. မြတ်စွာဘုရားရှင်၏အိပ်မက်ကြီး (၅)ပါး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဝိသာခါနက္ခတ်နှင့်ယှဉ်သောကဆုန်
လပြည့်နေ့မတိုင်မီ လဆန်း(၁၄) ရက်နေ့။
ဘုရားလောင်းသည် တစ်ညဉ့်ပတ်လုံး
ဘာဝနာ ပွားများလာခဲ့ရသောကြောင့်
ပင်ပန်းတော်မူလေပြီ။
ညောင်ပင်အောက်၌် အနားယူရန်
လဲလျောင်းတော်မူလိုက်ရာ မကြာမီ
အိပ်ပျော်သွားခဲ့သည်။ အိပ်ပျော်နေစဉ်
မိမိ၏ အနာဂတ်အောင်မြင်မည်ဟု
ရည်ညွှန်းသော အိပ်မက်ကြီး ငါးပါးကို
မြင်မက်တော်မူ၏။
ပထမအိပ်မက်
••••••••••••••
ပထဝီမြေကြီးပေါ်တွင် လျောင်းစက်တော်
မူသော သိဒ္ဓတ္ထဂေါတမ၏ ကိုယ်ခန္ဓာ သည်
နိပေါနိုင်ငံနှင့်အိန္ဒိယနိုင်ငံများကိုလွှမ်းမိုး
သွားသည်အထိ ကြီးမားကျယ်ပြန့်သွား၏။
မြောက်ဘက်ရှိ ဟိမဝန္တာတောင်ထွဋ်သည်
မိမိ၏ခေါင်းအုံးသဖွယ် ဖြစ်နေပြီး၊ လက်ဝဲ၊
လက်ယာလက်ဖျားများသည်ဘင်္ဂလား
ပင်လယ်အော်၏ ကမိးခြေများသို့ ရောက်ခါ
ပင်လယ်လှိုင်းများသည် လက်တော်များကို
ရိုက်ခတ်လျက်ရှိ၏။
ခြေတော်အစုံတို့သည် တောင်ဘက်ရှိ
အိန္ဒိယသမုဒ္ဒရာ ကမ်းခြေသို့ ရောက်လျက်
ပင်လယ်လှိုင်းများက ခြေတော်အစုံကို
ရိုက်ခတ်လျက်ရှိလေသည်။
ယင်း အိပ်မက်သည် ဇမ္ဗူဒီပါ ဟူသော
ဒေသတစ်ဝှမ်းလုံးက ဗုဒ္ဓမြတ်စွာ၏
တရားတော်တို့ကို လက်ခံကြလိမ့်မည်။
ဒုတိယအိပ်မက်
•••••••••••••••
ချက်တော်မှ ပေါက်လာသောသစ်ပင်သည်
မြင့်သည်ထက်မြင့်တက်သွားရာကောင်းကင်
အထိရောက်သွားသည်။
ယင်း အိပ်မက်သည် အနာဂတ်ကာလ၌
လာမည့်အမှန်တရား၏အမှတ်လက္ခဏာ
ဖြစ်သည်။ အနာဂတ်ကာလ၌ပထဝီမြေပြင်
ပေါ်က လူသားများ၏ ဆရာမျှသာမက
အထက်ဘုံက နတ်ဗြဟ္မာ၏ ဆရာလည်း
ဖြစ်လိမ့်မည်။
ယင်းတို့၏ ကောင်းကျိုးကိုလည်း
ဆောင်ရွက်လိမ့်မည်။ "သတ္ထာဒေဝ မနုဿာနံ"
ဖြစ်လိမ့်မည်။
တတိယအိပ်မက်
••••••••••••••••
ဦးခေါင်းမည်းနက်နေသော အသင်္ချေ အနန္တ
များပြားလှသည့်အဖြူရောင်ဝတ်ထားသူများ
သည် မိမိအား ရှိခိုး၍ ကိုးကွယ်ကြသည်။
ယင်း အိပ်မက်ကလည်း ဦးခေါင်းအပိုင်းက
မည်းနက်နေပြီးအဖြူရောင်အဝတ်ဝတ်ဆင်
ထားကြသော လူဝတ်ကြောင် အသင်္ချေ
အနန္တကဘုရားလောင်းထံခိုလှုံရောက်ရှိ
လာကြမည်။
အသင်္ချေအနန္တ လူဝတ်ကြောင်များသည်
စင်ကြယ် စစ်မှန်သော တရားရရှိကြရန်
ဝမ်းသာအားရ ပိတိသောမနဿ ဖြစ်ပြီးလျှင်
သူ၏တပည့်သာဝကဖြစ်ကြကာများစွာ
သောအကျိုးကို ဖြစ်စေလိမ့်မည်။
စတုတ္ထအိပ်မက်
•••••••••••••••
အရပ် လေးမျက်နှာမှ အပြာ၊အဝါ၊ အနီ၊
မီးခိုးရောင် ငှက်များပျံလာပြီး ဘုရားလောင်း
ရင်ခွင်တွင်း ရောက်ရှိလာသောအခါ
အဖြူရောင် ဖြစ်သွားကြသည်။
ယင်း အိပ်မက်သည်လည်း ဗြာဟ္မဏ၊
ခတ္တိယ၊ ဝေဿ၊ သုဒ္ဓ အမျိုးလေးပါး
လူများသည် သူ့ထံတွင် ခိုလှုံ၍ ရဟန်းပြု
လျက် ရဟန္တာဖြစ်ပြီး ဘဝ လွတ်မြောက်မှု
ရရှိသွားလိမ့်မည်။
အမျိုးဇာတ်အားလုံးတို့က လူအများသည်
သူ၏တပည့်များဖြစ်လာကာဇာတ်မြင့်ခြင်း
ဟူသော အနှောင်အဖွဲ့ မှ လည်းကောင်း၊
ဇာတ်နိမ့်ခြင်းဟူသော သိမ်ငယ်မှုမှ
လည်းကောင်း၊ လွတ်မြောက်သွားပြီးလျှင်
ဓမ္မိကတရားရှင်များ ဖြစ်သွားလိမ့်ကြမည်။
အမျိုးဇာတ်ကို အလေးမထားတော့ဘဲ အကျင့်
သိက္ခာကိုသာ အလေးထားကြတော့မည်။
ပဉ္စမအိပ်မက်
•••••••••••••
ကျင်ကြီးကျင်ငယ်ပေကျံနေသောမြေကြီး
ပေါ်တွင် လျှောက်သွားနေသော်လည်း
ဘုရားလောင်းသည် အညစ်အကြေးနှင့်
မထိဟူ၍ အိပ်မက် မြင်မက်သည်။
ယင်းအိပ်မက်ကလည်းကိလေသာအညစ်
အကြေးတို့ဖြင့်ပြည့်လျက်ရှိသောကမ္ဘာ
လောကကြီးထဲတွင် နေသော်လည်း
မည်သည့် အညစ်အကြေးမှ မိမိအား
မထိရောက်ကြောင်း ညွှန်ပြနေသည်။
ဗုဒ္ဓမြတ်စွာသည် မိမိကိုယ်ကို အညစ်
အကြေးများ မငြိစွန်းစေဘဲ ထာဝစဉ်
သန့်ရှင်းစင်ကြယ်စွာ နေပေလိမ့်မည်။
#ဦးဂိုအင်ဂါ_ပုံြ

