Hepatitis အသဲရောင်ခြင်း အမျိုးမျို

အရက်နဲ့ ဆေးတွေကြောင့် ဖြစ်နိုင်ပေမဲ့ အများဆုံးက (ဗိုင်းရပ်စ်) ပိုးတွေကြောင့် အသဲရောင်ရောဂါ ဖြစ်ရတယ်။ အဖ

November 25, 2014
Hepatitis အသဲရောင်ခြင်း အမျိုးမျိုး

Hepatitis

အရက်နဲ့ ဆေးတွေကြောင့် ဖြစ်နိုင်ပေမဲ့ အများဆုံးက (ဗိုင်းရပ်စ်) ပိုးတွေကြောင့် အသဲရောင်ရောဂါ ဖြစ်ရတယ်။ အဖြစ်အများဆုံးက (အေ) ပိုးကြောင့်ဖြစ်တယ်။ အရင်က အသဲရောင်တယ်ဆိုရင် ဒီတခုထဲရှိတယ် ထင်မှတ်ခဲ့ကြတယ်။ ပိုဆိုးတဲ့ (ဘီ) နဲ့ (စီ) တွေထပ်တိုးသိလာရတယ်။ (ဒီ) နဲ့ (အီး) ကို သိပ်မပြောကြသေးပါ။

