Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Q 1: ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ်ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တု

October 24, 2014
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Menstruation (2)

Q 1: ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ်ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။ ရာသီ မမှန်တာကတော့ တခါတလေ ၃ လလောက်အထိ ကြာတတ်ပါတယ်။ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။

ကျား-ဟော်မုန်းနဲ့ ပတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက် အကျိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်-အကျိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာ တွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ် ကြီးနေတာ ဖြစ်ချင်မှ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အဝမလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့ လိုတယ်။ ဝက်ခြံထူ၊ ကိုယ်မွှေးကြမ်း၊ နှုတ်ခမ်းမွှေး ရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) Hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်း ခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်-ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် Pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်လို့လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီး မွေးလမ်းကြောင်းမှာ ပြဿနာတခုခု ရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့် ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူး ပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလား့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ ဒီလိုဝေဒနာမျိုး နှစ်ခါမက လုပ်ပေးရဘူးတယ်။ မြို့သာမှာ တာဝန်ကျတုံးကပါ။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား ဆေးကျောင်း ဘဝမှာ တွေ့ဘူးတယ်။ ပါမောက္ခ-မမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရ-ကျေးဇူး”၊ “ဂီလာန-ကျေးဇူး” အထူး မမေ့ပါ။

တခြား အကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည် ရောဂါသည်၊ စိတ်ဖိစီးမှု ခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေ တားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့ မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အနုမြူဆေး ကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death (IUD) ဖြစ်လို့ ကုပေးရသေးတယ်။ အခု အနုမြူဆေးပတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီး-ဟော်မုန်းများ ရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

Q 2: ကျွန်မအသက် သုံးဆယ့်တစ်ပါ။ အခု (့) မှာပါ။ ကျွန်မမှာ တစ်နှစ်တစ်လ အရွယ် သမီးတယောက် ရှိပါတယ်။ ကျွန်မ သမီးကို ဗိုက်ခွဲပြီး မွေးတာပါ။ ကလေးက အခုထိ မိခင်နို့စို့တုန်းဘဲ။ ရာသီက ကလေးမွေးပြီး လေးဆယ့်ငါးရက်ထဲက ပုံမှန်လာပါတယ်။ ဒီတခါ ရာသီလာတဲ့ အချိန်မှာ ပုံမှန် မဟုတ်ဘဲ၊ ၅ ရက် စောလာပြီး၊ သွေးက တစက်တစတ်ဘဲ ဆင်းတယ်။ အခုလို သွေးတစက်တစက် ဆင်းနေတာ တလနည်းပါး ရှိတော့မယ်။ ကျမ မည်သည့် ကိုယ်ဝန် တားဆေးကိုမှ မသုံးစွဲခဲ့ပါ။ စိတ်ပူလို့ Pregnancy test နဲ့ စမ်းကြည့်တယ်။ Negative ဘဲပြတယ်။ စိုးရိမ်လို့ သူငယ်ချင်းတွေ မေးကြည့်တော့ သူတို့က ရာသီထိန်၊ ရာသီ ငုတ်တယ်လို့ ပြောကြတယ်။ ဒီက ဆေးခန်းကို ပြဖို့ကလဲ နားလည်မှု လွဲတတ်လို့ ဆရာ့ဆီက အကူအညီ တောင်းတာပါ။ ဘဲလို ဆေးမျိုး သောက်သင့်လဲနှင့် ရောဂါအကြောင်းကို ဖြေကြားပေးပါရှင့်။

ဘာမှ မစိုးရိမ်ပါနဲ့။ ရက်စောလာတာလည်း ကိစ္စမရှိပါ။ နည်းတာလဲ အဲလိုဘဲ။ မှန်လာပါလိမ့်မယ်။ ကလေးနို့တိုက်နေချိန်မှာ နောက်ကိုယ်ဝန်ရှိဘို့ ပိုနှေးတတ်တယ်။ ကလေးကို ၁ နှစ်ဆို နို့ဖြတ်သင့်ပြီ။ ၆ လ အရွယ်ကတည်းက အစာကြွေးရမယ်။ ဖြေးဖြေး တိုးတိုး ကြွေးပေါ့။ နို့ဖြတ်မှလဲ ကလေးက တခြားအစာ စားလာမယ်။

ဆီးစစ်လိုက်တာ ကောင်းတယ်။ အခုလို မရပ်သေးတာ သားအိမ်ခြစ်စရာလဲ မလိုဘူး။ ခပ်လွယ်လွယ် ဆေးနည်းပေးပါမယ်။ ကိုယ်ဝန်တားဆေး Contraceptive pill ကို သောက်နိုင်တယ်။ လူအများစုသောက်တဲ့ ဆေးပြောတာပါ။ ဆေးကပ်တိုင်းမှာ အရောင် ၂ မျိုး ပါတယ်။ အဖြူရောင် ၂၁ လုံးကို တနေ့ ၁ လုံးသောက်နေသမျှ သွေးမဆင်းပါ။ ရာသီရက် မမှန်သူတွေကို ဒီနည်းက အလွယ်ဆုံးဘဲ။ တချို့ကို အဲလို ၃-၄ လ အသောက်ခိုင်းရင် ပြန်မှန်သွားနိုင်တယ်။

