Colorectal cancer အူမကြီး ကင်ဆာ

ဆရာကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့်အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နု

December 31, 2014
Colorectal cancer အူမကြီး ကင်ဆာ
Colorectal cancer

ဆရာကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့်အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။

Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ အူသိမ်မှာ ကင်ဆာဖြစ်တာ ရှားတယ်။

Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။ ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ နောက် ဆက်ပြန့်မယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ ရောဂါဗေဒအရပြောရရင် ၉၅% က Adenocarcinoma အမျိုးအစားဖြစ်ပြီး ကျန်တာက Lymphoma နဲ့ Squamous cell carcinoma အမျိုးအစားဖြစ်တယ်။

Cause ဘာလို့ဖြစ်သလဲ
• အသက်ကြီးမှ ဖြစ်တာများတယ်။
• ယောက်ျားတွေမှာ ပိုဖြစ်တယ်။
• အမျိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။ ဒါပေမဲ့ ၇၅-၉၅% ဟာ မျိုးဗီဇနဲ့ မပတ်သက်တာ တွေ့ရတယ်။
• လူနေမှုပုံစံ (အစားအသောက်၊ အရက်သောက်၊ ဆေးလိပ်သောက်) ကြောင့်လဲ ဖြစ်နိုင်တယ်။
• Inflammatory bowel disease (Ulcerative colitis and Crohn's disease) ရှိနေသူတွေမှာ ပိုဖြစ်တယ်။
- Crohn's disease ရှိသူထဲက ၁ဝ နှစ်အတွင်း ၂%၊ ၂ဝ နှစ်အတွင်း ၈% နဲ့ ၃ဝ နှစ်အတွင်း ၁၈% အူမကြီး-ကင်ဆာ လာဖြစ်တယ်။
- Ulcerative colitis ရှိနေသူထဲက ၂ဝ% ဟာ ၁ဝ နှစ်နေရင် အူမကြီး-ကင်ဆာဖြစ်လာတယ်။

Diagnosis ရောဂါသေခြာအောင် Sigmoidoscopy or Colonoscopy စမ်းရင်းနဲ့ Tumor biopsy အသားစ ဖြတ်ယူ စစ်ဆေးတာ လုပ်ရတယ်။ Barium enema စအိုကနေ ဆေးသွင်းပြီး ဓါတ်မှန်ရိုက်တာလဲ လုပ်တယ်။ ရောဂါ ဘယ်အထိ ပြန့်နေသလဲ သိအောင် CT scan လုပ်ရတယ်။ Virtual Colonoscopy နောက်ပေါ်နည်းဖြစ်တယ်။ အူမကြီးကို 3-D model CT scan images ပုံတွေ မြင်ရအောင် လုပ်တယ်။ အူထဲကို ကင်မရာထည့်နေစရာမလိုဘူး။ တခုရှိတာက Polyps တွေ့ရင် တခါတည်းခွဲထုတ်လို့ မရတာမို့ Colonoscopy လုပ်ပြီး ထုတ်ရလိမ့်မယ်။

အူမကြီးဆိုတာ ညာဘက်အထက်တန်းနေတာ၊ ကန့်လန့်တန်းနေတာ နဲ့ ဘယ်ဘက်အောက်တန်းနေတာဆိုပြီး ရှိတယ်။ ညာဘက်ဖြစ်တာမျိုးက အူလမ်းပိတ်တာ ဖြစ်ခဲတယ်။ သွေးယိုရာကနေ သွေးအားနည်းနေတာ များတယ်။ ဘယ်ဘက်က ဖြစ်တာ ဆိုရင် အူလမ်းပိတ်တတ်တယ်။

• အထဲမှာ ရောဂါစနေပေမဲ့ ဘာမှမခံစားရဘူး။ ဒါကြောင့် သိရင် နောက်ကျနေတတ်တယ်။
• သိသာတဲ့ ရောဂါလက္ခဏာတွေက
- စအိုကနေ သွေးယိုမယ်၊ ဝမ်းသွားရင်း သွေးပါမယ်။
- ကြာတော့ သွေးအားနည်းလာမယ်။
- လူက ပိန်လာမယ်။ အားယုတ်မယ်။
- ဝမ်းသွားရတာ အရင်လိုမဟုတ်တာဖြစ်မယ်။ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်မယ်။ ဝမ်းချုပ်တာ များတယ်။ ဝမ်းသွားပြီးပေမဲ့ မကုန်သေးသလို ခံစားရနိုင်တယ်။
- အစားအသောက် ပျက်မယ်။
- ကိုယ်ပူမယ်။
- ပျို့-အန်ချင်တာ ဖြစ်မယ်။ ဗိုက်အောင့်၊ လေထိုး အနေရဆိုးတယ်။