• Hepatitis Symptoms လက္ခဏာတွေ
တချို့မှာ ပိုးဝင်တာခံနေရပေမဲ့ ကနဦးအဆင့်မှာ ဘာမှ မဖြစ်သလို နေနိုင်တယ်။ ခံစားရရင် (အေ-ဘီ-စီ) ကြောင့် ဖြစ်တာတိုင်း အားယုတ်၊ ပျို့ချင်၊ အန်ချင်၊ မစားချင်၊ ဗိုက်အောင့်၊ အသား-ဆီးဝါတာတွေ ခံကြရမယ်။ (ဘီ) နဲ့ (စီ) အဝင် ခံနေရသူတွေ နာတာရှည်အဆင့် ရောက်လာပေမဲ့ နှစ်နဲ့ချည်ပြီး လူကောင်းလိုလို နေနိုင်တယ်။ ဖြစ်ပြီဆိုရင်တော့ အသဲက သိပ်မကောင်းတော့ဘူးလို့ ပြောနိုင်တယ်။
• Hepatitis A အသဲရောင် (အေ)
အလွန်ကူးစက်မြန်တယ်။ သာမန်ကာရှန်ကာပါဘဲ။ တချို့ဖြစ်နေတာတောင် မသိကြဘူး။ အလိုလိုပိုးကလဲ ရှင်းသွာမယ်။ အစာနဲ့ ရေကနေကူးစက်တယ်။ "စအိုကနေထွက်ပြီး ပါးစပ်ကနေဝင်နည်း" နဲ့ ကူးစက်တဲ့ရောဂါတွေထဲက တခုဖြစ်တယ်။
• Hepatitis B အသဲရောင် (ဘီ)
ဖြစ်စ သိပ်ဆိုးတာ မခံစားရဘူး။ မကြာခင် နေကောင်းသွားမယ်။ ကလေးတွေဖြစ်ရင် ဆိုးတယ်။ တနှစ်အောက်ကလေးတွေ ၉ဝ% မှာ တသက်လုံး ပိုးရှိနေလိမ့်မယ်။ ကြာရင်တော့ Liver damage အသဲထိခိုက်၊ Liver failure အသဲ အလုပ် မလုပ်နိုင်တာ နဲ့ Liver cancer အသဲ-ကင်ဆာဖြစ်လာနိုင်တယ်။ ပိုးရှိတဲ့ သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေ ကိုယ့်သွေးထဲ ဝင်တဲ့နည်းတွေနဲ့ ကူးစက်တယ်။ အမေရိကားမှာတော့ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုကနေ အတော်များများ ကူးစက်နေတယ်။ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓါး၊ သွားတိုက်တံ စတာတွေ အတူတွဲသုံးတာကနေလဲ ကူးနိုင်တယ်။ မအေကနေ မွေးလာတဲ့ ကလေးကိုလဲ ကူးတယ်။ လိင်ဆက်ဆံဘက် အဖေါ်များသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်သူတွမှာ ပိုဖြစ်နိုင်တယ်။
• Hepatitis C အသဲရောင် (စီ)
ပိုးအဝင်ခံရသူထဲက ၂၅% ဖြစ်ကာစနောက်မှာ ပိုးကင်းသွားနိုင်တယ်။ ကျန်တဲ့သူတွေက ပိုးနဲ့နေကြမယ်။ နာတာရှည် Chronic hepatitis C ကြောင့် ဆိုးဝါးတဲ့ ဆက်တွဲဖြစ်မှာတွေရှိတယ်။ သက်သာစေမဲ့ ဆေးကုနည်းတွေ ရှိပါတယ်။ သွေးကနေ အများဆုံး ကူးစက်တယ်။ သွေးသွင်းတာ၊ ဆေးထိုးအပ် အတူသုံးတာ၊ ထိုးကွင်းမင်ကြောင်ထိုးတာ၊ လှချင်လို့ ကွင်းတပ်ဆင်တာ၊ သိပ်မများပေမဲ့ မအေကနေ ကလေးကူးတာတွေ ဖြစ်နိုင်တယ်။ လိင်ကနေကူးတာလဲ များတော့မများဘူး။ လိင်ဆက်ဆံဘက် များရင်၊ HIV ပိုးရှိနေရင် ဖြစ်ဘို့ ပိုများတယ်။
• Hepatitis Diagnosis ဘယ်လိုလုပ် ရောဂါမှန်းသိမလဲ
Chronic hepatitis နာတာရှည် အသဲရောင်နေသူတွေ အများစုက ရောဂါက အထဲမှာ နှစ်တွေများစွာ တိတ်တိတ်လေး ဒုက္ခပေးနေတယ်။ ရောဂါနာမည်ရှာ၊ အသေအခြာစောင့်ကြည်။ လိုအပ်ရင် ဆေးကုတာတွေ မလုပ်ရင် တနေ့မှာ ဆိုးဝါးတဲ့ အခြေအနေကို ရောက်လိမ့်မယ်။ ကံကောင်းတာက သွေးစစ်တာနဲ့ ဘာဆိုတာသိနိုင်တယ်။
• ဘာလုပ်ရမလဲ - Hepatitis A သာဆိုရင် လက်ကိုသာ မကြာမကြာဆေးပါ။ B နဲ့ C ဆိုရင် လူအသုံးအဆောင် မှန်သမျှ သီးသန့်သုံးပါ။ အိမ်ရှိလူကုန် (ဘီ) ကာကွယ်ဆေးထိုးထားပါ။ အသဲအထူးကုဆရာဝန်ပြပါ။
• Hepatitis A အသဲရောင် (အေ)
သူ့ဖါသူ ပျောက်ပါမယ်။ ဆေးမလိုဘူးပြောရင် ရတယ်။ ရေ-အရည် များများသောက်ပါ။ အရည်ဆိုတာ အရက်မပါဘူး။ အနားယူပါ။
• Chronic Hepatitis B နာတာရှည် အသဲရောင် (ဘီ)
ဆေးကုတာရဲ့ ရည်ရွယ်ချက်က ပိုးတွေကို ထိန်းထားဘို့၊ အသဲကို မထခိုက်စေဘို့ဖြစ်တယ်။ ဆေးစစ်တာ ပုံမှန် လုပ်နေရမယ်။ Antiviral medications ဗိုင်းရပ်စ် ဆေးကို တချို့အတွက်ပေးမယ်။ ဆရာဝန်က ဆုံးဖြတ်ပါမယ်။
• Chronic Hepatitis C နာတာရှည် အသဲရောင် (စီ)
အများဆုံး သုံးတဲ့ဆေးက Antiviral medications ဗိုင်းရပ်စ်ဆေးတွေဖြစ်တဲ့ Interferon ထိုးဆေး နဲ့ Ribavirin စားဆေးကို ရောပေးတယ်။ လူနာတဝက်လောက်မှာ ပျောက်တာဖြစ်ဖြစ် ထိန်းထားနိုင်တာဖြစ်ဖြစ် ရတာတွေ့ရတယ်။ ဒါပေမဲ့ ဘေးထွက်-ဆိုးကျိုးတွေတော့ ခံရမယ်။ လူတိုင်းကိုလဲ ပေးမရဘူး။
• Monitoring Chronic Hepatitis နာတာရှည် အသဲရောင်တာကို စောင့်ကြည့်ခြင်း
နာတာရှည် အသဲရောင် (ဘီ) နဲ့ (စီ) အတွက် မလုပ်မဖြစ် လုပ်ရမယ်။ သွေးပုံမှန်စစ်နေရမယ်။ အသဲအခြေအနေကို သိချင်လို့ဖြစ်တယ်။ Ultrasounds နဲ့ CT scans တွေလဲလိုမယ်။ အသဲအခြေအနေ သင့်နေသမျှ နောက်ထပ်ဆေးကုဘို့ မလိုသေးဘူး။
• Complications နောက်ဆက်တွဲတွေ ဘာဖြစ်နိုင်သလဲ
- Cirrhosis အသဲခြောက်ရောဂါ အများဆုံးဖြစ်တယ်။ အသဲမှာ အမာရွတ်လို ဖြစ်တဲ့သဘောဘဲ။ Biopsy အသားစ ထုတ်ယူစစ်ဆေးနည်းနဲ့ သေခြာအောင်သိမယ်။ အသဲက အရင်လို သူလုပ်ရမဲ့ အလုပ်တွေ မလုပ်နိုင်ဖြစ်လာမယ်။ လုံးဝ မလုပ်နိုင်တော့တဲ့အဆင့် ရောက်လာနိုင်တယ်။ အားယုတ်၊ ပျို့၊ ပိန်၊ ရေဖျင်းစွဲ၊ ခြေထောက်ရောင်၊ အသား-ဆီးဝါတာတွေ ဖြစ်လာမယ်။ စိတ်ပါ မကြည်လင် ဖြစ်လာမယ်။
- Liver Cancer အသဲ-ကင်ဆာ ဖြစ်စေတဲ့အကြောင်းရင်းမှာ အသဲရောင်ခြင်းဟာ ထိပ်မှာနေတယ်။ နာတာရှည် အသဲရောင်သူတွေကို စောင့်ကြည့်နေရတာထဲမှာ ဒါလဲပါတယ်။ သွေးစစ်နေရင်း သိလာမယ်။ Ultrasounds, CT scans နဲ့ MRIs ကနေလဲ သိမယ်။ Biopsy နဲ့သေခြာစေမယ်။
• Liver Transplant အသဲအစားထိုးခြင်း
အသဲဆိုတာ ဇီဝဖြစ်စဉ်၊ အစာခြေစနစ်၊ အဆိပ်အတောက် ဖယ်ရှားရေးနဲ့ အရေးပါတဲ့ (ပရိုတင်း) တွေ လုပ်ပေးတာတွေ ဆောင်ရွက်ပေးတယ်။ လိုသလောက် မလုပ်နိုင်တော့ရင် မဖြစ်ဘူး။ အသဲအစားထိုးတာ လုပ်ရတော့မယ်။
• Hepatitis A and B Vaccines (အေ) နဲ့ (ဘီ) အတွက် ကာကွယ်ဆေး
အမေရိကားမှာ အသဲရောင်ပေါတဲ့ အရပ်ဒေသတွေ မသွားခင် ၁၂ လကနေ ၂၃ လအရွယ် ကလေးတွေကို (အေ) ကာကွယ်ဆေး ထိုးစေတယ်။ နာတာရှည် အသဲရောင် (ဘီ) နဲ့ (စီ) ရှိသူတွေလဲ ရောဂါမပြီးလောက်သေးဘူးဆိုရင် ထိုးထားသင့်တယ်။ (ဘီ) ကာကွယ်ဆေးကို မွေးကာစကနေ စထိုးရမယ်။ လူကြီးတွေလဲ ကူးနိုင်တဲ့အန္တရာယ်ရှိရင် ထိုးရမယ်။ (စီ) ကာကွယ်ဆေး မရှိသေးပါ။
• Protecting Your Liver အသဲကို ဘယ်လို ကာကွယ်မလဲ
နာတာရှည် အသဲရောင်နေသူတိုင်း အရက် မသောက်ပါနဲ့။ ဆေးသောက်တာလဲ ဆရာဝန်ညွှန်မှသာသောက်ပါ။ ပုံမှန် ဆေးစစ်နေပါ။
• STDs လိင်ဆက်ဆံခြင်းနဲ့ အသဲရောင်ရောဂါ
ယောက်ျားချင်း လိင်တူဆက်ဆံရင် ၁ဝ-၁၅ ဆ ပိုကူးစက်နိုင်တယ်။ အသဲရောင်ရောဂါတွေကို လိင်ကတဆင့် ကူးစက်နိုင်တာ ယောက်ျား-မိန်းမ အတူတူဘဲ။ အသဲရောင် (ဘီ) ဟာ HIV ထက် လိင်ကတဆင့် အဆ ၁ဝဝ ပိုကူးစက်နိုင်တယ်။ အသဲရောင် (အေ)၊ (ဘီ) ရော (စီ) ပါ လိင်ကတဆင့် ကူးစက်နိုင်ပေမဲ့ (စီ) ကအဖြစ် အတော်နည်းပါတယ်။