ကလေးငယ်ရှိသူတွေကိုတော့ နို့ထွက်နည်းစေတတ်လို့ နောက်နည်း လုပ်ရတတ်တယ်။ မေးတဲ့လူအတွက်တော့ ဒီအရေး ပူစရာ မလိုလောက်ဘူး ထင်ပါတယ်။ ဟော်မုန်းတမျိုးထဲပါ တားဆေးက နို့ထွက်တာကို မထိခိုက်ပါ။

အထောက်အကူ ရစေအောင် ဗီတာမင် စီ ၅ဝဝ မီလီဂရမ် တနေ့ ၁-၂ ပြားသောက်ပါ။ သံဓါတ်နဲ့ ဖေါလစ်အက်စစ်လည်း သောက်ပါ။ ဗီတာမင် ဘီအုပ်စုလည်း သောက်ပါ။

Q 3: နားနဲ့မနာ ဖဝါးနဲ့နာပါ။ ဒီတစ်လ ဓမ္မတာလာတာ နဲနဲဆန်းတယ်။ အရင်လတွေကနဲ့ ပုံမှန် မဟုတ်လို့ပါ။ အရင်လက ၁၄ ရက် နေ့မှာ စပြီးတော့ ၁၄-၁၅ ဆက်တိုက် ဆင်းပါတယ် ၁၆ ရက်နေ့မှာ တန့်သွားပါတယ်။ ပြီးမှ ၁၇ နဲ့ ၁၈ ရက်မှာ ပြန်ဆင်းပါတယ်။ ဆရာ ရေးခဲ့တဲ့ စာတွေအရ စိတ်ဖိစီးမှုကြောင့်လို့ မှတ်ယူထားပါတယ်။ ဒီလကျတော့ ၁ ရက် နေ့မှာ စဆင်းပြီး၊ ၁ ရက် ၂ ရက် ၃ ရက် ဆက်တိုက်က သာမန်မဟုတ်ပဲ အခဲတွေ ဆင်းတယ်။ အရောင်ကတော့ ညိုညစ်ညစ် အရောင်မျိုးဖြစ်ပြီး၊ အနံ့နဲ့ ခံစားမှုတော့ မရှိပါဘူး။ ခါးကိုက်တာတို့ ဗိုက်နာတာတို့လဲ မရှိပါဘူး။ ပြီးတော့ ၄ ရက်နေ့က နေစပြီး ပုံမှန်အတိုင်း ပြန်ဆင်းတာကိုက အရမ်းများတယ်။ ဒီနေ့ထိတော့ မရပ်သေးပါဘူး။ အခု ရက်ပိုင်းတော့ နဲတော့ နဲသွားတယ်။ ဓမ္မတာ လာခါနီးဆို အဖြူဆင်းတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အဖြူလဲ မဆင်းပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ။ စိုးရိမ်စရာ ရှိပါသလား။ အရင်ကတော့ ရှမ်းပျိုမယ် သွေးဆေး သောက်ပါတယ်။ နာကျင်မှု အတွက် Dofenal 500 mg တစ်နေ့ တစ်လုံး သောက်ပါတယ်။ ကောင်းကျိုး-ဆိုးကျိုး ပြောပြပေးစေလိုပါတယ်။ နောက်ပြီး တလွဲ ယူဆထားတာက ဓမ္မတာလာရင် ခေါင်းမလျှော်ရ ဆိုတာလဲ ရှိပါတယ်။ မတည့်တဲ့ အစာတွေအဖြစ် ပြောင်းဖူးတို့ မာလကာသီးတို့ မစားရဘူး ဆိုတာလဲ ရှိပါတယ်။ အဲလိုမျိုးတွေလဲ တကယ်ရှိလား။ ဒါတွေနဲ့ ဆိုင်-မဆိုင်လဲ သိချင်ပါတယ်။ အသက်က ၂၂ နှစ်ပါ။

မိန်းကလေးတွေ၊ အမျိုးသမီးတွေ ရာသီ မမှန်တတ်တာ အတော်များများ ဖြစ်ကြရတယ်။ များသောအားဖြင့် စိုးရိမ်စရာမလို၊ ဆေးကုစရာ မလိုတတ်ပါ။ အသက်ငယ်တုံး၊ အပျိုဘော်ဝင်စနဲ့ သွေးဆုံးခါနည်းရင် မမှန်ဘူး။ အခုလို ၂၂ နှစ် အရွယ် ကတော့ မှန်သင့်တဲ့ အရွယ်လို့ ပြောနိုင်တယ်။ ဒါလဲဘဲ သိပ်မစိုးရိမ်ပါနဲ့။

