UTI in children ကလေးတွေဆီးလမ်းပိုးဝင်ခြင်း

ဆရာရှင့် ကျွန်မသားလေး ဒီနေ့ပဲ အသက်တနစ်နဲ့နှစ်လပြည့်ပါတယ်။ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး သားလေး ဆီးနည်းနည

UTI in children ကလေးတွေဆီးလမ်းပိုးဝင်ခြင်း

ဆရာရှင့် ကျွန်မသားလေး ဒီနေ့ပဲ အသက်တနစ်နဲ့နှစ်လပြည့်ပါတယ်။ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး သားလေး ဆီးနည်းနည်းကို အကြိမ်များများသွားပြီး ဆီးသွားဝမ်းသွားတိုင်း ကျင်သလိုတုန်ခါသွားတတ်ပါတယ်။ ကောင်းသွားမှာပါ ဆိုပြီး စောင့်ကြည့်တာ အခုထိမသက်သာသေးတာမို့ ကလေးအထူးကုဆီသွားလိုက်ပါတယ်။ ဆရာဝန်မကြီးက ဆီးလမ်းကြောင်းပိုးဝင်တာလို့ပြောပြီး သောက်ဆေးတမျိုးပေးလာပါတယ်။ 5 ml တရက် နစ်ကြိမ် တပါတ်တိုက်တဲ့။ ကျွန်မသိချင်တာက ဒီအရွယ်ကလေးငယ်တွေ ဆီးလမ်းကြောင်းပိုးဝင်တတ်ပါသလား။ ဘာကြောင့် ဖြစ်တတ်ပါသလဲ။ ဘယ်လိုသတိထားရှောင်ရပါမလဲ။ diaper သုံးခြင်းနဲ့လဲသက်ဆိုင်ပါသလား။ ကျွန်မသားလေးကို ညတိုင်းသုံးပေးပါတယ်။ ပေါင်ဒါ ပေါင်ကြား ဖြူးပေးတာကလဲဖြစ်တတ်ပါသလား။ ဆရာအချိန်ရရင် ဗဟုသုတအနေနဲ့ မှတ်သားထားချင်လို့ ပြန်ဖြေပေးပါနော်။ ကလေးအထူးကုသမားတော်ကို ဘာလို့ဒီမေးခွန်းတွေ မမေးလဲလို့ ဆရာ တွေးနေမိမယ်ထင်ပါတယ်။ ဆရာမကြီးက ကလေးတယောက်ကို ငါးမိနစ်ပဲအချိန်ပေးပါတယ်ရှင်။ ဆရာ့ကို အမြဲရိုသေလေးစားလျက်ပါ။

ကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ခပ်သင့်သင့်အဖြစ်များတယ်။ ဗက်တီးရီးယားကနေဖြစ်စေတယ်။ သုံးနေကြ ပိုးသေဆေးနဲ့ရတယ်။ ထပ်ထပ်ဖြစ်တာဆိုရင်တော့ ဆီးလမ်းမှာချို့ယွင်းချက်ရှိနေသလား စစ်ရမယ်။ ဆီးလမ်းပိုးဝင်ရင် နာမယ်၊ ဆီးခဏခဏသွားမယ်၊ သွားချင်ရင်အမြန်သွားချမယ်။ ကိုယ်ပူနိုင်တယ်၊ ဆီးစပ်နေရာနာနိုင်တယ်။ အန်နိုင်တယ်။

ဆီးလမ်းကြောင်းဆိုတာ အထက်ဆုံးကနေစရင် ကျောက်ကပ်၊ ဆီးဆင်းပြွန်၊ ဆီးအိမ်နဲ့ ဆီးထွက်ပြွန်ဖြစ်တယ်။ နေရာတိုင်းမှာ ပိုးဝင်နိုင်တယ်။ အများအားဖြင့် အောက်ဆုံးထွက်ပေါက်ကနေ အထက်တက်လာတယ်။ ဆီးအိမ်မှာ ဖြစ်တာက အများဆုံး။ အသက် ၅ နှစ်ကလေး မိန်းကလေးတွေမှာ ၈% နဲ့ ယောက်ျားလေးတွေမှာ ၁-၂% ဖြစ်တယ်။ မိန်းကလေးတွေမှာ ဆီးထွက်ပေါက်နဲ့ ဆီးအိမ်ကြားလမ်းကတိုလို့ဖြစ်ရတယ်။

