Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

(၁) ဆရာ ကျွန်တော် အကြောအစိရောင် အကြောင်းလေးသိပါရေစေ။ အသက်က ၃၇ ပါဆရာ။ အိမ်ထောင်ကျတာ ၈ နှစ် ရှီပါပြီဆရာ။
(၂

November 10, 2014
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Epididymitis and Orchitis

(၁) ဆရာ ကျွန်တော် အကြောအစိရောင် အကြောင်းလေးသိပါရေစေ။ အသက်က ၃၇ ပါဆရာ။ အိမ်ထောင်ကျတာ ၈ နှစ် ရှီပါပြီဆရာ။
(၂) ကျွန်တော် လွန်ခဲ့သော ၁ဝ နှစ်လောက်တုန်းက ညာဘက်အခြမ်း အူကျလို့ ခွဲစိတ်ခံခဲ့ပါသည်။ ယခုအခါ ထိုင်လျှက် အနေအထားတွင် ကြာကြာထိုင်ပါက ဝှေးစေ့တဝှိုက် အောက်ခြေ၊ ဘယ်ဘက် အင်္ဂါအရင်း၊ ဘက်ဘက် ဆီးခုံတို့တွင် တင်းနေ သလိုခံစား ရပါသည်။ ထို့နောက် အောင့်လာပါသည်။ ခါးနှင့် တင်ပါဆုံ အစပ်နားဆီက ကိုက်ပါသည်။ တခါတရံတွင် လိင်တံအရင်း ဘက်ဘက်အခြမ်းတွင် ချိုင့်ဝင်နေပါသည်။ အိပ်လျှက် အနေအထားနှင့် မတ်တပ် အနေအထားတွင် အဆင်ပြေပါသည်။ ထိုသို့ဖြစ်ခြင်းမှာ ထပ်မံအူကျခြင်း ဖြစ်ပါသလား။ ထပ်မံခွဲစိတ်ဖို့ လိုအပ်ပါသလား။ ကျွန်တော်သည် ထိုင်လျက်အလုပ် လုပ်ချိန်များပါသည်။
(၃) ကျနော့်ရဲ့ ညာဘက် ဝှေးစေ့တစ်လုံး သာမန်ထက် သုံးဆလောက် ယောင်နေတာ တစ်နှစ်လောက် ရှိပါပြီ။ ဆက်လည်း တိုးမလာပါဘူး။ ဒီအတိုင်းပဲ ရပ်နေပါတယ်။ ကျနော်လည်း ရှက်တာနှင့် ဆေးခန်းလည်း သွားမပြပါဘူး။ အဲဒါ ဆေးသောက်ရင် ပျောက်တယ်ပြောလို့ ဘာဆေး သောက်ရမလဲဆိုတာ ညွှန်ကြားပေးစေချင်ပါတယ်။ အိမ်ထောင် မရှိသေးပါဘူး။
(၄) ဆရာမ ဘောနည်းနည်းကျပြီး ကြီးနေပါတယ်။ အဲဒါ မခွဲပဲနဲ့ကောင်းပါ့မလားဟင်။ ကျမအမျိုးသားက ခွဲရမှာ ရှက်နေတယ်။ ဆရာမ ပြောပြပါနော်။
(၅) ဆရာ ကျွန်တော် ဥရဲ့ ညာဘက် ကြက်ဥအရွယ်လောက်ရှိပြီး တွဲနေတာ ၆ လလောက်ရှိပါပြီ။ တစ်ခါတစ်လေ အောင့်ပါတယ်။ ဘာဖြစ်တာလဲဆိုတာသိပါရစေ။ ခွဲဖိုလိုအပ်လားသိပါရစေ။ ခွဲပြီးရင်ရောအဆင်ပြေနိုင်မလားသိပါရစေ။

ကျွန်တော် ‘ဆရာမ’ မဟုတ်ပါ။

ယောက်ျားတွေမှာ အဖြစ်များတာက -
• Epididymitis အစိရောင်တာ၊
• Hernia အူကျရောဂါ၊
• Hydrocele မုတ် (မုတ္တ) ရောဂါ၊
• Orchitis အကြောရောင်တာ၊
• Testicular torsion အစိလိမ်ရောဂါ၊
• Varicocele (ဗေရီကိုဆီးလ်) အကျောထုံးရောဂါ၊
• Testicular cancer ကျားအစိကင်ဆာ။

Scrotum ခေါ်တဲ့ ကပ်ပယ်အိတ်၊ ဒါမှမဟုတ် Testicle ခေါ်တဲ့ ဝှေးစေ့မှာ နာရင် Epididymitis (အပီဒီမိုက်တစ်) ကျား အကြောရောင်တာ နဲ့ Orchitis (အော်ခိုက်တစ်) ကျား အစေ့ရောင်တာ တခုဖြစ်ဖြစ်၊ နှစ်ခုတွဲဖြစ်ဖြစ်၊ ဖြစ်နိုင်တယ်။ ဝှေးစေ့ကနေ သုက်ပိုး Sperm နဲ့ ဟော်မုန်းတွေ ထုတ်ပေးတယ်။