ရာသီဆင်းတယ်ဆိုတာ၊ မျိုးပွါးလမ်းကြောင်း ခန္ဓာဗေဒ ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မ ဖြစ်စဉ်ခေါ်တဲ့ အလုပ်ပိုင်း ဆိုင်ရာတွေ ကောင်းမွန်၊ မှန်ကန်နေရမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကလည်း သက်ရောက် လွှမ်းမိုးသေးတယ်။ ပယောဂ ပြောရမဲ့ သက်ရောက်လာမှုတွေလည်း ထည့်တွက်ရသေးတယ်။ ပယောဂ ဆိုတာ ဗိန္ဓော-ရမ်းကု ပြောတာ မဟုတ်ဘူးနော်။ ပြင်ပကနေ တခုခု ဖြစ်စေတာကို ဆိုချင်တာ။ ဆိုပါစို့ တခြား နေမကောင်းတာရှိလို့ ဆေးသောက်တာကနေ ရာသီဖြစ်စဉ်ကို လာထိခိုက်တာမျိုး။

ဆေးခန်းမှာ ဆရာဝန်လုပ်တဲ့လူက သူတို့စကား မတတ်လို့ ဆရာမတွေဆိုတာက စကားပြန်ရော သူနာပြုပါ လုပ်ကြရတယ်။ အမျိုးသမီး လူနာတွေကို ဘယ်လိုမေးပါ သင်ပေးထားတယ်။ “ရာသီမမှန်” လို့ ဘာသာပြန်ပေးရင်၊ “ဒါနဲ့ မရသေးဘူး။ မမှန်ဘူးဆိုတာ၊ မလာတာ၊ နည်းတာ၊ များတာ၊ အကုန်လုံး မမှန်တာချည်းဘဲ။”

ရာသီများရင် တမျိုး၊ များတာက ရက်လဲပိုနိုင် ဆင်းတာလဲ များနိုင်တယ်။ ထိန်ပြီးမှ များများဆင်းတာက အိပ်ထောင်သည် ဆိုရင် (သမီးရည်းစား လည်းပါတာပေါ့) သားပျက်တာလား။ ဆယ်ကျော်သက်လဲ မဟုတ်၊ ၄၅ နှစ်လည်း မရောက်သေး၊ အိမ်ထောင်လဲ မရှိရင် တခြားဟာတွေ စဉ်းစားရပြီ။

မေးတာတွေ ကုန်ရင် စစ်တာ လိုလာနိုင်တယ်။ ကိုယ်ဝန်ရှိ-မရှိစစ်တာ ခုခေတ်မှာ ဆရာဝန်ပါစရာ မလိုဘူး၊ သူတို့ဖါသာ စစ်လို့ ဘာမှန်းမသိမှ ဆရာဝန် လာပြသူတွေလည်းရှိတယ်။ ဒီလို ပုံမှန်မဖြစ်တာကို မွေးလမ်းကြောင်းစမ်းတာ လိုနိုင်တယ်။ သွေးစစ်၊ (အာလ်ထွာဆောင်း)၊ ဓါတ်မှန်၊ စတာတွေလိုချင် လိုအုံးမယ်။

Dofenal ဆေးက Mefenamic acid ဖြစ်တယ်။ အနာ-အကိုက်-အဖျား သက်သာဆေးဖြစ်တယ်။ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ် တို့မှာ ဒီနံမယ်နဲ့ ရောင်းတယ်။ ၂၅ဝ-၅ဝဝ မီလီဂရမ် ကို တနေ့ ၃ ကြိမ်အထိ သောက်နိုင်တယ်။ အစာနဲ့ နီးရမယ်။ ၇ ရက်ထက် ပိုမသောက်သင့်ဘူး။ အသဲ၊ ကျောက်ကပ် မကောင်းရင်၊ အစာအိမ်နာရှိရင်၊ ပန်းနာ၊ ရေခမ်းခြောက်တာ ရှိနေရင် မသောက်သင့်ဘူး။

သွေးဆေးအကြောင်းကို ဆေးပညာမှာ သုတေသနလုပ်ထားတာ မရှိသေးဘူး။ ဆရာဝန်တွေရဲ့ အမေ၊ အဒေါ်၊ အမတွေ ကတော့ လက်စွဲဘဲ။ ရာသီဖြစ်စဉ်နဲ့ ပြောင်းဖူး၊ မာလကာသီး၊ ခေါင်းလျှော်တာတွေရဲ့ ပတ်သက်မှုကို သင်ဘူး ဖတ်ဘူးတဲ့ ဆေးစာတွေမှာတော့ မတွေ့ရသေးဘူး။ စာဖတ် နည်းသေးလို့လားတော့ မသိဘူး။ ရှာပါအုံးမယ်။

ဒီအဖြစ်မျိုးက မေးတဲ့သူကို ဆေးနည်းလှမ်းပေးလို့ မကောင်း-မမှန်နိုင်ဘူး။ ရောဂါဆိုးလို့ ပြောတာတော့ မဟုတ်ဘူးနော်။ မေးမြန်း-စစ်ဆေးပြီးရင် တချို့အတွက် ကုရတာ လွယ်လွယ်လေးနဲ့ ပြီးတာတွေ ရှိတယ်။ OG ဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ပြသင့်ပါတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/menstruation-2.html


Healthy Life

253 Blog posts

Comments