Risk factors ဘယ်လိုလူမျိုးတွေမှာ သတိထားရမလဲ
• Older age ကင်ဆာ ၉ဝ% ဟာ အသက် ၅ဝ ကျော်တွေဖြစ်တယ်။
• Colorectal polyps ကင်ဆာမဟုတ်တဲ့ အသားပိုရှိနေသူ။
• Ulcerative colitis and Crohn's disease ရောဂါရှိနေသူ၊
• Inherited syndromes မျိုးရိုးရှိသူ။
• Low-fiber, high-fat diet အဆီများများစားပြီး အသီးအနှံစားနည်းသူ။
• A sedentary lifestyle ကိုယ်လက်လှုတ်ရှားမှု နည်းသူ။
• Diabetes ဆီးချိုရှိသူ။ Obesity ကိုယ်ခန္ဓာဝသူ။
• Smoking ဆေးလိပ်သောက်သူ။ Alcohol အရက်သောက်သူ။
• Radiation therapy for cancer ကင်ဆာတခုခုအတွက် ဓါတ်ကင်ရသူ။

Stages of colon cancer အဆင့်ခွဲခြားခြင်း
အဆင့် (ဝ) = အူအတွင်းဆုံးအလွှာမှာသာရှိနေသေးတယ်။
အဆင့် (၁) = အူနံရံမှာသာရှိနေသေးတယ်။
အဆင့် (၂) = အူ ကြွက်သားမှာသာရှိနေသေးတယ်။
အဆင့် (၃) = အူအနားက တက်စေ့ကိုရောက်နေယုံသာရှိသေးတယ်။
အဆင့် (၄) = တခြားနေရာတွေအထိရောက်နေပြီ။