၂၁-၂-၂ဝ၁၂ နေ့ကသတင်းမှာ အသဲရောင် (စီ) ကြောင့်သေဆုံးရတာက HIV ကြောင့်သေရတာထက်များနေတယ်လို့ ပါတယ်။ ဒါက အမေရိကားမှာပါ။ ဒီရောဂါ ၂ မျိုးလုံးက ကူးပုံကူးနည်းတွေ တူကြတယ်။ သွေး-ဆေးထိုအပ်၊ မိခင်ကနေ ကလေး၊ လိင်ဆက်ဆံမှု (HIV က ပိုများတယ်) တွေကနေ ကူးစေတယ်။ ဆေးသစ် ၂ မျိုးပေါ်လာတယ်။ Protease inhibitors ခေါ်တယ်။ လက်ရှိသုံးနေတဲ့ Pegylated interferon နဲ့ Ribavirin တွေထက် ထိရောက်တာ တွေ့နေရတယ်။ ဒါပေမဲ့ Protease inhibitors အမျိုး ဆေးသစ် (Victrelis) က တပါတ်စာကို $1,100 ကုန်ကျတယ်။ ဆေးသစ် (Incivek) က တပါတ်စာ $4,100 ကျတယ်။ ကုန်ကျစရိတ်သာမကာ ဘေးထွက်-ဆိုးကျိုးတွေလဲ ကြည့်ရတယ်။ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis.html


Healthy Life

253 Blog posts

Comments