ဆီးလမ်းမှာ မွေးရာပါချို့ယွင်းချက်ရှိသူ၊ အညစ်အကြေးစွန်းတာမှာလိုအပ်ချက်ရှိသူ၊ မိသားစုရာဇဝင်ရှိသူ၊ သုံးတဲ့ဆပ်ပြာ စတာမှာ အဆင်မပြေတာပါနေသူတွေမှာ ပိုဖြစ်နိုင်တယ်။ ယောက်ျားလေးတွေဆိုရင် ပန်းငုံနေသလားကြည့်ပါ။ ပန်းအဖျားထိပ်ကလေးကို အရေပြားက လုံးလုံးဖုံးမနေရပါ။ ဆီးကောင်းကောင်းသွားနိုင်အောင် ပွင့်နေရမယ်။ ဆီးသွားလို့ ကလေးငိုရင်စစ်ပါ။ ခွဲသင့်တဲ့အချိန်မှာခွဲရမယ်။ စာသပ်သပ်ရေးထားပါတယ်။

ဒိုင်ယာပါကို အကြိမ်ရေများလဲပေးသင့်တယ်။ အရွယ်အရ ကလေးတွေ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်အောင်သင့်ပေးပါ။ မိန်းကလေးတွေ ဆီးသွားပြီးတိုင်းရေဆေးစေပါ။ အဲလိုနေရာကို သန့်ရှင်းရေးလုပ်ရင် လူကြီးရော ကလေးပါ လက်ကို ရှေ့ကနေ နောက်ဖက်ဆီကိုသာ တလမ်းသွးလုပ်ပါစေ။ ဆပ်ပြာစတာတွေကို အရိုးရှင်းဆုံးသာသုံးပါ။ စိုနေတာကို အဝတ်မဝတ်မီ ခြောက်သွေ့စေပါ။ အတွင်းခံကို သဘာဝထွက်ခြည်အမျိုးမစားသာသုံးပါ။ ဆီးကိုကုန်အောင်သွားစေပါ။

ကလေးငယ်လေးတွေက မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ။ ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့ မကောင်းဖြစ်မယ်၊ အစားပျက်မယ်၊ အန်မယ်၊ အမူအယာ တမျိုးဖြစ်မယ်။ ၁၁ နှစ်သမီးတွေ ၃% နဲ့ ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။ အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။ တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်း အားနည်းချက် ရှိနေနိုင်တယ်။ ရေအိမ်သွားနည်း သင်ထားပေးပါ။ ရေ-အရည်များများသောက်ပါ။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။

ပဋိဇီဝဆေးနဲ့ပျောက်တယ်။ ဆေးတမျိုးမျိုးကို ၃ ရက် ပေးပါ။ ပြန်ပြန်ဖြစ်နေရင် ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၁။ Amoxicillin/clavulanate (Augmentin) 25 to 45 mg per kg per day တနေ့ ၂ ကြိမ်။ ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ပျို့-အန်၊ အနီုပြင်ထွက်၊
၂။ Cefixime (Suprax) 8 mg per kg တနေ့ ၁-၂ ကြိမ်။ ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ဗိုက်အောင့်၊ အနီုပြင်ထွက်၊
၃။ Cefpodoxime 10 mg per kg per day တနေ့ ၁ ကြိမ်။ ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ဗိုက်အောင့်၊ အနီုပြင်ထွက်၊ ပျို့၊
၄။ Cefprozil (Cefzil) 30 mg per kg per day တနေ့ ၂ ကြိမ်။ ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ဗိုက်အောင့်၊ အနီုပြင်ထွက်၊ ပျို့၊
၅။ Cephalexin (Keflex) 25 to 50 mg per kg per day တနေ့ ၂-၄ ကြိမ်ခွဲတိုက်။ ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ဗိုက်အောင့်၊ အနီုပြင်ထွက်၊ ပျို့၊
၆။ Trimethoprim/sulfamethoxazole (Bactrim, Septra) 8 to 10 mg per kg per day တနေ့ ၂ ကြိမ်။ ဘေးထွက်ဆိုးကျိုး = ဝမ်းပျက်၊ ဗိုက်အောင့်၊ အနီုပြင်ထွက်၊ ပျို့၊

Dr. တင့်ဆွေ
၂၇-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/uti-in-children.html


Healthy Life

253 Blog posts

Comments