Treatments and drugs ဘယ်လိုကုသမလဲ
• Surgery for early-stage colon cancer စောသေးတာအတွက် ခွဲစိတ်ကုသနည်း။
အသားပိုအဆင့်သာ ရှိသေးမယ်၊ ကင်ဆာကသေးမယ်၊ နေရာတခုလေးမှာသာ ကွက်ဖြစ်မယ်ဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ Colonoscopy ကရိယာနဲ့ စစ်ဆေးရင်း လုပ်မယ်။ Colorectal Cancer Surgery ခွဲစိတ်ထုတ်ပြစ်တာဟာ အတော် အောင်မြင်တယ်။ တခြားနေရာတွေအထိ ရောက်နေရင်တော့ ခက်တယ်။ ဒါပေမဲ့ ပြန့်နေတဲ့နေရာကလဲ ခွဲထုတ်ရတာဆိုရင် အကျိုးရှိတယ်။
• ရောဂါအဆင့် နောက်ရောက်နေပေမဲ့လဲ ကုသလို့ ထိရောက်တာတွေ ရှိတယ်။ Surgery ခွဲစိတ်ကုသတာ၊ Radiation ဓါတ်ကင်တာ နဲ့ Chemotherapy ဆေးပေးကုတာတွေကို တွဲပြီး ကုသပေးမယ်။ သက်သာနေပြီးသာ ထပ်ဖြစ်တာကိုကုရတာ အတော်ခက်တယ်။ ဒါကိုလဲ Radiation နဲ့ Chemotherapy တွဲလုပ်ပေးရင် အသက်ပိုရှည်စေမယ်။
• အရွယ်အစားပိုကြီးတာဆိုရင် Laparoscopic surgery ကရိယာသုံးပြီး ခွဲထုတ်မယ်။
• Surgery for invasive colon cancer နောက်ကျတဲ့ ကင်ဆာကို ခွဲစိတ်နည်း။ Partial colectomy ဖြစ်နေတဲ့နေရာကို ဖြတ်ထုတ်မယ်။ ဘေးက ကောင်းနေသေးတဲ့ နေရာကိုပါ ထုတ်မယ်။ တက်စေ့လဲ ထုတ်မယ်။ ထိပ်စနှစ်ဘက်ကို ဆက်ပေးလို့ရရင် ဆက်ပေးမယ်။
• ဒါမှမဟုတ် ဝမ်းသွားလမ်းကို ဗိုက်ကနေအသစ်လုပ်ပေးမယ်။ တခါတလေ Temporary colostomy ယာယီ အဲလိုလုပ်ရပြီး။ တခါတလေ Permanent colostomy ရာသက်ပန် လုပ်ပေးရတယ်။
• နောက်ကျနေတဲ့ အူလမ်းပိတ်နေတဲ့ ကင်ဆာဆိုရင် အူလမ်းပွင့်အောင် ခွဲစိတ်တာလုပ်မယ်။ ရောဂါကို တိုက်ရိုက် ကုတဲ့သဘောတော့ မဟုတ်ဘူး။
• တကယ်လို့ အသဲအထိ ရောက်နေတာ တွေ့ရပေမဲ့ လူက ခံနိုင်ရည်ကောင်းနေရင် ကူးစက်နေတဲ့နေရာက ကင်ဆာ အကျိတ်ကို ထုတ်ပေးမယ်။
• Chemotherapy ဆေးပေးကုသနည်းကို ခွဲစိတ်တာ မလုပ်ခင်ဖြစ်ဖြစ် လုပ်ပြီးမှဖြစ်ဖြစ် တွဲလုပ်တာလဲရှိတယ်။ ကင်ဆာ (ဆဲလ်) တွေကို သေစေဘို့ဖြစ်တယ်။ Radiation therapy ဓါတ်ကင်တာနဲ့ တွဲပေးရတာလဲ ရှိတယ်။ 5-flourauracil ဆေးကိုသုံးတာ များတယ်။ ဆေးပေးကုသရတာ ဘေးထွက်-ဆိုးကျိုးတွေတော့ ခံရမယ်။ နောက်ပေါ်ဆေးတွေက ပိုကောင်းလာပါတယ်။
• Radiation therapy ဓါတ်ကင်တယ်ဆိုတာ X-rays ဓါတ်မှန်ရောင်ခြည်နဲ့ ကင်ဆာ (ဆဲလ်) တွေကို သေစေတာဖြစ်တယ်။ ခွဲစိတ်ထုတ်ပေမဲ့ ကျန်နေနိုင်တာကို သေစေမယ်။ အရွယ်အစားကိုလဲ သေးစေလို့ ပိတ်နေတာ၊ ဖိနေတာရှိရင် သက်သာစေမယ်။ ရောဂါ စောစောပိုင်းအဆင့်အတွက် မသုံးဘူး။ ခွဲစိတ်တာ၊ ဆေးပေးတာ နဲ့ ဓါတ်ကင်တာ တွဲလုပ်ရတာတွေလဲရှိတယ်။
• Targeted drug therapy ဆေးပေးနည်းတမျိုးလဲရှိတယ်။ ရောဂါ နောက်ပိုင်းရောက်နေသူတွေအတွက် Bevacizumab (Avastin), Cetuximab (Erbitux) and Panitumumab (Vectibix) ဆေးတွေကိုသုံးတယ်။
• Radiofrequency Ablation (RFA) နည်းဆိုတာ CT scan သုံးပြီး အပူလှိုင်းသုံးပြီး ကင်ဆာအကျိတ်ကို ဖျက်ဆီးပေးတယ်။ ခွဲစိတ်မရတာမျိုးကို လုပ်ပေးတယ်။ အသဲကိုရောက်နေသူဆိုရင် (RFA) နည်းနဲ့ Chemotherapy နည်းတွဲလုပ်မယ်။

ဘယ်လောက်ကြာကြာ နေနိုင်မလဲ
• ရောဂါ ဘယ်လောက်စေစောသိသလဲ။ ဘယ်အတိုင်းအတာအထိ ကုသမှုခံယူသလဲအပေါ်မူတည်တယ်။
• အူမကြီးနံရံမှာသာဖြစ်နေသူက ခွဲစိတ်ကုသမှုခံယူလိုက်ရင် အသက်ကြာကြာရှင်ဘို့ ၈ဝ% ရှိမယ်။
• နောက်ကျမှသိရ-ကုရသူဆိုရင် ၅ နှစ်သက်တမ်းနေနိုင်မှု ၁ဝ% ရှိမယ်။
• ကင်ဆာက တက်စေ့တွေအထိ ရောက်နေသူတွေမှာ ၅ နှစ်သက်တမ်းနှုန်း ၆၅% ရှိတယ်။
• တခြားအင်္ဂါတွေအထိ ရောက်နေသူတွေမှာ ၈% ရှိတယ်။
• နောက် လေ့လာမှုတခုအရ အဆင့် (၁) = ၅ နှစ်သက်တမ်းရှည်နှုန်း ၇၄%၊ အဆင့် (၄) = ၆%၊