(အပီဒီမိုက်တစ်) ဆိုတာ သုတ်ပိုးတွေကို ကျားအစိတွေကနေ Vas deferens သုတ်လွှတ်ကျောဆီကို သယ်ဆောင်ပေးတဲ့ အစေ့အထက်က ခွေနေတဲ့ အကြောရောင်တာ ဖြစ်တယ်။ (အပီဒီမိုက်တစ်) က (အော်ခိုက်တစ်) ထက် အဖြစ်များတယ်။ ဖျားတာ၊ နာတာ၊ ရောင်တာတွေ ရှိလာမယ်။ ဆီးအောင့်တာနဲ့ တွဲလာသေးတယ်။ ချက်ချင်းနဲ့ နာတာရှည် နှစ်မျိုး ဖြစ်နိုင်တယ်။ ရက်တိုဆိုတာ ဆေးကုတာနဲ့ ပျောက်သွားမယ်။ နာတာရှည်ကတော့ ခပ်ဖြေးဖြေး ဖြစ်လာပြီး၊ ဆေးကုရင် သက်သာလာပေမဲ့ ပျောက်ဘို့ ကြာတတ်တယ်။ ငယ်သူတွေထက် အရွယ်ရောက်သူတွေမှာ ပိုဖြစ်တယ်။ (အော်ခိုက်တစ်) ဆိုတာကို ချက်ချင်းဖြစ်၊ ကုရင် ချက်ချင်းပျောက်တယ်။ ဆီးခြူပေးတာကနေလည်း ဒီနေရာမှာ လာရောင်တတ်တယ်။

ရက်တို (အပီဒီမိုက်တစ်) ရောဂါက ဗက်တီးရီးယား ကြောင့်ဖြစ်ရတာပါ။ ကလေးတွေမှာဆိုရင် ကျောက်ကပ်၊ ဆီးအိမ် ကနေ ပိုးရောက်လာလို့ ဖြစ်တယ်။ လူပျိုဘော်ဝင်တွေမှာ ၃ ပုံ ၁ ပုံက Mumps orchitis ပါးချိတ်ရောင်နာကနေ ဖြစ်တယ်။ ဒါ့ကြောင့် ကလေးတွေကို MMR ခေါ် ကာကွယ်ဆေး အထိုးခိုင်းတာဖြစ်တယ်။ အရွယ်ရောက် ယောက်ျားတွေမှာ အများစုက (STD) ခေါ် လိင်ကတဆင့် ကူးစက် ရောဂါကြောင့်ဖြစ်တယ်။ Gonorrhea ဂနိုးရီးယား နဲ့ Chlamydia (ကလာမိုင်ဒီးယား) တွေပါ။ စဖြစ်တော့ ဆီးထွက်ပေါက်မှာ၊ နောက်မှ အစေ့ဆီရောက်လာတယ်။ အသက် နဲနဲပိုကြီးသူတွေဆိုရင် ဆီးလမ်းပိုးဝင်ရာကနေ လာတယ်။ အသက်များများ ကြီးသူတွေ ကြတော့ BPH ခေါ်တဲ့ ဆီးကျိတ် ကြီးတာကနေ လာတယ်။ ချက်ချင်းဖြစ်တာ၊ ပြန်ဖြစ်ရာကနေ နာတာရှည် ဖြစ်လာစေတယ်။

ရက်တို (အပီဒီမိုက်တစ်) ဖြစ်ရာကနေ ပိုးက အစေ့ဆီရောက်လာရင် Epididymo-orchitits နှစ်ခုလုံးရောင်တာ ဖြစ်လာရော။ ဘယ်နေရာကနေစစ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါဖြစ်သူမှာ ကျားအင်္ဂါနေရာ တခုထဲမှာ နာတာ၊ ရောင်တာသာမက ပိုးစရှိနေတဲ့ နေရာတွေမှာလည်း ရောဂါလက္ခဏာတွေ ရှိနေလိမ့်မယ်။ ဆီးထွက်ပေါက်၊ ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးကြိတ် နေရာတွေ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးမသွားနိုင်၊ ပါးချိတ်ရောင်၊ မုတ်ကြီးတာ၊ ဖျားတာ၊ ရှားရှားပါးပါး TB ကြောင့်လည်း ဖြစ်တတ်သေးတယ်။

