမျိုးမဟုတ်ဘူးနော် ။ မသေ - သေအောင် နှိပ်စက်မှာ "
သူက ပြောပြီးတာနဲ့ မရဏ ဘက်ကိုလှည့်ကြည့်လိုက်တယ် ။ မရဏ ကပြုံးရင်းခေါင်းညိတ်ပြနေတယ် ပြီးတော့တစ်ချက်လှမ်းအော်ပြောလိုက်တယ် ။
" ငါတံခါးခေါက်ရင် မင်းဒီအိမ်မှာ နေခွင့်မရတော့ဘူးနော် "
သူ့အသံက မာတယ် ။ ခပ်တင်းတင်း ခပ်ပြတ်ပြတ် ။ ဒီတော့ လည်းကိုယ့်ဘက်ကပြတ်သားရမှာပေါ့ ။
" သိပါတယ် "
ဇရာ ၊ ဗျာဓိ ၊ မရဏ အသံတွေမြိုင်သွားမှ အခန်းထဲမှာငြိမ်ကုတ်နေတဲ့ကောင်က ထထွက်လာတယ် ။
အတူနေ အခန်းဖော်ပေါ့ ။ အပြင်က သုံးကောင်က အထဲကတစ်ကောင်ကို သံပြိုင်နှုတ်ဆက်လိုက်ကြတယ် ။
" ဟေ့ကောင် ဇာတိ ၊ ဘော်ဒါကြီး အဆင်ပြေလား "
" သိပ် မပြေဘူး "
" ဘာဖြစ်လို့လဲကွ "
" ဒီကောင် သတိပဋ္ဌာန်တရား အားထုတ်နေတာကွ ။ ငါတို့ အကြောင်းကို ရိပ်မိနေပြီ "
" ကိစ္စမရှိပါဘူးကွာ ၊ ဒီကောင်ဘယ်လောက် သတိကောင်းမှာတဲ့တုံး ၊ ငါသိသိသာသာ နှိပ်စက်ပြရင် ဒီကောင်လန်ထွက်သွားမှာပါ "
ဇာတိ နဲ့ ဗျာဓိ အပြန်အလှန်ပြောနေကြတာ ။ ကိုယ့်အကြောင်းကို ကိုယ့်ရှေ့မှာ ပြောင်ပြောင်တင်းတင်းပြောနေကြတာ ၊ ပြောကြပါစေလေ ၊ကိစ္စမရှိပါဘူး ။
သူတို့လက်ထဲရောက်တော့မှဘယ်တတ်နိုင်မလဲ ။
နှလုံးသွင်းနေကျအဆုံးအမကိုပဲအာရုံပြုနေလိုက်မိတယ် ။
" မြင်တာ ဘာတဲ့လဲ ၊ မြင်သိ ရုပ်နာမ် "
" ကြားတာ ဘာတဲ့လဲ ၊ ကြားသိ ရုပ်နာမ် "
" မြင်သိမမြဲ ၊ မြင်ဆင်းရဲ ၊ မြင်ထဲ ငါမပါ ။
အဲဒါ သဘာ၀ အနတ်တာ ။
ကြားသိမမြဲ ၊ ကြားဆင်းရဲ ၊ ကြားထဲ ငါမပါ ။
အဲဒါ သဘာ၀ အနတ်တာ "
" ဒီကောင် ငြိမ်သွားပြီ ၊ ကြောက်နေတယ် ထင်တယ်ကွ "
မရဏ ရဲ့ အသံခပ်မာမာနဲ့ မှတ်ချက် ။
နည်းနည်းတော့ပြန်ပြောမှဖြစ်မယ်ထင်တယ် ။
" အသေကြီးကိုကြောက်ကြတာ လူတိုင်းရဲ့ သဘာ၀ပါ ။ ဒါကိုမငြင်းပါဘူး ။ လက်ခံပါတယ်
ဒါပေမဲ့
သတိပဋ္ဌာန် ဝိပဿနာတရားကို သေသေချာချာအားထုတ်ထားရင် စက္ကန့်တိုင်းမှာ အသေလေးတွေနဲ့တွေ့တဲ့ အတွေ့အကြုံတွေ ရနေပြီးသားမို့ပါ "
မရဏ က တစ်ဖက်ကိုလှည့်သွားတယ် ။
ဗျာဓိ ကတော့ သိပ်ကျေနပ်ပုံမရဘူး ။ ခပ်ဆက်ဆက်နဲ့လှမ်းမေးလိုက်တယ် ၊ " မင်း အဲဒီအလုပ်ကိုလုပ်တော့ငါ့လိုမျိုး သေလောက်အောင်နှိပ်စက်တဲ့ နာတာမျိုးကြုံဖူးလို့လား "
" ကြုံဖူးတာပေါ့ ။ ဒါ ဝေဒနာက္ခန္ဓာ ရဲ့ သဘာ၀တစ်ခုပဲ ။ တစ်ကိုယ်လုံး အကြောအခြင်တွေပြတ်ထွက်ပြီးသေလုမတတ်ခံခဲ့ရတာ "
" ဟုတ်လား ၊ ဒါဖြင့် မင်း ဘယ်လိုကျော်လွှားခဲ့သလဲ "
" ဘုရားရှင် ရဲ့ တရားတော်ကို အသက်ပေးယုံကြည်ခြင်းဆိုတဲ့ စိတ်နဲ့ပေါ့ ကွာ "
" မင်းပြောတာ ငါနားမလည်ဘူး "
" ဘယ်နားလည်နိုင်ပါ့မလဲ ... မင်းတို့လေးယောက်ဟာ တရားတော်ရဲ့ ဆန့်ကျင်ဘက်တွေပဲ ။
ဒါပေမဲ့လည်း မင်းတို့ကို ကျေးဇူးတင်ပါတယ် ။ မင်းတို့ချိန်းခြောက်အား ကောင်းလို့ တရား ရဲ့ အနှစ်သာရကို သိခွင့်ရခဲ့တာ "
" မင်းစကားတွေက ပဟေဠိဆန် လွန်းတယ် "
" မင်းတို့လေးယောက်အတွင်းအပြင်ခွင်ရိုက်ပြီး ငါ့ကိုနှိပ်စက်ခဲ့တာ သံသရာနဲ့ချီပြီးကြာလှပြီ ။
ဒီဘ၀မှာတော့ ဗုဒ္ဓတရားတော် အကူအညီနဲ့
မင်းတို့အကြောင်းကို ကောင်းကောင်းသိခွင့်ရလိုက်တာ
တကယ့်ကို လူဖြစ်ရကျိုးနပ်တာပဲ "
အိုမင်းမှု့ ရွှေရတု ( ဆရာ မြသန်းစံ )
ကျနော် သဘောကျ သလို
ကျနော့ရဲ့ မိတ်ဆွေများလည်း
နှစ်သစ်လိမ့်မည်ဟု ထင်မိ၍
ကူးယူ ပြန်လည် မျှဝေပါသည်..
ချမ်း သာ ကိုယ် စိတ် မြဲ ကြ ပါ စေ..
2019 11 6 ရက်နေ့သို့ ....