အူမကြီးကင်ဆာ ဘယ်လိုကာကွယ်မလဲ
• ဖဲကြိုးပြာဟာ ဒီရောဂါအတွက် သတိပေးချက်ဖြစ်တယ်။
• အူမကြီးကင်ဆာက Warning Signs သတိမပေးတတ်ပါ။ စောစောသိအောင်လုပ်ပါ။
• Digital rectal examination စအိုလမ်းကို စမ်းသပ်ခြင်း နဲ့ Stool occult blood test ဝမ်းထဲမှာ မျက်စိနဲ့ မမြင်ရတဲ့သွေး ပါနေ-မနေ စစ်ဆေးတာ လုပ်ရမယ်။ ဝမ်းထဲမှာ အဲလိုစစ်မှ သွေးတွေ့သူတွေထဲက ၃ဝ-၄၅% ဟာ Colon polyp အသားပိုအဆင့် နဲ့ ၃-၅% ဟာ Colon cancer ကင်ဆာ ရှိနေတာ တွေ့ရတယ်။
• Stool occult blood အပေါင်းပြသူတွေကို Barium enema x-rays, Colonoscopies တွေဆက်လုပ်ရမယ်။
• ဝမ်းထဲသွေး ပါ-မပါစစ်လို့ အနုတ်ပြတိုင်းလဲ ကင်ဆာ မရှိဘူးလို့ အသေအခြာ မပြောနိုင်သေးဘူး။ ၂ဝ% လောက်မှာ အဲလိုဖြစ်တယ်။
• ဝမ်းသွေးစစ်တာ အောင်ပေမဲ့ ဖြစ်နိုင်ခြေစာရင်းထဲပါနေသူတွေကို Flexible sigmoidoscopies or Colonoscopies တွေပါ လုပ်သင့်တယ်။
• အသက် ၅ဝ ကျော်ရင် ၃-၅ နှစ်တခါလုပ်ဘို့ လမ်းညွှန်တယ်။
• Genetic counseling and testing မျိုးဗီဇစစ်ဆေးနည်းတွေ အသစ်ပေါ်လာပြီ။ သွေးစစ်တာပါ။ FAP, AFAP, MYH, and HNPCC တွေရှိသူတွေကို Hereditary colon cancer syndromes လို့ခေါ်တယ်။
• Diet and colon cancer အူမကြီးကင်ဆာနဲ့ အစားအစာ
- အဆီလျှော့ပါ။ အသား၊ ဥ၊ နို့ထွက်အစားအစာတွေ၊ စားသုံးဆီတွေကနေ ရတာတွေကို လျှော့ပါ။
- Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အဖြူဆွတ်နေအောင် လုပ်မထားတဲ့ ဆန်-ဂျုံမှုံ့တွေနဲ့ လုပ်တဲ့ အစာတွေက ရတယ်။ (ဖိုက်ဘာ) က ကျေချက်-ပျော်ဝင်မသွားနိုင်ဘူး။ ဝမ်းထဲမှာ အတိုင်းသားလို ပါနေမယ်။ အစာထဲက Potential carcinogens ကင်ဆာဖြစ်စေနိုင်တာတွေကို ဖယ်ထုတ်ပေးမယ်။ ဝမ်းသွားလွယ်စေလို့ အဲလိုဓါတ်တွေ အထဲမှာ ကြာကြာမနေစေနိုင်ဘူး။
- အစားအစာ ဆင်ခြင်တာကြောင့် အူမကြီးကင်ဆာဖြစ်မှာကို ၄၅% သက်သာစေမယ်။
- Exercise ကိုယ်လက်လှုတ်ရှားနေသူတွေက အူမကြီးကင်ဆာဖြစ်မှာကို ၂၄% သက်သာစေမယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/colorectal-cancer.html


Healthy Life

253 Blog posts

Comments