နာတာရှည်ဖြစ်ရင် နာတာ၊ ရောင်တာ၊ နီတာ၊ ကြီးတာတွေ သိပ်မသိသာဘူး။ ဆီးစစ်ရင် ပိုးတွေ့ချင်မှ တွေ့တော့မယ်။ ရုတ်တရက် ဖြစ်ရင်တော့ လက္ခဏာတွေ အကုန်လောက် ရှိနေနိုင်တယ်။

ရက်တိုသမားတွေကို ဆေးကုရတာကတော့ ပဋိဇီဝဆေး ၂ ပါတ်ကြာ ပေးသင့်တယ်။ Azithromycin နဲ့ Cefixime တွေက Gonorrhoeae နဲ့ Chlamydia ဆိုတဲ့ STD ပိုးတွေကိုနိုင်တယ်။ Doxycycline, Ofloxacin, Ciprofloxacin, Levofloxacin, Tetracycline နဲ့ Trimethoprim-sulfamethoxazole ကိုလည်း သုံးနိုင်တယ်။ TB ကြောင့်ဆိုရင် တီဘီ ဆေးတွေ ပေးတယ်။ အနာပျောက်ဆေး Ibuprofen or Naproxen တွေက နာတာသာမက ရောင်တာကိုပါ သက်သာစေတယ်။ တချို့ကြ သိပ်နာလွန်း-ရောင်လွန်းလို့ ဆေးရုံတက် ကုစေရတယ်။ အပူကပ်ပေးတာ လိုချင်လိုမယ်။ ဖြစ်တဲ့နေရာကို အခုအခံနဲ့ ထားရတယ်။ လှုတ်ရှားရင်၊ လမ်းသွားရင်နာသူတွေကို အိပ်ရာထဲ နေစေရတယ်။ လိုအပ်ရင်တော့ Orchiectomy ခွဲစိတ်ပြီး Epididymis ကို ထုတ်ပြစ်ရတယ်။

နာတာရှည်သမားတွေ ဆေးအကြာကြီး သောက်ရမယ်။ လတွေအထိ ကြာနိုင်တယ်။ နောက်ဆုံး လိုရင် Epididymectomy ခွဲထုတ်လိုက်ရတတ်တယ်။ အစေ့ကို ချန်ထားနိုင်လို့ ကျားဟော်မုန်း ဆက်ထွက်နေမှာပါ။

ခပ်ဆင်ဆင် ရောဂါတွေရှိတယ်။ Varicocele ဆိုတာ အဲဒီနေရာက သွေးပြန်ကြောတွေ ထုံးနေတာ။ Cyst အရည်အိတ် ဖြစ်တာ။ Testicular torsion ဆိုတာ ရုတ်တရက် Spermatic cord အကြောလိမ်ပြီး နာလာတာ။ အစေ့ကို သွေး မလျှောက်တာ ဖြစ်စေတယ်။ Spermatocele ဆိုတာက သုက်ပိုးတွေ စုဝေးနေတဲ့ အိတ်ဖြစ်လာတာ။ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်တယ်။ မနာဘူး။ ဝှေးစေ့ကင်ဆာလဲရှိတယ်။

ယောက်ျားမှာ ဒီရောဂါရှိနေရင် သူ့ဖြစ်ရတာက STD ဆိုရင်တော့ သူ့အဖေါ် အမျိုးသမီးကို ကူးနိုင်တယ်။ နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရမယ်။ ဖြစ်တာက ပါးချိတ်ရောင်တာနဲ့ တီဘီကြောင့်ဆိုရင် ကလေးရနိုင်စွမ်းကို လာထိခိုက်တယ်။ ကင်ဆာကို မဖြစ်စေပါ။

• Azithromycin (အဇစ်သရိုမိုင်စင်) ဆေးပြား
1 g တခါတည်းသောက်ရမယ်။ Ceftriaxone 400 mg တခါတည်းနဲ့တွဲသောက်ရင် (ဂနိုးရီးယား) အတွက် ကောင်းမယ်။

• Doxycycline ဒေါက်ဆီဆိုက်ကလင်းဆေးတောင့်
Syphilis (ဆစ်ဖလစ်) အစပိုင်းဖြစ်တာအတွက် တခါသောက် 100 mg ကို တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ တကယ်လို့ဖြစ်နေတာက ၁ နှစ်လောက်ရှိနေသူဆိုရင် ၄ ပါတ်ကြာသောက်ပါ။ (ဆစ်ဖလစ်) နောက်ပိုင်းဖြစ်နေရင် တခါသောက် 100 mg ကို တနေ့ ၂ ကြိမ်၊ ၇ ပါတ်သောက်ပါ။

- Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html
- Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/epididymitis-and-orchitis.html
- Varicocele (ဗေရီကိုဆီးလ်) http://dts-medicaleducation-adult.blogspot.in/2012/08/varicocele.html

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/epididymitis-and-orchitis.html


Healthy Life

253 Blog posts

Comments